( Learning to knowledge with blogging) ( ဘလော့ဂ်ရေးခြင်းနှင့် အသိပညာလေ့လာမှုဆီသို့ )

manawphyulaySeptember 10, 20111min04

ဒီကနေ့မှာ လုပ်တဲ့ဟောပြောပွဲရဲ့ ဟောပြောချက်လေးကို ပြန်လည်တင်ပြလိုက်ရပါတယ်။

ဒီကနေ့ MBS ၅ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ပြောခဲ့တဲ့ အကြောင်းလေးကို မတက်ရောက်ဖြစ်တဲ့ သူတွေ အတွက် ပြန်လည်ဖော်ပြ ပေးခြင်းဖြစ်ပါတယ်။

ဖိုးသူတော်

၁၀.၉.၂၀၁၁

ဘလော့ဂ်ဂင်းနှင့်စာဖတ်ခြင်း

( Learning to knowledge with blogging) ( ဘလော့ဂ်ရေးခြင်းနှင့် အသိပညာလေ့လာမှုဆီသို့ )

မင်္ဂလာပါခင်ဗျာ။ ကျနော်က မိုင်သော့မိုင်ဘလော့ (My Thought My Blog ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့ဂ်ရေးတဲ့ ဖိုးသူတော်ဖြစ်ပါတယ်။ ဘလော့ဆိုတာ မိမိအတွေး မိမိအမြင်တွေကို သူသူငါငါ အများကို ချပြတဲ့ အင်တာနက်ပေါ်က စာမျက်နှာများဆိုတော့ သူသူကိုယ်ကိုယ် ဖတ်ကြမှာပဲဖြစ်ပါတယ်။ ဒီလို ချပြတဲ့အခါမှာ မိမိကိုယ်ပိုင်အတွေးအခေါ်အယူအဆ တွေပါသလို၊ လူလောကမှာ နာမည်ကြီးတဲ့ လူတွေရဲ့ အတွေးအခေါ်အယူအဆတွေလည်း ပါပါတယ်။

မိမိအတွေးအခေါ်အယူအဆတွေ ရှင်သန်ကြီးထွားဖို့ တခုတည်းသော လေ့လာအားထုတ်မှုက စာဖတ်ခြင်းပဲဖြစ်ပါတယ်။ ထိုအတူ သူများတွေရဲ့ အတွေးအခေါ်အယူအဆတွေကို သိရှိနိုင်ဖို့ကလဲ စာဖတ်ခြင်းဖြစ်ပါတယ်။ စာဖတ်ခြင်းဆိုရာမှ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေ ဖတ်ရှုသလို တိုးတက်လာတဲ့ အင်တာနက်ဝက်ဘ်စာမျက်နှာပေါ်က ကောင်းနိုးရာရာ စာပေသတင်းတွေလဲ ပါဝင်ပါတယ်။

ကျနော့်အမြင်အရတော့ ဘလော့ဂ်ကောင်းကောင်းရေးတတ်သူတွေဟာ စာကောင်းကောင်းဖတ်တတ်တဲ့သူတွေပဲ ဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂ်ဂါမှမဟုတ်ပါဘူး။ မည်သူမဆို စာတတ်သူတိုင်း စာဖတ်ရမယ်ဆိုတာ အားလုံးသိပါတယ်။ ခုနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာတဲ့ လူငယ်တွေ စာမဖတ်ကြဘူးဆိုတဲ့ အကြောင်းကိုပါ ကျနော် ထည့်သွင်းပြောကြားသွားပါမယ်။

ဘလော့ဂ်တခု ဖန်တီးပြုလုပ်ရမှာ ဘလော့ဂ်ပိုင်ရှင်ရဲ့ ဘဝအတွေ့အကြုံ၊စာပေဖတ်ရှုခြင်းက ရတဲ့ အတွေးအမြင် စတာတွေဟာ အလွန်အရေးကြီးပါတယ်။ ၁၆ နှစ်သားလုပ်တဲ့ ဘလော့ဂ်တခုနဲ့ ၂၆ နှစ်သားလုပ်တဲ့ ဘလော့ဂ်တခုဟာ ဘဝအတွေ့အကြုံအရတော့ မတူနိုင်ပါဘူး။ ဒါပေမဲ့ စာပေဖတ်ရှုလေ့လာမှုအားကတော့ သူမသာကိုယ်မသာပဲ ဖြစ်ပါလိမ့်မယ်။ သူကတော့ ငယ်လို့၊ ငါကတော့ ကြီးလို့ ဆိုတာမျိုးမဟုတ်ဘဲ သူဘာစာတွေဘယ်လောက်ဘယ်လိုဖတ်တယ်၊ ငါဘာစာတွေ ဘယ်လောက်ဖတ်လဲဆိုတာနဲ့ ဆိုင်သွားပါပီ။ ဆိုလိုချင်တာက စာများများဖတ်တဲ့သူက ခေါင်းတလုံးသာတယ်လို့ ပြောချင်တာပါ။

