သူရဿဝါနှင့် Facebook

သူရႆဝါAugust 25, 20113min07

“သူရဿဝါနှင့် Facebook”
ဒီဖက်ခေတ် အင်တာနက် လေလှိုင်း လောက၏ ပြိုင်စံရှား ဇာတ်လိုက်ကျော်ကြီး တစ်ဦးမှာ ဟိုဘရုတ်ကလေး ဇူကာဘတ် စပ်စပ်ဆော့ဆော့ လုပ်ခဲ့သော Facebook ပင်ဖြစ်၏။ လူသားတွေ ဒီအင်တာနက် ဆိုတာကြီးကို ယခုလို လျှောလျှောရှူရှူ သုံးခွင့်ရအောင် (အင်တာနက် စပိဒ် နေမကောင်း ဖြစ်ရင်တော့ မလျှောမရှူ ဘူးပေါ့လေ) တီထွင် ကြံဆ ခဲ့ကြသော စွန့်ဦးတီထွင် ပုဂ္ဂိုလ်ကြီး များကိုသာ မသိလျှင် မသိဘဲ ရှိရမည်။ Facebook ကိုတော့ မသိသူ မရှိ။ ဒီလောက်ပင် Facebook က အောင်မြင်နေ၏။ ယခု Google မှ လွှင့်တင်သော Google Plus သည် Facebook ကို အဓိက ယှဉ်ပြိုင်မည့် လူမှုရေးကွန်ယက် ဖြစ်လာနိုင်သည် ဆိုသော်လည်း နောင်ဖြစ်မည့် ကိစ္စ နောင်မှသာရှင်း။ အခုလောလောဆယ်တော့ Facbook က ပန်းပန်လျှက် ရှိဆဲ။ အောင်မြင်တာလည်း မပြောနှင့်လေ။ သွေးစုနာ အပေါက်ခံပြီး ဖင်တစ်ထိုင်တည်း အင်တာနက် သုံးနေနိုင်မည် ဆိုလို့ကတော့ Facebook ထဲမှာပင် ဒုတိယဘဝ အနေနှင့် တစ်အိုးတစ်အိမ် ထူထောင်လို့ ရလောက်သည်။

 

ပြောခဲ့သလို Facebook မှာပင် တစ်အိုးတစ်အိမ် ထူထောင်၍ ဆွေမျိုးစပ်ကာ သိုက်သိုက်ဝန်းဝန်း နေကြပုံလေး ကြည့်ပါစို့။ သူရဿဝါ၏ သူငယ်ချင်း တစ်ယောက်ဆိုလျှင် သူ့၏ Facebook Profile ဘယ်ဖက်ခြမ်းတွင် သူ၏ ဆွေတော် ရှစ်သောင်း မျိုးတော်ပေါင်းကို စာရင်းပြုစု ထားလေ၏။ တကယ့် အပြင်က ဆွေမျိုးများလား ဆိုတော့ မဟုတ်။ သူ့လိုပင် Facebook သုံးကြသည့် သူငယ်ချင်းများအား အဖေတစ်နေရာ၊ အမေတစ်နေရာ၊ အဘိုးအဘွား၊ ဦးလေး အဒေါ် ကိုကိုမမ စသဖြင့် အွန်လိုင်းဆွေမျိုး အဖြစ် စပ်ယှက်ထားခြင်း ဖြစ်လေ၏။ သူရဿဝါပင် သူ့ယောက်ဖ နေရာမှာ ပါနေသေး တော့သကိုး။ ဒါပေမယ့်လည်း အထင်မသေးနှင့် .. အပြင်လောကမှ သူ့ဆွေမျိုး အစစ်တွေပင် အွန်လိုင်းဆွေမျိုး များလောက် များပြားမည် မထင်။ Facebook ၏ လွှမ်းမိုးမှုကား ဒါတင်မကသေး .. ။

 

နောက်တစ်ခုက Facebook မှာ ဆော့၍ ရသော ဂိမ်းတွေ။ Facebook သုံးသူ အတော်များများ အဲဒီ Facebook ထဲမှ ဂိမ်းတွေနဲ့ မကင်းရာ မကင်းကြောင်း ရှိကြသည်။ ပထမတော့ ဟုတ်တုတ်တုတ် ရယ်ပါ။ မာဖီးယား လူဆိုးဂိုဏ်းကို အခြေပြု၍ မိုက်မိုက်ကန်းကန်း အထက်စီးဆန်ဆန် ဆော့ကြသည်။ ပိုက်ဆံတွေ၊ လက်နက်တွေ ရလိုက်ကြတာ သောက်သောက်လဲ .. အပြင်မှာတော့ မဟုတ် …. ဂိမ်းထဲမှရသည့် ပိုက်ဆံတွေ။ နောက်ပိုင်း ကျတော့ လူဆိုးဂိုဏ်းမှ မာဖီးယားများ ဘဝကနေ ဘယ်လို ဘယ်လို မျက်စိလည် ကုန်ကြသည် မသိ။ စားသောက်ဆိုင် စားပွဲထိုးတွေ၊ လယ်သမား လက်လုပ်လက်စားတွေ ဖြစ်ကုန် ကြလေ၏။ နောက်ပိုင်း ဒီထက်ပို ကြံရာမရ ဖြစ်၍ ဒီထက်ပို ပိုက်ဆံပြတ် လာကြသော အခါတွင် Friend For Sale ဟူသော ဂိမ်းထဲဝင်၍ Facebook ထဲမှ မြင်မြင်ကရာ သူငယ်ချင်းတို့ကို လက်ညှိုးထိုး၍ ရောင်းစား ကြလေသည် ဟူ၏။ ဪ .. ရှာရှာဖွေဖွေ ဆွဲဆောင်လွန်းသည့် Facebook ပါပေ။

