မှော်ဆရာ နှင်တံ ပျောက်နေသည်။

ေမွာ္ဆရာSeptember 11, 20111min019

မှော်ဆရာ အွန်လိုင်းကမ္ဘာသို့ မရောက်ဖြစ်သည်မှာ ကြာပြီ။လိုင်းမကောင်းတာလဲ ပါသည်။ ဘာရေးရမှန်း မသိတာလဲ ပါသည်။ ထို့ကြောင့် မရောက်ဖြစ်သော နေ့တွေ များလာသည်။
ဘာရေးရင် ကောင်းမလဲ စဉ်းစားရသည်။ ရေးစရာ ရှာမတွေ့ ။သူများတွေရေးသွား၍ ကုန်ပြီ။ ကော်ပီတော့ မရေးချင်။ သိက္ခာကျသည်။
ဒေါ်လာဈေးကျတဲ့ အကြောင်းရေးရင် ကောင်းမလား..ဒါကလဲ ကိုယ်နဲ့ဘာမှမဆိုင် ။မှော်လောကနှင့် ဒေါ်လာ လားလားမှ အပ်စပ်သည် မဟုတ်။ကိုယ်မကိုင်နှိုင်သော ဒေါ်လာအတွက် အချိန်ကုန်ခံပြီး ရေးမနေချင်တော့။ကိုယ့်မှာ ရှိတဲ့ 200 တန်လေးတောင် မပြဲအောင် တိပ်နဲ့ ကပ်သုံးနေရသည့် ဘဝက မလွတ်သေး၍ ဒေါ်လာအကြောင်း ရေးရင်လဲ ရေးရုံသာရှိမည်။ဒါပေမယ့် မသိတာတစ်ခုတော့ မေးချင်မိသည်။ ဟိုးအရင် ဒေါ်လာရွှေခေတ်တုန်းက ကွန်ပျူတာ ပစ္စည်းတစ်ခုခု ဝယ်မယ်ဆိုလျှင် ဒိနေ့ ဒေါ်လာဈေးက ဘယ်လောက်ဆိုတော့ဟုဆိုကာ ဂဏန်းပေါင်းစက်တကိုင်ကိုင်နှင့် တဒေါက်ဒေါက်နှိပ်တပ်သော အရောင်းစာရေးမလေးများ ယခုအခါ တွက်မနေတော့ပဲ မြန်မာငွေ ဘယ်လောက်ကျပါတယ်ရှင်ဟု ဘာကြောင့် တန်းပြောကြတာလဲဆိုတာ စဉ်းစားမိသည်။ဒေါ်လာဈေးကျပေမယ့် ကွန်ပျူတာပစ္စည်းတွေ ဈေးမကျတာ ဘာကြောင့်လဲဆိုတာကတော့ မှော်ဦးဏှောက်နှင့်ပင် တွက်ချက်မရတဲ့အခါ စဉ်းစားမနေချင်တော့ ..တော်ပြီ ဒေါ်လာအကြောင်းလဲ မရေးချင်တော့ဘူး.
ပထမနှစ်ကျောင်းသူလေး အင်းစိန်ထောင်တဲရောက်နေသည့် အကြောင်းရေးရင် ကောင်းမလား စဉ်းစားမိပြန်သည်။ဒါကလဲ မဖြစ် ။ ငွေခိုးလို့ဆိုပြီး တိုင်တဲ့သူရှိလို့ ကျောင်းသူလေးကို ရဲက ခေါ်စစ်တဲ့အကြောင်းက သိပ်မထူးဆန်း ။ ဒါပေမယ့် ရိုးရိုးစစ်ရုံမက ““မင်းက ဒီလောက်အိပ်ရေးပျက်တာတောင် မျက်နှာလေးပဲချောင်တယ်။ကျန်တဲ့ဟာတွေက ပြည့်ပြည့်တင်းတင်းလေးနော်“တို့ ၊“ဒီအမှုမှာနင်ရှံးရင် နင်ငါ့ကို ယူရမယ်။နင်နိုင်ရင်တော့ နင်ငါ့ကို ယူ““တို့ ဘာတို့ပြောပြီး ရဲတွေက စစ်တာကတော့ နဲနဲထူးခြားသည်။
ဒါကလဲပဲ တခြားသတင်းဌာနတွေမှာ ပါပြီးသားပါလေ ကိုယ်ရေးလဲ ဘာမှ ပိုထူးခြားမှာမဟုတ်ပါ။ရဲနဲ့ပါတ်သက်တာတွေကိုလဲ မှော်ဆရာ သိပ်မရေးချင်။ရဲဆိုလျှင် သူရဲတောင်ကြည့်ရဲတဲ့မှော်ဆရာ မဟုတ်။ကြောက်တတ်သည်။
ကွန်နက်ရှင်ကျကျနေတဲ့အကြောင်း ရေးရင်ကော ။ ဒါကလဲ မြန်မာအသင်း ဘောလုံးပွဲရှံးတဲ့ သတင်းမျိုးလိုပဲ ဆိုတော့ ဘာမှမထူးခြား။မှော်ဆရာက ဝမ်းရေးအတွက် အင်တာနက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားသည်။ဖြစ်ချင်တော့ မှော်ဆရာ့ဆိုင်မှာ gtalk တက်တာ မိနစ် 20 လောက်ကြာနေတော့ ခက်ဖွယ် ကြုံရသည်။ကြာလာလျှင် မှော်ဆရာ ရေသောက် ဗိုက်မှောက်နေရကိန်း ဆိုက်နှိုင်သည်။ ဒါကြောင့် ကျွန်တော်တို့ RSP ကြီးကို သွားပြောရတော့ gtalk ကို ဆာဗာ ဆိုတာကြီးကကို ပိတ်ထားလို့ဟု ဆိုလိုက်သည်။ ဆာဗာဆိုတာကြီးလဲ မှော်ဆရာက လူခြင်းမတွေ့ဖူးတော့ မမေးကြည့်လိုက်ရ။ဟုတ်ကဲ့ပါခင်ဗျာ ဆိုကာ ပြန်လှည့်လာရသည်။meebo တို့ imo တို့ကို အားကိုးပြီး ဆိုင်ထဲ ဝင်လာသမျှလူကိုသာ သွားအအေးပတ်မတတ် ပါးစပ်ဖြဲပြနေရသော မှော်ဆရာ့ဘဝ ၊ နောက်တစ်ခါ ဆာဗာဆိုတဲ့ကောင်ကို တွေ့ရင် အသေပဲဟုသာ စိတ်ထဲက ကြုံးဝါးနေရသည်။
ဒါဆို ဘာရေးရင် ကောင်းမလဲ၊ ဟိုတစ်ခါလို စပိုင်ကင်မရာများအကြောင်းတော့ သေတောင်မရေးဟု တွေးမိပြန်သည်။အသင်းဝင်ဖြစ်ရေးအတွက် ကင်မရာတကိုင်ကိုင်နှင့် မိန်းကလေးတွေ အထိုင်အထတောင် ရဲရဲမလုပ်ရဲအောင် လက်စွမ်းပြနေကြသော လူစွမ်းကောင်းများအကြောင်း တစ်ခါရေးမိပါသည်။နင့်အပူလားဟု ဝိုင်းပညာပြကြသည်တွင် မှော်ဆရာ တပ်လန် ပြန်ပြေးလာရသည်။သူကြီးကလဲ အေးပြီးရော ပိုစ့်ကိုပါ ပိတ်ချလိုက်သည်။မှော်ဆရာတောင် အမှုတွဲထဲမပါအောင် မနည်းလွတ်အောင် ပြေးလာရသည်။ တော်ပြီ တော်ပြီ ဒီသတင်းမျိုး နောက်တစ်ခါ မရေးတော့။ကြည့်သောသူ မြင်၏။ ပြသောသူ ကုသိုလ်ရ၏ သဘောထားလိုက်သည်။
စဉ်းစားရင်းခေါင်းရှုပ်လာသည်။ ဒီကြားထဲ ညဏ်မကောင်းပါဘူးဆိုမှ ညဏ်စမ်းတွေလာလာမေးတတ်သော ဂျဲသုကို သတိရမိပြန်သည်။ သူကဖြေကြပါဆိုပြီး သူသိပြီးသား သူများမသိသေးတာတွေ လာလာမေးတတ်သည်။အိုဗာတင်း မှန်မှန်သောက်နှိုင်သော ဝေဝေတို့ ဆူးတို့ ကြောင်ကြီးတို့အတွက် အခက်အခဲမဟုတ်။မွေးကတဲက အခုအချိန်အထိ သိပ်မသုံးရသေးလို့ အသစ်နီးပါးဖြစ်နေသော ဦးဏှောက်ပိုင်ရှင် မှော်ဆရာလိုလူမျိုးကို သူအားနာဖို့ကောင်းသည်။သူကတစ်ခုဖြေနှိုင်လဲ နောက်တစ်ခု ထပ်ထပ်မေးလွန်းတော့ အဲဒိ့ဦးစံရှား လူရိုင်းရွာမှာတဲက လူသတ်စင်ပေါ်မှာ သေသွားရင် အေးတာပဲဟုတောင် ထင်မိသည်။ နောက်တစ်ခါ ဦးစံရှား လျှောက်သွားရင် မှတ်ပုံတင်စစ်တတ်သော လဝက များနှင့် တွေ့ပါစေဟု ဆုတောင်း၏
အသိပညာပေး ကြွက်ပြေးနည်းတွေဘာတွေ ရေးရင်ရော ၊ ကြွက်ပြေးအောင် အိမ်မှာ မြွေပွေး မွေးပါဆိုပြီးလေ။တော်ကြာ အိမ်တိုင်ရာရောက် မြွေပွေးလာပို့ပါဆိုပြီး ကြွက်ပေါသောအိမ်မှ အမှာစာရောက်ရင် ခက်ချေမည်။မြွေပွေးဆိုတာ ဘယ်မှာလိုက်ဖမ်းရမှန်းသိတာမဟုတ်။ တော်ကြာ မြွေပွေးခါးပိုက်ပိုက်သလို ဖြစ်မှ ဒုက္ခ ။ခါးပိုက်ပိုက်တာ အကြောင်းမဟုတ် မတော်ရာကို ကိုက်လိုက်မှာကို မှော်ဆရာ သိပ်ကြောက်သည်။ဆေးကုလို့ လွယ်မှာမဟုတ်။(ပေါင်တို့ ဘာတို့ကို ကိုက်မှာ စိုးတာပါ)
ဒါကြောင့် ဒီနေ့ ဘာမှ မရေးတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။အိပ်လဲအိပ်ချင်သည်။ပျင်းလဲ ပျင်းသည်။ ဘာမှ မရေးတာပဲ ကောင်းသည်။
““ မှော်ဆရာ နှင်တံ ပျောက်နေသည်။ ””