ဒီနေရာမှာ ဘလော့ဂ်တခုလုပ်တယ်။ စာတွေဖတ်တယ်။ စာဖတ်တယ်၊စာကြမ်းပိုးလုပ်တယ် ဆိုတာထက် ဖတ်တဲ့စာတွေကို သဘောပေါက်တယ်။ လူမှုဘဝနဲ့ ဘလော့ဂ်ဂင်းမှာ ဘယ်လောက်ပြန်အသုံးချနိုင်တယ်၊ ဘယ်လောက်သူ့အတွက်၊ စာလာဖတ်တဲ့သူတွေအတွက် အကျိုးရှိသလဲက အရေးကြီးပါတယ်။ စာဖတ်ဆိုလို့ ဖတ်တာတော့ ဝါးစားမတတ်ဖတ်တယ်။ ဒါပေမဲ့ စာပဲ ဖတ်တတ်တယ်။ဘာမှမလုပ်တတ်ဘူးဆိုရင်လဲ အလုပ်မဖြစ်သေးပါဘူး။ ဒီနေရာမှာ ဖရန်စစ်ဘေကွန်ရဲ့စကားလေးနှစ်ခွန်းကို သုံးပြချင်ပါတယ်။ အဲ့ဒါကတော့

“Read not to contradict and confute, not to believe and take for granted, not to find talk and discourse, but to weigh and consider.

စာဖတ်တယ်ဆိုတာ အမှားထောက်ပြဖို့နဲ့ မူလရေးသားထားတာကို ဆန့်ကျင်ဖို့မဟုတ်ဘူး၊ ယုံကြည်ဖို့နဲ့ခွင့်ပြုလိုက်ဖို့မဟုတ်ဘူး၊ပြောဆိုဖို့နဲ့အကျယ်တဝန့်လုပ်ပြဖို့မဟုတ်ဘူး။ ဒါပေမဲ့ ချင့်ချိန်ဖို့နဲ့တွေးတောဆင်ခြင်ဖို့သာဖြစ်တယ်တဲ့။ နောက်တခုက –

Reading maketh a full man, conference a ready man, and writing an exact man.”

စာဖတ်ခြင်းဟာ လူကိုပြည့်ဝစေတယ်၊ နှီးနှောဖလှယ်ခြင်းဟာ အဆင်သင့်ဖြစ်စေတယ်၊ ရေးသားခြင်းဟာ တိကျစေတယ်တဲ့။ ဆိုတော့ ကျနော်တို့ဟာ စာဖတ်ကြတယ်။ စာဖတ်ပြီးအကြောင်းအရာတွေကို ဆွေးနွေးကြတယ်။ ပြီးတော့ သေချာတိကျအောင် ရေးသားဖော်ပြကြတယ်။ ဒါဟာ ဘေကွန်ရဲ့အဆိုနဲ့ကို ကိုက်ညီနေတာတွေ့ရပါတယ်။ ဆိုလိုတာက စာဖတ်တာဟာ ငြင်းခုန်ဆန့်ကျင်ဖို့မဟုတ်ဘူး၊ ပြေါဆိုအကျယ်တဝင့်လုပ်ဖို့မဟုတ်ဘူး။ စဉ်းစားဆင်ခြင်တွေးတောစေဖို့ ဆိုတာကို ဦးစားပေးပါတယ်။ ဒီတွေးတောဆင်ခြင်ချက်ကို တိကျသေချာအောင် ရေးချဖို့ဆိုတာက ကျနော်တို့ ဒီဘက်ခေတ်မှာ သိပ်ကိုလွယ်ကူသွားပါပြီ။ အားလုံးသိကြတဲ့ အတိုင်း သီချင်းဆိုချင်တဲ့ ဖိုးဆိုချင်တွေကို ကာရာအိုခေစက်ကလေးတွေက အိမ်ကနေ မထပဲ ဆိုလို့ ရစေသလို ၊ စာတွေဖတ်ပြီး ကိုယ့်အတွေ့အကြုံတွေကို ဖလှယ်ချင်တဲ့သူတွေအတွက်လဲ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဘလော့ဂ်တွေက အလျှိုလျှိုပေါ်ပေးလာပါတယ်။

