ဒို့ဘာသာ (၁၆) ရွှေနိုင်ငံ

ashinindakaSeptember 5, 20111min05

အသောကမင်းကြီးနဲ့ ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်တို့
လက်တွဲညီညီ တတိယသင်္ဂါယနာတင်ပွဲဆင်ယင်ကျင်းပပြီးနောက်
သာသနာ့သမိုင်းမှာ အင်မတန်အရေးပါတဲ့
ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်ခြင်းလုပ်ငန်းကြီးကို လုပ်ဆောင်ခဲ့ပါတယ်။

ကိုးတိုင်းကိုးဌာနထဲမှာ ရှင်သောဏနဲ့ရှင်ဥတ္တရတို့သာသနာပြုကြွတဲ့နေရာကို
သုဝဏ္ဏဘူမိလို့ခေါ်တယ်။ ဒီသုဝဏ္ဏဘူမိဆိုတာ
အခုခေတ် အင်ဒိုနီးရှားနိုင်ငံ ဆုမတြားကျွန်း၊ ထိုင်းနိုင်ငံတွင်းရှိ အချို့နေရာနဲ့
မြန်မာနိုင်ငံတွင်းရှိ သထုံမြို့တဝိုက်ကို ဆိုလိုကြောင်း
သမိုင်းဆရာတို့ ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း
သုဝဏ္ဏဘူမိ (ရွှေနိုင်ငံ) ဆိုတာ မြန်မာပြည်ကို ခေါ်တာလို့
မှတ်ယူခဲ့တယ်။ သုဝဏ္ဏဘူမိ (ရွှေနိုင်ငံ) ဆိုတဲ့နာမည်လေးကို
အတော်သံယောဇဉ်ဖြစ်နေကြတယ်။

ဒါပေမဲ့
ဒီနေ့ဒီအချိန်အခါမှာတော့ သုဝဏ္ဏဘူမိ (ရွှေနိုင်ငံ) ဆိုတာ
ထိုင်းနိုင်ငံကို ကိုယ်စားပြုသွားပါပြီ။

ဘာလို့လဲ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အနီးတည်ဆောက်လိုက်တဲ့
အပြည်ပြည်ဆိုင်ရာလေဆိပ်နာမည်ကို သုဝဏ္ဏဘူမိ လို့နာမည်ပေးလိုက်လို့ပါဘဲ။
ကမ္ဘာသူ ကမ္ဘာသားလူအများက ကမ္ဘာလှည့်ခရီးသွားတွေက
ဘန်ကောက် လေဆိပ်ကြီးကို ရောက်ရင်
သုဝဏ္ဏဘူမိလေဆိပ် ဆိုတဲ့စကားလုံး သူတို့ပါးစပ်ဖျားမှာ ရောက်သွားပြီ။
သုဝဏ္ဏဘူမိလေဆိပ်ဆိုတာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ဖြစ်တယ်ဆိုတဲ့အသိ
သူတို့ဦးဏှောက်ထဲရောက်သွားပြီ။

ဒါ့ကြောင့် ဒီသုဝဏ္ဏဘူမိ ဆိုတဲ့နာမည်ဟာ မြန်မာနိုင်ငံကိုယ်စားမဟုတ်တော့ပဲနဲ့
ထိုင်းနိုင်ငံကိုယ်စားဖြစ်သွားပြီလို့ပြောတာ။
တနည်းအားဖြင့် ရွှေနိုင်ငံသည် မြန်မာနိုင်ငံမဟုတ်တော့ဘဲ
ထိုင်းနိုင်ငံဖြစ်သွားတာပါ။

ဒါတင်လား။ မဟုတ်သေးပါဘူး။
မြန်မာနှစ်ကူးနဲ့ထိုင်းနှစ်ကူးက အတူတူပဲ။ တစ်ချိန်တည်းပဲ။
ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေက
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကြရာမှာ အချိန်တူကြတယ်။
နှစ်ကူးအခါမှာ သင်္ကြန်ပွဲကို မြန်မာနိုင်ငံမှာကျင်းပသလို
ထိုင်းနိုင်ငံမှာလည်း ကျင်းပတယ်။
မြန်မာနိုင်ငံမှာလည်း ရေလောင်းကြတာပဲ။
ထိုင်းနိုင်ငံမှာလည်း ရေလောင်းကြတာပဲ။