19 comments

  • မီးမီး သော်

    September 11, 2011 at 11:27 pm

    ပြေးရာမှတရေးနိုးပေါ်လာသော မှော်ဆရာလက်ချက်ကြောင့် ပိုအိပ်ချင်သွားပါပီ ဝါးးးးးး အိပ်ပါပီ။ဝင်ဖတ်သွားပါတယ် မှော်ဆရာရေ. ကျန်းမာပါစေ။

    Reply

  • ကြောင်ကြီး

    September 12, 2011 at 12:56 am

    နှင်တံဆို
    ရင်ခံလို့
    ဖင်လန်တောင်
    မသွားလို..
    အင်္ဂလန်မှာ
    ဘင်သံဟာ
    လျင်မြန်တာမို့
    (မှော်ဆရာရေ)
    ခက်သွက်သွက်လှမ်း..။

    Reply

  • kai

    September 12, 2011 at 1:23 am

    Magic Wang ကို နှင်တံခေါ်တယ်လား..။
    နွားမောင်းတဲ့.. အတံလည်း.. နှင်တံမို့.. နည်းနည်းဂုဏ်တက်အောင် နာမယ်လေးပြင်ကြည့်ပါဦး..။
    မသကာ.. မှော်ချောင်း..။ မှော်တံ..။ အင်းတံ။ ခလှဲ့တံ၊ လက်ဖွဲ့တံ၊ ??? 🙂

    Reply

    • windtalker

      September 12, 2011 at 1:23 pm

      ရေးစရာ များ ရှားလို ့
      ဟိုတစ်ခါ က ညမင်းသား
      ဒီတစ်ခါ ညမင်းသမီး ဆိုပြီး
      ထပ်တင်ပေါ့
      ဒါမှ မဟုတ်
      ပြီးခဲ့တဲ့ ညမင်းသား တွေ နဲ ့
      အကြောင်း ကို
      ဖြေရှင်းချက် တစ်ခု ရေးပေါ့
      လွယ်လွန်းလို ့
      ခက်နေတယ်
      ဟွန်း……