MBS နှင့်အတူ မွေးဖွားလာတဲ့ ကျနော့ဘလော့ဂ်မှာ ဘလော့ဂ်ပို့စ်ပေါင်း ရာနှင့်ချီပြီး ရှိခဲ့ပါတယ်။ ကျနော့် အတွေ့အကြုံခံစားချက်တွေရေးတယ်။ ဖတ်ဖူးမှတ်ဖူးတဲ့ အထဲက ကောင်းနိုးရာရာတွေ ဆောင်းပါတွေပြန်ရေးတယ်။ ဘဝတိုက်ပွဲမှာ ကြံကြံခံရင်ဆိုင်နိုင်ဖို့ လက်နက်ကောင်းသဖွယ်ဖြစ်တဲ့ ဆောင်းပါးကောင်းတွေ ပြန်လည်ဖော်ပြပေးတယ်။ စာဟောင်း၊ကဗျာဟောင်းတွေ ရေးပြတယ်။ လစဉ် ဖတ်စရာစာအုပ်အညွှန်းတွေ ရေးပေးတယ်။ အစရှိသဖြင့်ပေါ့လေ။ ဒါတွေဟာ ကျနော့် အတွေ့အကြုံပေါ်ကနေဖြစ်လာသလို ၊ ကျနော်ဖတ်တဲ့ ဖတ်ခဲ့တဲ့ စာအုပ်စာပေတွေကနေ ဖြစ်လာတာပါ။ ခုနောက်ပိုင်း ကျနော် အင်တာနက်ပိတ်ဆို့မှုအခက်အခဲတချို့ကြောင့် ဘလော့ဂ်ပလက်ဖောင်းကနေ လူမှုကွန်ယက်ဖေ့ဘွခ်မှာ နုတ် (note ) အနေနဲ့ ရေးတဲ့ စာပေးရေးရာဆောင်းပါ၊ နိုင်ငံရေးရာဆောင်းပါ၊ စာအုပ်အမြည်းစာတာတွေကလဲ ဒီလို စာဖတ်ခြင်းနဲ့ ယှဉ်ပြီးပေါ်လာတဲ့ ရလာဒ်ကောင်းတွေပဲ ဖြစ်ပါတယ်။

စာအုပ်ဖတ်ခြင်းနဲ့ ဘလော့ဂ်ရေးခြင်းကို တွဲပြီးပြောတာက သူတို့က တိုက်ရိုက်အချိုးလောက်ကြတာလဲပါပါတယ်။ စာအုပ်ဖတ်ခြင်းကြောင့် လူဟာ အတွေးအခေါ်အတွေးအမြင် စဉ်းစားဆင်ခြင်မှုစွမ်းပကာဟာ အတော်ကြီးတိုးတက်လာတာ အားလုံးအသိပဲ ဖြစ်မှာပါ။ ဒီဘက်ခေတ်မှာ တိုးတက်မှုနည်းပညာတွေက အရမ်းဖြစ်ထွန်းလာတော့ လူတွေဟာ အရင်ကလောက် စာအုပ်စာပေဘက်ကို သိပ်မလိုက်ကြတော့ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ စာကောင်းပေကောင်း စာအုပ်တွေကလဲ ထင်သလောက် ထွက်ခွင့်မရကြတာလဲပါမယ်ထင်ပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက တီဗီဂိမ်းဆိုင်၊ဘီလီယက်ခုံဆိုတာ အလွန်ရှားပါတယ်။ ခုများကြတော့ ရပ်ကွက်တိုင်းမြို့နယ်တိုင်းမှာ အဲ့လို လူငယ်တွေနှစ်သက်တဲ့ ကစားစရာဆိုင်မျိုးတွေက တောင်ပုံယာပုံပေါ်လာတော့ လူငယ်လေးတွေဟာ စာဖတ်ဖို့ကို စိတ်မဝင်စားတော့ပဲ တီဗီဂိမ်း၊ ဘီလီယက်နဲ့ပဲ အချိန်ကုန်နေကြတော့ပါတယ်။