မြန်မာနှစ်ကူး မြန်မာသင်္ကြန်က ထိုင်းနှစ်ကူး ထိုင်းသင်္ကြန်ထက်
ပိုရှေးကျမယ်လို့ထင်ပါတယ်။ ပိုစည်ကားမယ်လို့ထင်ပါတယ်။
ပိုပြီး အဓိပ္ပါယ်ရှိမယ်လို့လည်း ထင်ပါတယ်။

ဒါပေမဲ့ ဒီလိုရှေးကျတဲ့ ပိုစည်ကားတဲ့ ပိုပြီးအဓိပ္ပါယ်ရှိတဲ့
မြန်မာသင်္ကြန်ကြီးကို ကမ္ဘာကို သိအောင်
ကမ္ဘာကြီးသိသွားအောင် မြန်မာနိုင်ငံက လူတွေ မလုပ်နိုင်ဘူး။
ထိုင်းနိုင်ငံ နှစ်ကူး သင်္ကြန်ရေလောင်းပွဲကို
ထိုင်းနိုင်ငံက လူတွေက ကမ္ဘာကိုသိအောင်လုပ်နိုင်တဲ့အတွက်
ဒီသင်္ကြန်ရေလောင်းပွဲဟာ မြန်မာ့ရိုးရာမဟုတ်တော့ပဲနဲ့
ထိုင်းရိုးရာဖြစ်သွားပါတယ်။
သင်္ကြန်ရိုးရာဟာ ထိုင်းရိုးရာဖြစ်တယ်လို့ ကမ္ဘာက သိသွားပါတယ်။

ပြောချင်တာက သင်္ကြန်ရေလောင်းပွဲဟာ ထိုင်းရိုးရာဖြစ်တယ်၊
မြန်မာများက မိတ္တူကူးတာလို့ ကမ္ဘာကနားလည်လက်ခံသွားတယ်။
ဘာပြုလို့လဲဆိုတော့ ထိုင်းတွေက သူတို့ သင်္ကြန်ရေလောင်းပွဲကို
ကမ္ဘာကို သိအောင် မြန်မာရဲ့အရင်ပြနိုင်လို့ပဲ။
မြန်မာက မြန်မာနှစ်ကူးသင်္ကြန်ရေလောင်းပွဲကို
ကမ္ဘာကို သိအောင် မပြနိုင်လို့ပဲ။

ရှင်းရှင်းပြောရရင် မီဒီယာ အားသာမှု၊ အားနည်းမှု
စီးပွါးရေး အားသာမှု၊ အားနည်းမှု၊
ပွင့်လင်းမှု အားသာမှု အားနည်းမှု စသည်တို့ ကွာသွားတာပဲ။

ဒါတင်လား။ မကပါဘူး။
အစားအသောက်မှာလည်း အတူတူပါဘဲ။
ထိုင်း အစားအသောက်တွေထဲမှာ
မြန်မာပြည်က အစားအသောက်တွေနဲ့ တော်တော်များများတူတာတွေ တွေ့ခဲ့ရတယ်။
မုန့်တီလိုဟာမျိုးတွေလည်း ရှိတယ်။
မုန့်ဟင်းခါးလို ဟာမျိုးတွေလည်း ရှိတယ်။
တခြားနိုင်ငံတွေမှာရှိတဲ့ ထိုင်းစားသောက်ဆိုင်တွေမှာ
မုန့်တီလိုဟာမျိုး မုန့်ဟင်းခါးလိုဟာမျိုးတွေကို ထိုင်းစာဆိုပြီး ရောင်းနေပြီ။