 

၎င်း Facebook သည် လူမှုရေး ကွန်ယက်ဆိုက် အဖြစ် သာမက Photo Gallery အဖြစ်လည်း အသုံးချချင် ချနိုင်သည့် အနေအထား ဖြစ်၏။ အချို့ သူငယ်ချင်း ကောင်မလေးများ ဓါတ်ပုံတွေ ရိုက်၍ တင်ထားလိုက် ကြသည်မှာ ပုံစံမျိုးစုံ၊ ဂိုက်မျိုးစုံ .. စမတ်ကို ဂွမ်လို့။ မြန်မာဆန်ဆန် အကျီ င်္လေးနဲ့ ထမီလေးနဲ့ ဝတ်ပြီး ဘုရားပေါ်မှာ ရိုက်လာတဲ့ ပုံလေး ဒီနေ့တင်ထား၊ နောက်နေ့ သွားကြည့်တော့ နောက်တစ်ပုံ ဖြစ်နေပြီ။ မနေ့ကနဲ့ မဆိုင်ရေးချ မဆိုင်။ မိန်းကလေး တန်မဲ့ ဆံပင်တွေ ထောင်လို့၊ မျက်ကွင်းကြီးတွေ မည်းလို့၊ နှုတ်ခမ်းနီ အမည်းကြီးတွေ ဆိုးလို့။ တချို့ ကျပြန်တော့ Facebook မှာ ဓါတ်ပုံတင်ရတာ ဘယ်လောက်ထိ ဝါသနာ ပါသည်မသိ။ သူတင်ထားသည့် ဓါတ်ပုံတွေ တစ်နေကုန် ထိုင်ကြည့်၍ မပြီး။ အမယ် .. ရိုးရိုးတန်းတန်းတောင် တင်ထားသည် မဟုတ်။ ဇာတ်လမ်း ကလေးနဲ့။ သူ့ငယ်ဘဝ ဓါတ်ပုံများ ကနေစ၍ အပျိုပေါက် ကလေး ဖြစ်လာပုံ၊ နောက် .. တက္ကသိုလ် ကျောင်းသူ ဘဝမှ စ၍ ခိုးရာ လိုက်ပြေးပုံ အဆုံး အကုန်လုံး တင်လေသည် ဟူသတတ်။ ဒါလည်း Facebook မှ လူမှုရေး ယဉ်ကျေးမှု တစ်ရပ် ဖြစ်မည်ဟု နှလုံးသွင်းမိသည်။

 

နောက်ထပ် အတန်းအစား တစ်မျိုးကတော့ ခုနက ပြောသလို ဂိမ်းလည်း မဆော့၊ ဓါတ်ပုံလည်း မတင်၊ တွေ့ကရာ နေရာ အကုန် Like လုပ်ကာ အေးအေးဆေးဆေး သောင်းကျန်း ကြသူများ ဖြစ်၏။ သူရဿဝါ ခံရဖူးသည်။ တစ်ရက်က စိတ်ဓါတ်ကျလွန်း၍ Facebook မှာ Status လေး ရေးတင်မိသည်။ “ခေါင်းတွေလည်းကိုက်၊ အအေးလည်းမိ၊ ချောင်းလည်း ဆိုးနေတယ်၊ တစ်ကိုယ်လုံးလည်း ကိုက်ခဲ နေတာပဲ၊ စိတ်ညစ်တယ်၊ သေချင်တယ်” ဟူ၍။ အဲဒါကို စာလည်း သေချာ ဖတ်ဟန်မတူဘဲ Like လုပ်သွားသည်။ မသိရင် ကိုယ်က နေမကောင်း ထိုင်မကောင်းလို့ စိတ်ညစ်ပြီး သေချင်တယ် ငြီးငြူတာကို သူကပဲ သဘောကျသလို၊ ထောက်ခံသလို ဖြစ်နေသည်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ။ Like Button ပဲ နှိပ်လို့ ရတာကိုး။ နှိပ်လို့ ရတာလေး နှိပ်ပြီး အားပေး သွားပုံ ရပါသည်။

 