ဒါကြောင့်လူကြီးတွေက လူငယ်တွေ စာမဖတ်ဘူး။ လောက်လောက်လားလား စာတွေလဲ ဖြစ်မလာဘူးလို့ ပြောကြတာပါ။ မြို့နယ်တွေမှာ စာဖတ်သင်း၊စာကြည့်တိုက်တွေ ပေါ်ပင်လျှောက်လုပ်ပေမဲ့ တကယ်ဖတ်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ လက်ဘက်ရည်ဆိုင်မှာ၊ဘီယာဆိုင်မှာပဲ ဝေးဝေးဝါးဝါးနဲ့ စကားတွေပြောကြတာပါပဲ။ ကျနော်ဆိုလိုတာက မလုပ်ဘူး၊မဖတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဖတ်တဲ့လူငယ်တွေလဲ ဖတ်ကြပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းချကြည့်ရင် အလွန်နည်းတာတွေ့ရပါတယ်။ ဒီကိစ္စက ဆက်ပြောရင်လဲ အတော်မသတ်လည်နေပါဦးမယ်။ စာအုပ်တွေရဲ့ တန်ဖိုးမြင့်မားတာ၊ စာအုပ်အငှားဆိုင်တွေက လူဖတ်များပေါ်ပင် ပေါ့မဂ္ဂဇင်းတွေ၊ ဂမ္ဘီရမဂ္ဂဇင်းတွေ စာတာတွေနဲ့ လူငယ်ကြိုက် ဟာသတက္ကသိုလ်အချစ်ပုံပြင်တွေ အဲ့ဒါတွေနဲ့ပဲ လုံးခြားလည်လိုက်နေတာ့ စာကောင်းပေကောင်းဆိုတာလဲ မသိကြတော့သလို ဖြစ်နေပါတယ်။

နောက်ပြီး ဒီဘက်ခေတ်မှာ အရမ်းခေတ်စားလာတဲ့ အင်တာနက် အသုံးပြုခြင်းပါ။ အင်တာနက်ဆိုတာ တကယ်တော့ ရှေးလူတွေမကြုံဘူးလိုက်တဲ့ တကယ့်အသိပညာဗဟုသုတ ဟင်းလေးအိုးကြီးပါပဲ။ ကောင်းစွာအသုံးချတတ်ရင်ပြောပါတယ်။ အရာတိုင်းကတော့ ဆိုးကျိုးကောင်းကျိုးရှိစမြဲပါပဲ။ အဲ့ဒီမှာ အင်တာနက်မှာ ချက်တင်ထိုင်အချိန်ဖြုန်းတာလဲ ပါလာပါတယ် ဒီဘက်ခေတ်မှာ။ မသုံးနဲ့မချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တန်သလောက်ပေါ့ဗျာ။ လူငယ်တွေက အထိန်းအသိမ်းမရှိကြတော့ပါဘူး။ ဂိမ်းဆိုရင်လဲ တညလုံးပေါက်ဆော့၊ ချက်ဆိုရင်လဲ ညလုံးပေါက်ချက်နဲ့။ ဒါတွေလဲ ပြင်ကြပြီးတော့ ဒီကျန်တဲ့ အချိန်တွေမှာ စာအုပ်လေးများ ဖတ်ရင် သိပ်ကို ကောင်းပါတယ်။

ဘလော့ဂ်ရေးတဲ့သူတွေကြတော့ ပိုပြီးတာပါတယ်။ သူက ပုံနှိပ်ထုတ်ဝေတဲ့ စာရေးဆရာမဟုတ်ဘူးဆိုရင်တောင် သူ့စာကို ခေတ်အလိုကျပေါ်လာတဲ့ အင်တာနက်ဘလော့ဂ်ပေါ်မှာ တင်တဲ့အတွက် သူလဲ စာရေးဆရာပါပဲ။ စာများများ ဖတ်ထားတဲ့ ဘလော့ဂ်ဂါကျတော့ စကားပြော၊စကားပြေကို ခွဲခြားနားလည်နေတော့ သူ့ဟာသူ သူ့အကြောင်းရေးရင်တောင် စာက ပြေပြေပြစ်ပြစ်နဲ့ ချောမွေ့နေတော့ လာဖတ်တဲ့ လူလဲ အဆင်ပြေတာပေါ့။ အဲ့ဒီဘလော့ဂ်က ရေးတာကောင်းတယ်ဆိုတာ အကြောင်းအရာအပြင် အရေးအသားကပါ စကားအများကြီးပြောပါတယ်။ အရေးအသားဆိုတာကလဲ သူ စာများစွာ ဖတ်ရှုလို့ စာပိုဒ်ခွဲ၊ စာပိုဒ်ချ၊ စကားပြေ၊ စကားပြော မှန်ကန်နေတာပါ။

