ဝဋ် ကြွေး တွေ အမှန် တကယ် ပြေ စေ … ကြေ စေ ဖို့ ..ငြိမ်းစေဖို့

True AnswerAugust 28, 20111min04

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကံကံ၏ အကျိုးကို နားလည်ကြပါသည်။
ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရပြီး၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရမည်ဟူ၍ ဖြစ်သည်။
မြတ်ဘုရား ဝိပါက်တော်(၁၂) ပါးဆိုတာကိုလည်း ကျွန်ုပ်တို့ နားလည်ကြပါသည်။
ဘဝတစ်ခုတွင် မြတ်စွာဘုရား သည် လက်ဝှေ့ သမားတစ်ယောက်ဖြစ်ခဲ့ပြီး မိမိက နိုင်နေပါသော်လည်း နောက်နောင် နာလံမထူနိုင်အောင်ဆိုပြီး တစ်ဖက်လူရဲ့ ခါးကို ချိုး ခဲ့ပါသတဲ့။

အဲဒီ ဝဋ်ကြွေးက သဗ္ဗညုဘုရားအဖြစ်သို့ ရောက်သောဘဝတွင် ထိုကံ၏အကျိုးကို ဝိပါက်အဖြစ် ခါးနာတဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရသည်၊ဟု ဆိုပါသည်။

လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးကိုယ်တိုင် လည်း ခိုးသားငါးရာယောင်ဆောင်ပြီး မိဘ နှစ်ပါးအား ရိုက်နှက်သတ်ဖြတ်ခဲ့မှုကြောင့် မြတ်စွာဘုရား၏ လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလာန် ဘဝတွင် ခိုးသားများရိုက်နှက်မှုကို ခံရကာ ဝဋ်ကြွေးဆပ်ရလျှက် ပရိနိဗ္ဗါန်ပြုရလေသည်။

လောဘ-ဒေါသများဖြင့် အဟုတ်ထင်- အတည်ယူ ငြိတွယ်ဆုပ်ကိုင်ကာ
ပြုလုပ်သော ပြုလုပ်မှုများတွင် တန်ပြန်သက်ရောက်မှုများ မဆုံးနိုင်အောင်ရှိနေလေသည်။

မိမိပြုသမျှကံများ ဧကန်မချ မိမိထံပြန်လာလေသည်။ တနည်း မိမိပြုခဲ့သော မကောင်းမှုများအတွက် ဝဋ်ကြွေးများ ကို ပေးဆပ်ရမည်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် မလွတ်ပါချေ။

ကျွန်ုပ်တို့ အတိတ်ဘဝ၊ ယခုဘဝ များတွင် ပြုလုပ်ခဲ့သော ကံများ ဝဋ်ကြွေးများ အင်္သချေ (မရေမတွက်နိုင်အောင်) ရှိလေသည်။

ထိုကံကြွေး၊ ဝဋ်ကြွေးများကို ကျေအောင် ခန္ဓာဖြင့်သာ ဆပ်ရပါက…ဆပ်လိုက် ထပ်တင်လိုက်နှင့် အဆုံးမရှိပါချေ။

သဲအင်းဂူဆရာတော်ကြီးမှ ခန္ဓာဖြင့်သာ ဝဋ်ကြွေးများပေးဆပ်ရပါက ကျွန်တော်တို့တတွေ စားခဲ့သော ငါးခြောက်ပြား ကြီးများ ဘဝလည်း တချိန်တွင် ပြန်ရောက်ကာ ပြန်လည်အစားခံရဦးမည်။ ဟု ဟောကြားထားလေသည်။

မိုးကုတ်ဆရာတော်ကြီးမှလည်း အရိုးတွေ တောင်လိုပုံအောင် ခန္ဓာဖြင့် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ပြီးသော်လည်း အဆုံးမရှိနိုင်သေး ဟု ဆုံးမပါသည်။

