မြန်မာ့လေကြောင်းလိုင်းမှ စင်းလုံးငှားခရီးစဉ်များ တိုးချဲ့ငှားရမ်းမည်

klnMay 14, 20101min00

မြန်မာ့လေကြောင်းလိုင်းမှ စင်းလုံးငှားခရီးစဉ်များ တိုးချဲ့ငှားရမ်းမည် လေကြောင်းပို့ဆောင်ရေးမှ လေကြောင်းစီးပွားရေးအဖြစ်သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်

Union of Barmar Airways (UBA) အမည်ဖြင့် ၁၉၄၈ စက်တင်ဘာလ ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်းသည် ယခုနှစ်တွင် ပြေးဆွဲသည့် သက်တမ်း ၆၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် လေယာဉ်သစ်များဝယ်ယူမည့်အစီအစဉ်ရှိခဲ့ရာ ယခုအခါတွင် လေယာဉ်သစ်သုံးစင်းကို ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ လေယာဉ်သစ်သုံးစင်းမှာ MA 60 အမျိုးအစားလေယာဉ်များဖြစ်ပြီး ပျံသန်းထားခြင်းမရှိသေးသည့် Time since New(TSN 0)လေယာဉ် သစ်များဖြစ်ပြီး ခရီးသည်(၅၀)ဦးဆန့်ကြောင်း သိရသည်။ မြန်မာ့လေကြောင်းလိုင်းတွင် ATR 72 နှစ်စီး၊ ATR 42 တစ်စင်း၊ ဖော်ကာ F 28 ဂျက်သုံးစင်း စသည်ဖြင့် လေယာဉ်စုစုပေါင်း(၈)စင်း ရှိနေရာမှ MA60 လေယာဉ်သစ်သုံးစင်းဖြင့်ဆိုပါက စုစုပေါင်းလေယာဉ်(၁၁)စင်း ရှိသွားမည်ဖြစ်သည်ဟု လေကြောင်းလိုင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယခုနှစ်အတွင်း လေယာဉ် သစ်များဖြင့် ခရီးစဉ်များပြေးဆွဲသွားရန်ရှိပြီး စင်းလုံးဌားခရီးစဉ်များကိုပါ တိုးချဲ့ဌားရမ်းသွား မည်ဖြစ်ကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးမှ လေကြောင်းဆိုင်ရာ စီးပွားရေးအဖြစ်သို့ ပြောင်းလဲ ဆောင်ရွက်သွားနိုင်ရန် ပိုမိုရည်ရွယ်နိုင်ပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူတစ်ဦးကဆိုသည်။ လေကြောင်းဆိုင်ရာ စီးပွားရေးလုပ်ငန်း(၁၄)ချက် ရှိသည့်အနက် အလုံးစုံလုပ်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း မြန်မာ့လေကြောင်းလိုင်းမှ ခရီးသည်ပို့ဆောင်ခြင်း၊ မြေပြင်ဝန်ဆောင်မှုပေးခြင်း၊ လေကြောင်းဆိုင်ရာ အတတ်ပညာရှင်များ မွေးထုတ်နိုင်ခြင်း၊ စင်းလုံးဌားရမ်းဝန်ဆောင်မှုပေးခြင်း စသည်တို့ပြုလုပ်လျက်ရှိပြီး ယခုအခါတွင် အဆိုပါဝန်ဆောင်မှုပေးခြင်းများကို ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ မြန်မာ့လေကြောင်းလို်င်းသည် ပုဂ္ဂလိကပြည်တွင်းလေကြောင်းလိုင်းများသို့ လေယာဉ်၊ လေယာဉ်နည်းပြဆရာ၊ လေသူရဲ၊ အင်ဂျင်နီယာများကိုလည်း ဌားရမ်းအကူအညီပေးခြင်း များရှိကြောင်းကို ၂၀၁ဝ ခုနှစ် မေလ၁၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.