ဘယ်လိုပြောပြော Facebook ကတော့ အင်တာနက် သုံးသူများကို အတော်ပင် လွှမ်းမိုးထားတာ အမှန်အကန် ဖြစ်၏။ မနက် မိုးလင်းတာနဲ့ မျက်လုံး နှစ်လုံး အစုံအစေ့ပင် မဖွင့်ရသေးခင် Facebook ပြေးဖွင့်သည်အထိ စွဲလမ်းနေသူများ အပုံအပင်။ အပြင်မှ အလုပ်အကိုင်များ အပျက်ခံပြီး Facebook ထဲ ဘဝမြှုပ်နှံကာ လယ်သမား လုပ်နေသူတွေ ဒုနဲ့ဒေး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး လူမှုရေး ကွန်ယက် ဆိုသည့် အတိုင်း ၎င်းလူမှုရေးများ စုပြုံရှုပ်ထွေး နေသည့် Facebook ကွန်ကြီးအတွင်း လိပ်ကလေးတွေလို အခုထိ ယက်ကန် ယက်ကန် ဖြစ်နေကြခြင်းမှ လွတ်မြောက် နိုင်ဖို့ရာ အဆင်သင့် မဖြစ်ကြသေးတာ သေချာနေလေသည်။
သူရဿဝါ
ဩဂတ်စ် ၂၅ ရက် ၊ ၂၀၁၁ ခုှနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.twitter.com/Thurathawah
www.facebook.com/LiteraryArtBlog
www.moba4all.org
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 97 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါးသရုပ်ဖော်ပုံကို ကာတွန်းနေကြီးမှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

7 comments

  • မီးမီး သော်

    August 26, 2011 at 8:57 am

    ကိုသူရဿဝါ ရေ ရေးတတ်လွန်းပါတယ်။ဝင်ဖတ်သွားပါတယ်နော်။အရမ်းလန်းတယ်နော် ရေးထားလိုက်တာ။

    Reply

  • Shwe Ei

    August 26, 2011 at 10:18 am

    ယက်ကန်ယက်ကန်ဖြစ်နေတယ်လို့တော့ မထင်ပေါင်။ မျောလွင့်နေတဲ့ တိမ်လောက်ဆိုတော်သေး။

    Reply

  • Moe Z

    August 26, 2011 at 11:38 am

    ရှိသေးတယ်..ကိုယ်တင်ထားတဲ့ပုံအောက်မှာ ဓာတ်ပုံနဲ့မဆိုင်တဲ့ comment တွေ …
    အမျိုးအချင်းချင်းတွေ့ပြီး နှုတ်ဆက်ထားကြတာလေ..

    Reply

  • Don Juan Ronald

    August 26, 2011 at 10:00 pm

    မှန်ပ။

    Reply

  • @leprechaun

    August 27, 2011 at 3:48 am

    သူရဿဝါဆိုတဲ့ နာမည်ကို စသိတာက Netguide ဂျာနယ်မှာ စတင်ခဲ့တာပါ။ အဲဒီဂျာနယ်မှာ စရေးတဲ့ စာမူက ဖတ်လို့ တော်တော်လေး ကောင်းပါတယ်။ ဘယ်လို ပြောရမလဲဆိုတော့ သရော်တဲ့ ပုံစံ ပေါက်နေပါတယ်။ ဒီလို စာမူမျိုးကို လေးငါး ကြိမ်လောက် ဂျာနယ်ပေါ်မှာ တွေ့လိုက်မိတယ်။ အဲဒီအချိန်တုန်းက ဂျာနယ် ဝယ်ပြီးပြီးချင်း သတင်းတွေ ဖတ်ပြီးတော့ သရော်စာလေးကို ဖတ်ခဲ့တာက အကြိမ်ကြိမ်ပါ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကုန်ကြမ်းကုန်သွားလို့လား မသိဘူး။ ဖတ်ရတာ အရင်လောက် မဖြစ်တော့ဘူး။ ဒီကော်မန့်က အစ်ကိုအတွက် မကောင်းမြင်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ထဲရှိတာကို ထုတ်ဖော်ပြတာပါ။ စာမူထဲ သုံးတဲ့ စကားလုံးတွေကလည်း အရင်လောက် ထိထိမိမိ သိပ်မရှိတော့သလိုပဲ။ ဒါကြောင့် ကြိုးစားပြီး ရေးပေးပါလို့။ တောင်းဆိုတာပါ။

    Reply

    • Thu Ra Tha Wah

      August 27, 2011 at 9:27 am

      ဟုတ်ပါတယ် … @leprechaun ရေ
      ကျွန်တော် အလုပ်တွေများတာရော
      ကုန်ကြမ်းရှားပါးတာရောကြောင့် နောက်ပိုင်းပိုစ့်တွေ
      အားရစရာ မကောင်းတာကို သိပါတယ်
      အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
      ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားရေးပါ့မယ်

      Reply

  • char too lan

    August 27, 2011 at 11:07 am

    ha ha !!!
    ကုန်ကြမ်းကလဲရှား ဝင်ငွေကလဲမကောင်းဆိုတော့ သရော်စာတွေ ရေးဖို့ စိတ်မပါတော့ဘူးလေ လိုင်းပြောင်းပီး လူရွှင်တော်လုပ်ဖို့ ကြိုးစားနေတယ် 😛 🙂

    Reply

Leave a Reply

Your email address will not be published.