ဒီလိုဆိုရင် အဆိုပါ ဝဋ်ကြွေးများကို မည်သို့ ပေးဆပ်ပါမှ ကျေအေး ကုန်ခမ်းပါမည်နည်း။

အဆိုပါ ဝဋ်ကြွေးများကို အမှန်တကယ် ပြေစေ ကြေစေလိုပါက ”ငါ(သူ)ကောင်းတာလုပ်လျှင် ငါ(သူ)ခံရတယ်။ ငါ(သူ)မကောင်းတာလုပ်လျှင် ငါ(သူ)မကောင်းတာခံရတယ်။” ဆိုသော ငါ(သူ) ပုဂ္ဂိုလ် သတ္တဝါ ရှုထောင့်ထက် ပိုမို ကျော်လွန်ကာ လေးလေးနက်နက် နားလည်ဖို့လိုအပ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်ဒေသနာလာ ဘဝ၏အမှန်တရားဖြစ်သော ဝဋ်ကြွေး သုံးပါး (ဝဋ် သုံးပါး)အကြောင်း ကို ကျွန်တော်တို့ …..
ငါ(သူ) ပုဂ္ဂိုလ် သတ္တဝါ ရှုထောင့်ထက် ကျော်လွန်ကာ သေချာစွာ နားလည်ဖို့လိုအပ်ပေသည်။

အဆိုပါ ဝဋ်သုံးပါး ကို ကျွန်တော် ဉာဏ်မီသမျှ တင်ပြအပ်ပါသည်။
———————————————–

ဝဋ်သုံးပါး
(ဝဋ် ဆိုသည် ထပ်ကာထပ်ကာ ဖြစ်နေတယ်လို့ …) နားလည်ရပါမည်။

က) ကိလေသဝဋ်
ခ) ကမ္မဝဋ်
ဂ) ဝိပါကဝဋ်

မှတ်ရန်။ ကိလေသဝဋ် နှင့် ကမ္မဝဋ် တို့ကြောင့် ……….. ဝိပါကဝဋ် တို့ မဆုံးနိုင် ထပ်တလဲလဲ ဖြစ်နေသည်။

———————————————-

က) ကိလေသဝဋ် (၃) ပါး
ရှိတယ်
ပါဠိလိုတော့ –

၁) အဝိဇ္ဖာ ….. (တသမတ်တည်းသောဖောက်ပြန်ပျက်စီးမှု အမှန်တရား-သစ္စာတရား ကို မသိမှု ၊ နားမလည်မှု၊ နားလည်မှုအမှား၊ မှားသောအယူအဆ၊ အထင်မှားမှု)
၂) တဏှာ ……(ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ ကြိုက်မှု၊ မကြိုက်မှု)
၃) ဥပါဒါန် …… (စွဲလန်းမှု၊ ငြိတွယ်မှု)

မြန်မာလိုဆိုရင်.
ဆုပ်ကိုင်လို့ မရတဲ့ ၊ အတည်ယူလို့မရတဲ့ တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) အမှန်တရားပဲ တကယ်ဖြစ်နေတာကို နားမလည်သောကြောင့် မသိသောကြာင့် (အဝိဇ္ဖာကြောင့်) …………
ငါပဲ၊ သူတပါးပဲ၊ တစ်ခုခုပဲ၊ တစ်ယောက်ယောက်ပဲ၊ ပုဂ္ဂိုလ်၊ သတ္တဝါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ဟူ၍ လည်းကောင်း တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး၊ အချိန်၊ နေရာ၊ ပူတာ အေးတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ တင်းတာ၊ လျော့တာ၊ ကောင်းတာ ဆိုးတာ တွေကို တကယ်ဖြစ်နေသည် ဟူ၍ အထင်မှားကာ ..(ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ ကြိုက်မှု၊ မကြိုက်မှု) တဏှာ …. (စွဲလန်းမှု၊ ငြိတွယ်မှု)ဥပါဒါန် တို့ ဖြစ်ပေါ်လေသည်။

————————————————–

ခ) ကမ္မဝဋ် (၂) ပါးရှိပါသည်။
ပါဠိ လိုတော့
၁) သင်္ခါရ
၂) ကမ္မဘဝ

မြန်မာလိုဆိုရင်-
အထက်ပါ ကိလေသဝဋ် သုံးပါးကြောင့် (ဝါ) ကိလေသာဝဋ်သုံးပါးနှင့်အတူ ကမ္မဝဋ် (၂) ပါး ဖြစ်လေသည်။

တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) သည် ေရှ့က ပျက်စိးနှင့်ခဲ့ပြီးသော မရှိတော့သည် ပျက်စီးမှုခဲ့မှုအရှိန်များကို အရှိလုပ်လျှက်
ငါပဲ၊ သူတပါးပဲ၊ တစ်ခုခုပဲ၊ တစ်ယောက်ယောက်ပဲ၊ ပုဂ္ဂိုလ်၊ သတ္တဝါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ဟူ၍ လည်းကောင်း တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး၊ အချိန်၊ နေရာ၊ ပူတာ အေးတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ တင်းတာ၊ လျော့တာ၊ ကောင်းတာ၊ ဆိုးတာ ဟူ၍ ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်မှုကြောင့်

ထို ငါပဲ၊ သူတပါးပဲ၊ ရုပ်ပဲ၊ ဝေဒနာပဲ၊ စိတ်ပဲ၊ အတွေးပဲ၊ ပူပန်မှုပဲ၊ သောကစိတ်ပဲ၊ ဘာစိတ်ပဲ၊ ညာစိတ်ပဲ စသည်ဖြင့်
– အဟုတ်ထင်၊ အတည်ယူ ဆုပ်ကိုင်နေမှု ။…
– အတည်ယူ-ဆုပ်ကိုင်နေအောင် ပြုလုပ်နေမှု တို့ ဖြစ်ပေါ်လေသည်။
(တနည်း) ကာယကံ၊ ဝစီကံ၊ မနောကံတွေဖြစ်စေလေသည်။ …..ဖြစ်နေလေသည်။
—————————————————



ဂ) ဝိပါကဝဋ် (၈)ပါး
ရှိပါသည်။
ပါဠိလိုတော့.
၁) ဝိဉာဏ် (သိမှုသဘော ဆောင်သည့် (ဝါ) သိမှုသဘောကို ဖန်တီးပြုလုပ်နေသည့် ဖောက်ပြန်ပျက်စီးမှု)
၂) နာမ်ရုပ် (သိတတ်သောသဘော နှင့် မသိတတ်သောသဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )
၃)သဠာယတန (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)
၄) ဖဿ (မျက်စိ+အဆင်း၊ နား+အသံ၊ နှာခေါင်း+အနံ့၊ လျှာ+အရသာ၊ ကိုယ်+တွေ့ထိစရာ၊ စိတ်+ကြံတွေးစရာ) စသည်ဖြင့် တိုက်ဆိုင်မှု
၅) ဝေဒနာ (ခံစားမှု သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)
၆) ဇာတိ (ဖြစ်ခြင်း ၊ မွေးခြင်း၊ ဘဝဖြစ်ခြင်း သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)
၇) ဇရာ (အိုခြင်း Decaying ရင့်ရော်ခြင်းသဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )
၈) မရဏ (သေခြင်း၊ သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု ) တို့ မဆုံးနိုင်ဖြစ်ကြရလေသည်။

——————-
အကျဉ်းပြောရင်…
ပူမှု-အေးမှု (တေဇောဓါတ်)၊
မာမှု၊ ပျော့မှု ၊ တင်းမှု၊ လျော့မှု (ပထဝီဓါတ်)၊
လှုပ်မှု၊ ငြိမ်မှု (ဝါယောဓါတ်)၊
ယိုစီးမှု၊ ဖွဲ့စည်းမှု (အာပေါဓါတ်) ဟု
ထင်မှတ်ရလောက်အောင် လျင်မြန်လွန်းသော ဖောက်ပြန်ပျက်စီးမှုများ။ (ရုပ် ခန္ဓာ တစ်ပါး)

ခံစားမှု (ဝေဒနာ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
မှတ်သားမှု ၊ ပုံဖော်မှု၊ ဆုံးဖြတ်မှု (သညာ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
စေ့ဆော်မှု (သင်္ခါရ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
သိမှု (ဝိဉာဏ်) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။ (နာမ် ခန္ဓာလေးပါး)

စုစုပေါင်း ခန္ဓာငါးပါး (ဒုက္ခသစ္စာ) (တနည်းအားဖြင့်) တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှုတွေ မဆုံးနိုင် အောင် ထပ်တလဲလဲ ရနေ – ဖြစ်နေခြင်း ကို ဝိပါကဝဋ် ဖြစ်နေခြင်း ဟု ခေါ်ပါသည်။