      Reply

  • thit min

    September 12, 2011 at 1:34 am

    မှော်တောင်ဝှေးပေါ့ဗျာ။
    မှော်တုတ်တော့မလုပ်နဲ့တော့ဗျို့
    တုတ်ဆိုတော့ဟိုထိုးဒီထိုးရှိတတ်တော့
    ဟိုတခါရာဇဝတ်အိုးတုတ်နဲ့ထိုးသလိုဖြစ်သွားလို့
    အပြာရောင်သိုင်းသမားတွေရွာထဲလိုက်လာကြတာရွာကိုဆူရောကလား။

    Reply

  • MaMa

    September 12, 2011 at 8:26 am

    မှော်ပညာနဲ့ မှော်ဆရာ ရေးစရာမလိုပဲ စိတ်ထဲရှိတာတွေ ပေါ်လာတာ ဖြစ်ရမယ်။ အော် ကောင်းလေစွတကား။

    Reply

  • nature

    September 12, 2011 at 8:36 am

    Magic Wang ဆေးတောင်ဝှေး ၊ လိုတရတောင်ဝှေး ၊ ဆေးကြိမ်လုံးလို့ခေါ်ရင်ပိုကောင်းမလား။

    Reply

  • pan pan

    September 12, 2011 at 10:07 am

    ရေးစရာမရှိတာတောင် မှော်ပညာသုံးပြီးရေးလိုက်တာလား
    မရေးဘူးဆိုတာာကိုက ရေးစရာဖြစ်နေတာလား
    ဘာပဲဖြစ်ဖြစ် ပြန်အိပ်တာပဲကောင်းပါတယ်

    Reply

  • ဂျဲသု

    September 12, 2011 at 10:16 am

    သူကိုင်တဲ့တုတ် သူခေါ်ချင်သလိုခေါ်ပါစေဗျာ။

    Reply

  • manawphyulay

    September 12, 2011 at 11:04 am

    နှင်တံက စုံးမကြီး ယူသွားတာ တွေ့လိုက်တယ်လေ… တံမျက်စည်း စီးပြီး လိုက်ရှာလိုက်လေ….. 😛

    Reply

  • hmee

    September 12, 2011 at 2:37 pm

    ရေးစရာ မရှိပေလို့ စုံနေအောင် ပြောသွားတာ ရေးစရာများ ရှိလို့ ကတော့မလွယ်ဘူး။ 🙂

    Reply

  • Shwe Ei

    September 12, 2011 at 3:41 pm

    မှော်ဆရာ အိမ်မက် မက်နေတာများလား။ 😉

    Reply

  • alinsett

    September 12, 2011 at 4:07 pm

    ဘာရေးရမှန်းမသ်ိလို ့ပဲ..နော်။
    ဖတ်ရတာ မျက်စိတောင် ညောင်းသွားတယ် ။

    Reply

  • မှော်ဆရာ

    September 12, 2011 at 5:04 pm

    ဘာရယ် မဟုတ်ပါဘူး ပျင်းပျင်းရှိလို့ ရေးကြည့်တာပါ
    စိတ်ရှည်လက်ရှည် ဖတ်ပေးလို့ ကျေးဇူးအထူးပါ

    Reply

  • ဆူး

    September 12, 2011 at 8:07 pm

    မှော်ဆရာ မှော်ပညာ မတတ်သေးရင် သင်တန်းတတ်လို့ ရအောင် လိပ်စာပေးလိုက်မယ်။
    ကိုယ်တိုင်သာ သွားတက်ပေတော့။
    ပညာစုံအောင် သင်လာခဲ့။
    http://myanmargazette.net/43235/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news

    Reply

  • padonmar

    September 12, 2011 at 9:15 pm

    မှော်ဆရာက နှစ်မွှာအသည်းရုပ်ရှင်ထဲက ဒေါ်မြလေးကို အားကျတယ်ထင်ပါရဲ့၊
    ပြောကိုမပြောချင်ဘူးမိစန္ဒာ ဆိုသလိုဘဲ၊ 😀

    Reply

  • မှော်ဆရာ

    September 12, 2011 at 9:43 pm

    အော် ခက်ပါ၏ ပဒုံမာရယ်
    ဘာမှ မရေးချင်လို့ မရေးချင်တာလေးမှ မပြောရဘူးလားကွယ်
    ခဏနေဦး ဆူးပေးတဲ့ သင်တန်းကို သွားလေ့လာလိုက်မလို့…

    Reply

Leave a Reply

Your email address will not be published.