ဘလောဂ်တွေမှာ အရေးအသားကော၊အတွေးအခေါ်ကော ကောင်းတဲ့ ဘလော့ဂ်တွေအများကြီးပါ။ တော်တော်များများလဲ ဖတ်ဖူးကြမယ်ထင်ပါတယ်။ ဒီနေရာမှာ ပြောရတာကလည်း လာတဲ့သူတွေက သူ့ထက်သူလူစွမ်းကောင် လူတွေဆိုတော့ နည်းနည်းတော့ ဂွကြပါတယ်။ စာပေဟောပြောပွဲလိုမျိုး ကွမ်းယာသည်အစ ဆိုက်ကားသမားအဆုံး လာတာလဲမဟုတ်တော့ မိကျောင်မင်းရေကင်းပြသလိုများ ဖြစ်နေရင်လည်း ခွင့်လွှတ်ကြပါဦး။

စကားစပ်တုန်း ခုလက်တလော ကျနော်ဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက တချို့ကို ပြောပြချင်ပါတယ်။ စုစုပေါင်း ၁ဝ အုပ်ပါ။

(၁) မြန်မာစာ မြန်မာမှု ( စာတမ်းများ )

(၂) ဝတ္ထုတိုစာတန်းများ ( ပထမပိုင်း – ဒုတိယပိုင်း)

( ၃ ) ချစ်သူများကို အဆုံးစီရင်ခြင်း ( မောင်ခင်မင် – ဓနုဖြူ)

( ၄ ) မြန်မာ့အက်ဆေး ၁၀၁

( ၅ ) စာအုပ်ကမ္ဘာ ( ဖေမြင့်)

( ၆ ) သမိုင်းကြေးမုံ ( မြသန်းတင့် )

( ရ ) နိုင်ငံတကာ စာပေရှုခင်း ( မြသန်းတင့် )

( ၈ ) ဧရာဝတီ၊ယန်စီ၊ဗော်လဂါ ( ဒဂုန်တာရာ )

( ၉ ) ပညာသိုက် ( တိုက်စိုး )

( ၁ဝ ) အလွမ်းလမ်းနှင့် အခြားမဂ္ဂဇင်း ဝတ္ထုတိုများ။

ဒီစာအုပ်တွေက တကယ်တော့ စာပေ၊စာပေသမိုင်း၊ ကမ္ဘာ့စာပေသမိုင်း၊ စာအုပ်သိုက်၊မြန်မာ့စာပေ၊ မြန်မာ့ ရသစာပေနှင့် ဝတ္ထုတို၊ရှည် စစ်တမ်း စသဖြင့် စာပေအနုပညာနဲ့ ဆိုင်တဲ့ဟာတွေချည်းပါပဲ။ ကျနော်ဆိုလိုချင်တာက ဖတ်ကိုဖတ်ရမယ်လို့မဟုတ်ပဲ ဖတ်သင့်တဲ့စာအုပ်နဲ့ ကျနော် ဖတ်နေတဲ့ စာအုပ်တွေလို့ ပြောချင်တာပါ။ ကျနော် ခုနောက်ပိုင်း ဘလော့ဂ်မှာ ရသစာပေနဲ့ ပတ်သက်လို့ကို အရေးအသားက နည်းလာပါတယ်။ ကျနော် အရင်က ရသအက်ဆေး

( အစမ်းစာပေါ့လေ – ဆရာတက်တိုးကတော့ ) တွေ ရေးဖြစ်ပါတယ်။ ဥပမာဆိုရင် အလှ၊ တိမ်တမျှင်အတွေးတစ၊ နွေ၊ ဖော်ကွာဝေး၊ နွေဦးညနေများ၊ စက်တင်ဘာညနေခင်း၊သူနှင့်မိုးစက်ပွင့်လေးများ။ အစရှိသဖြင့် ကျနော် ရေးဖြစ်ခဲ့တဲ့ ရသအက်ဆေးလေးတွေပါ။ စကားစပ်တုန်း ဆရာတက်တိုးရေးတဲ့ ရွှေစင်နှင်းဆီနှင့် အခြားအက်ဆေးများ ဆိုတဲ့ စာအုပ်သိပ်ကောင်းပါတယ်။ စာအုပ်က သေးသေးပါးပါးလေးပါ။ တန်ဖိုးက ၈၀ဝ လားပဲ ရှိတယ်ဗျာ။ ( ဒါက ကြော်ငြာတာ )