ဒါတွေက မြန်မာအစားအစာတွေဘဲ။ ဒါပေမဲ့ ထိုင်းက လက်ဦးမှုယူပြီး
ထိုင်းစာဆိုပြီး နိုင်ငံတကာမှာရှိတဲ့ဆိုင်တွေမှာ တင်ရောင်းကုန်ပြီ။
ကမ္ဘာက မုန့်တီလို မုန့်ဟင်းခါးလို မနက်စာ အစားအစာကို
ထိုင်းစာဆိုပြီး နားလည်သွားကြပြီ၊ သိသွားကြပြီ။
ဘယ်နိုင်ငံသွားပြီး ဘယ်လိုမြန်မာကြီးကဖြစ်ဖြစ်
အဲ့လိုဟာမျိုးကို မြန်မာအစားအစာပါဗျ လို့အော်ရောင်းပေမဲ့
မြန်မာအစားအစာလို့ လက်ခံမှာမဟုတ်တော့ဘူး။

သုဝဏ္ဏဘူမိ ဆိုလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နားမှာရှိတဲ့
သုဝဏ္ဏဘူမိလေဆိပ်နဲ့ဆက်စပ်ပြီး စဉ်းစားမိတာတွေပါ။

5 comments

  • ashinindaka

    September 5, 2011 at 6:32 am

    တခါတလေ ပို့စ်တင်ရတာ အဆင်မပြေဖြစ်တယ်။

    Reply

  • zawmaung

    September 5, 2011 at 9:32 am

    Well , our long neck , Padaung tribe also become Thailand.Also the Jade . But for the opium , they say , come from Myanmar.

    Reply

    • ashinindaka

      September 5, 2011 at 11:36 am

      Yes, Everything notorious is from us and everything famous is from its own product. Really funny!!!

      Reply

  • windtalker

    September 5, 2011 at 2:49 pm

    ဘုန်းဘုန်း ရေးပြမှ
    အခြေအနေတွေ ကို သိခဲ့ရပါတယ် ဘုရား
    ဘုန်းဘုန်း ရေးတာတွေ အားလုံး အမှန်ပါပဲ ဘုရား
    ခုဆိုရင်
    စားသောက်ဆိုင်ကြီးတွေ မှာ ဆိုရင်
    ယိုးဒယား တုံယမ်းဟင်းရည်(အသားမပါ)တစ်ခွက် ကို တစ်ထောင်ကျော် ပေးနေရပါတယ် ဘုရား

    Reply

  • kai

    September 6, 2011 at 8:25 am

    ပြောရရင်.. ဆင်ကိုစံနစ်တကျသုံးတတ် ခိုင်းတတ်တဲ့ ပညာ ထိုင်းတွေက မြန်မာတွေဆီက ရသွားတယ် တွေးမိပါတယ်.။
    အခုတော့.. ထိုင်းတွေ ဆင်ကနေ.. တိုးရစ်ဇင်ကောင်းကောင်းအသုံးချပြီး.. ငွေမီလီယံချီ ရနေလေရဲ့.။
    တာပက်စရီ(ရွှေချည်ထိုး)။ ပန်းပု၊ အဝတ်အထည်ဒီဇိုင်းတွေလည်း ထိုင်းတွေ မြန်မာတွေဆီကယူ.. ကမ္ဘာမှာသူတို့နာမည်တွေတတ်.. ထုုတ်ရောင်းတာ ကြာခဲ့ပါပြီ..။
    ဝမ်းနည်းစရာပါပဲ..။

    ရွေတိဂုံစေတီလို..ပုဂံလို.. ရှေးဟောင်း.. သာသနာ့အဆောက်အဦးတွေနဲ့.. ထိုင်းတွေရဲ့ ငွေတွေ.. တိုးရစ်ဇင်နဲ့ ပြန်လှည့်ယူလို့ရနိုင်သေးတယ်ထင်မိပါတယ်..။
    သေသေချာချာ.. ရည်ရွယ်ချက်ရှိရှိနဲ့..လုပ်ယူရမဲ့ နိုင်ငံရေးကိစ္စတွေလို့ ထင်မိပါတယ်..။

    Reply

Leave a Reply

Your email address will not be published.