အထက်ဖော်ပြပါ ကမ္မဝဋ် နှစ်ပါး နဲ့ ကိလေသဝဋ် သုံးပါး ထပ်တလဲလဲ ဖြစ်နေပါက –
ဝိပါက ဝဋ် ရှစ်ပါး တို့လည်း မဆုံးနိုင်အောင် ထပ်တလဲလဲ ဖြစ်နေမည်။

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်က ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် များခံနေရသည် ပေးဆပ်နေရသည့် သဘောမဟုတ်ဘဲ၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဟူသော တသမတ်တည်းသော ထပ်တလဲလဲသော ဖောက်ပြန်ပျက်စီးမှုများသက်သက်သာ ဖြစ်နေခြင်း ကို ………..ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ အကောင်းအဆိုး၊ အနိမ့် အမြင့်၊ ဆင်းရဲ ချမ်းသာ၊ အပူ အအေး၊ တင်းမှု လျော့မှု၊ အထင်သေးစရာ အထင်ကြီးစရာ၊ အမှား အမှန် စသည်ဖြင့် ထင်မှတ်မှားနေရကြောင်း နားလည် လက်ခံ ယုံကြည် နှလုံးသွင်းဆင်ခြင်နေနိုင်ဖို့ လိုအပ်ပါသည်။

ကိလေသဝဋ် သုံး ပါး နှင့် ကမ္မဝဋ် နှစ်ပါးကို သမုဒယသစ္စာ ဟု ဖြစ်ပါသည်။
ဝိပါကဝဋ်ရှစ်ပါးသည်ကား ဒုက္ခသစ္စာ ဖြစ်ပါသည်။

(မှတ်ချက်၊ မိုးကုတ်ဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး၊ သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၊ သန်လျင်သဘာဝရိပ်သာ ဆရာမ ချစ်မြတ်နိုး တို့ဟောကြားသော သစ္စာတရားတော်များကို ဉာဏ်မီသလောက် ကိုးကားတင်ပြခြင်းဖြစ်ပါသည်)။

ခင်မင်လေးစားလျှက်
www.trueanswer.co.cc

4 comments

  • မီးမီး သော်

    August 28, 2011 at 5:55 pm

    ကျေးဇူးပါဘဲ true answerရေ။တရက်တရက် အလုပ်နဲ ့အိမ် လုံးချာလိုက်နေတော့ ဘာမှ တရားဓမ္မနဲ ့ပတ်သက်လို ့ဗဟုသုတရယ်မတိုးပါဘူး။နောက်လဲဝေမျှပေးပါနော့။

    Reply

  • mandalarthu

    August 28, 2011 at 10:02 pm

    Thanks for sharing this good post,frd!
    Clear and precise explanation of ”ဝဋ်သုံးပါး” and its circle.Before I don’t understand that clearly,but now,I do well.Yes,we should realize all these are changing and destroying all the time without any attempt done by someone or something.

    Reply

  • မီးမီး သော်

    August 28, 2011 at 11:53 pm

    အောင်မလေးနော် ဘာမှကိုမရေးလိုက်ရသေးပါဘူး။သွားလေရာအနှတ်လိုက်ပေးနေကြပါလားနော်။ငါ့မလဲ တရားစာလေးဝင်ဖတ်ပြီး မန် ့တာတောင် မှအနှတ်နဲ ့ကရေစက်မကုန်ပါလား

    Reply

  • ကြောင်ကြီး

    August 29, 2011 at 8:24 am

    ဒါကြောင့်လည်း ဖြစ်ပျက်မြင်တဲ့ညဏ်၊ နည်းလမ်းမှန်စွာ ရှုမှတ်ပွားနေမှုကို အားအကောင်းဆုံး ကုသိုလ်ဖြည့်ဆည်းပွားများခြင်းလို့ အရိယာများပြောခဲ့တာပေါ့…။
    ကိုယ်ဖြစ်ကိုယ်ခံ
    မတောင်းပန်နဲ့
    ညဏ်နဲ့ကံ
    လမ်းနှစ်လမ်း
    သင်ကြိုက်ရာရွေး…။

    Reply

Leave a Reply to mandalarthu Cancel Reply

Your email address will not be published.