ဒီလို ရသပိုင်းတွေကို ရေးရာမှာ ကိုယ်ပိုင်ခံစားချက်အပြင် တချို့နှိုင်းယှဉ်သုံးနှုန်းလိုတဲ့ စကားလုံးမျိုးကြတော့ ကျနော် ဖတ်ဖူးတဲ့ မြန်မာစာအုပ်တွေ တော်တော်များများက ရပါတယ်။ ကိုယ်က စာလုံး လှလှလေးကို တခုခုနဲ့ ထပ်တူပြု နှိုင်းယှဉ်ပြောချင်ရင် စာအုပ်စာပေတွေ ဖတ်ရှု့ထားတဲ့ အတွက် တပန်းသာပါတယ်။ အိုမာကရမ်ရဲ့ ကဗျာစာသားနဲ့ပဲ ထပ်တူပြုနှိုင်းမလား၊ ရှင်ရဌသာရ ရဲ့ ကဗျာစာလုံးနဲ့ပဲ နှိုင်းမလား အစရှိသဖြင့်ပေါ့။ ကျယ်ကျယ်ပြန့်ပြန့်ရေးနိုင်ပါတယ်။

ခု နောက်ပိုင်း ဖတ်မိလို့ထဲမှာ ကမ္ဘာကျော် နိုင်ငံရေးအယူဝါဒဆရာကြီးတွေ၊ လူမှုရေးရေးဆရာကြီးတွေနဲ့ တခြားသော စာပေပုဂ္ဂိုလ်ကျော်ကြီးတွေဟာ စာကြည့်တိုက်ကြီးတွေမှာ နှစ်များစွာ အချိန်ကုန်ခံစာပေဖတ်ရှု့လေ့လာပြီးမှ လူသားတွေအတွက် သင့်တော်သလို သုံးလို့ရတဲ့ စာပေကျမ်းဂန်တွေကို ရေးသားခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ ဥပမာ ပြရရင် လီနင်၊ကားမက်စ်၊ ဘားနက်ရှော့ဒ်၊ နိုဘယ်ဆုကို ငြင်းလိုက်တဲ့ ယန်ပေါ့ဆာ့ထ် စသဖြင့်ဆရာကြီးတွေ ပါပါတယ်။ ဒီလူတွေဟာ စာပေကို စိုက်လိုက်မက်တက် ဖတ်ရှု့ပြီး သူတို့ရဲ့ စာအုပ်စာတန်းတွေကို ပြုစုရေးသားခဲ့သူတွေဖြစ်ပါတယ်။

ကျနော်တို့ ဒီဘက်ခေတ် ၂၁ ရာစုမှာ ဘလော့ဂ်ဆိုတဲ့ အင်တာနက်စာမျက်နှာခေတ်စားလာလေတော့ ဘာနဲ့တူသလဲဆိုရင် ဟိုတုန်းက သတင်းစာတွေမှာပါတဲ့ အယ်ဒီတာအာဘော်တွေလို၊ ဆောင်းပါတွေ၊ သောင်းပြောင်းထွေလာတွေလိုနဲ့ သွားဆင်ပါတယ်။ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ် ဦးသိန်းဖေမြင့်ရဲ့ ဗိုလ်တထောင်သတင်းစာ သောင်းပြောင်းထွေလာ အခန်းဆိုရင်သူ့ရဲ့ ဘလော့ဂ်ပါပဲ။ ခေတ်ကာလနဲ့ အသုံးပြုတဲ့ ကြားခံနယ် ( မီဒီယာ )သာ ကွာသွားတာပါ။ ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်က အတူတူပါပဲ။

အဲ့ဒီတော့ ဘလော့ဂ်ရေးတဲ့ လူငယ်၊လူရွယ်တွေကော၊ နည်းပညာဆိုင်ရာ လူတွေပါ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်လိုက် ကဏ္ဍမျိုးစုံ စာတွေကို ဖတ်တဲ့အပြင် မိမိတို့ ဘဝ၊ မိမိတို့နဲ့ သက်ဆိုင်တဲ့ စာပေရသ၊ အနုပညာရသ မြောက်တဲ့ စာပေတွေ၊ သမိုင်းနဲ့ဆိုင်တဲ့ မှတ်စုမှတ်တမ်းစာပေတွေ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စာပေတွေပါ ဖတ်ရှု့ပြီး စိတ်ဓါတ်အခံတွေကို မြှင့်တင်ပြီး ရသဘလော့ဂ်တွေ ၊ နည်းပညာဆိုင်ရာ အကျိုးပြု ဘလော့ဂ်တွေကို များများ ဖန်တီးရေးသားကြပါ။ အသိတရား၊ အသိဉာဏ်မြင့်မားတဲ့ လူမျိုးတွေဟာ ဘယ်တော့မှ သူများနောက် အောက်မကျဘူးဆိုတာ အားလုံးပဲ သိကြမှာဖြစ်ပါတယ်။

ကျနော့်ရဲ့ ဘလော့ဂ်ဂင်းနှင့်စာဖတ်ခြင်းဆိုတဲ့ ကဏ္ဍကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်လားဗျာ..။

ဖိုးသူတော်

4 comments

  • mandalarthu

    September 10, 2011 at 9:34 pm

    Thanks for sharing of today’s Phoe Thu Daw’s talk,reading and blogging.It is so interesting and knowledgeable for us.It is very useful for the beginner bloggers.Your share of his talk can guide us how to share our knowledge to the readers and how to improve our blogging.
    Yes,I agree with yr idea.Reading and blogging are linked in this 21st century.
    I appreciate yr kindness of sharing such good post to all.

    Reply

  • manawphyulay

    September 11, 2011 at 12:42 pm

    ဟုတ်ကဲ့ပါရှင်။ ထပ်မံပြီး ပြောကြားသွားတဲ့သူတွေစကားသံကိုလည်းတင်ပြပေးပါဦးမယ်။ ဒါကတော့ မနေ့က ပြောနေတုန်း တင်လိုက်တာပါ။

    Reply

  • zaw min

    September 11, 2011 at 2:43 pm

    ကျေးဇူးပါမနောရေ..ယခုလို…အင်တာနက်အသုံးပြုနေသူတွေ လူငယ်တွေ၊ဘလောဒ့်ရေးသားနေတဲ့သူတွေအားလုံး အတွက်အကျိုးရှိစေတဲ့ ပိုစ့်လေးပါပဲ…အများအကျိုးရှိစေမဲ့ အကြောင်းအရာတွေကိုဘလောဒ့်ရေးတဲ့သူရဲ့ဆန္ဒ၊ အာပေါ်ဆိုရင်းအဓိပ္ပါယ်လေးတွေကိုမိအောင်ဖမ်းပြီး၊မိမိတို့ဘဝအတွက်လိုအပ်သလို အသုံးချသွားမယ်ဆိုရင် တန်ဖိုးရှိသော အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်သူလို့မြင်မိပါတယ်…စာတွေဖတ်ထားတဲ့သူတွေကလည်း မိမိရဲ့တိုးတတ်လာတဲ့ အသိဉာဏ်တွေကို လက်တွေ့အကောင်ထည်ဖေါ် အသုံးချမှာသာလျှင်ပိုမိုပြည့်စုံမှာပါ၊သို့မဟုတ်လျှင် မိမိသိတာက သညာအသိသာဖြစ်ပေလိမ့်မည်၊ပညာအသိသို့မရောက်နိုင်တော့ပါ၊ အသိပညာကို လောကီရော၊လောကုတ္တရာပါ အကျိုးရှိအောင် ကောင်းမွန်စွာ အသုံးချတတ်မူတော့ လိုအပ်ပေလိမ့်မည်။

    Reply

  • manawphyulay

    September 11, 2011 at 3:04 pm

    ဟုတ်ပါတယ်။ ဘလော့နဲ့ပတ်သက်တာအပြင် နည်းပညာတွေရဲ့ အနေအထားတွေ၊ လုံခြုံရေးပိုင်း အားနည်းချက် အားသာချက်တွေလည်း ပြောပြသွားပါသေးတယ်။

    Reply

Leave a Reply to mandalarthu Cancel Reply

Your email address will not be published.