ဒို့ဘာသာ (၃) ရော့၊ အင့်လို့မရ

ashinindakaAugust 22, 20111min08
အသက် (၃၅) နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက်
ဘုရားရှင် (၄၅) နှစ်ကြာ တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်။

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊
သတိပဋ္ဌာန် စသဖြင့် အကြောင်းအရာ မျိုးစုံဘဲ။
နောက်ပိုင်းမှာ ဘုရားဟောတရားတော်တွေဟာ
ပိဋကတ်သုံးပုံအဖြစ်ထင်ရှားလာတယ်။

ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေဟာ ဘာမှ တီထွင်ကြဆပြီး
ဟောခဲ့တာမပါဘူး။ အရှိတရားတွေကို ဟောတာ။
ဘုရားရှင်က အရှိတရားကို ပြန်လည်ထုတ်ဖော်ပြောဆိုပြတာ။

ဆိုကြပါဆိုစို့။
ဘုရားရှင်က ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါလို့ ပြောတယ်။
သူ့တပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ အသက်တိုတတ်တယ်၊
အနာရောဂါထူပြောတတ်တယ်။
သူ့တပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်သာ
အသက်ရှည်တတ်ပြီး အနာရောဂါကင်းရှင်းတတ်တယ် လို့ ဘုရားရှင်ပြောပါတယ်။

ဒီမှာနားလည်ရမှာက
သူတပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ ဘုရားရှင်ဟောလို့ အသက်တိုတတ်ပြီး
အနာရောဂါထူပြောတာမဟုတ်ဘူး။
ဘုရားရှင် ဟောဟော မဟောဟော၊ သူတပါးအသက်သတ်တဲ့သူ
ဒီအကျိုးတရားတွေနဲ့ ရင်ဆိုင်ရမှာပဲ။

ကုန်ကုန်ပြောရရင်
ဘုရားရှင် ပွင့်ထွန်းခဲ့သည်ဖြစ်စေ၊ မပွင့်ထွန်းခဲ့သည်ဖြစ်စေ၊
သူတပါးအသက်သတ်ရင် သတ်ခြင်းကြောင့် သဘာဝတရားဖြစ်တဲ့
အသက်တိုခြင်း အနာရောဂါထူပြောခြင်း အကျိုးကတော့ ပေးနေမှာ။
ဒါက သဘာဝ သဘောတရားတွေ၊ ဘုရားရှင်နဲ့ မဆိုင်ဘူး။

ဒီပါဏာတိပါတလို့ခေါ်တဲ့ သူတပါးအသက်သတ်လို့ ရလာမဲ့အကျိုးတရားတွေကလဲ
ဗုဒ္ဓဘာသာအတွက်တင် မဟုတ်ဘူး။
မြန်မာလူမျိုးအတွက်တင် မဟုတ်ဘူး။
ပါဏာတိပါတ (သူတပါးအသက်သတ်ခြင်း) ကို
ကုလားကဘဲ ကျူးလွန် ကျူးလွန်
တရုတ်ကဘဲ ကျူးလွန်ကျူးလွန်၊ အင်္ဂလိပ်ကဘဲ ကျူးလွန် ကျူးလွန်။
ကျူးလွန်တဲ့သူ အကျိုးအပြစ်ရနေမှာဘဲ။

ဒီလိုဘဲ။
ခရစ်ယာန်ဘာသာဝင်ကဘဲ ကျူးလွန်ကျူးလွန်၊
ဟိန္ဒူဘာသာဝင်ကဘဲ ကျူးလွန် ကျူးလွန်၊
အစ္စလာမ်ဘာသာဝင်ကဘဲ ကျူးလွန်ကျူးလွန်
ကျူးလွန်သူ အကျိုးအပြစ်ရနေမှာ။

ဒါ့ကြောင့်
ပါဏာတိပါတ (သူတပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သီလ) အပါအဝင်
ငါးပါးသီလဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့တင် ဆိုင်တာ မဟုတ်ဘူး။
မြန်မာလူမျိုးတွေနဲ့တင် ဆိုင်တာမဟုတ်ဘူး။
လူသားအားလုံးနဲ့ဆိုင်တာ။
လောကထဲမှာ ရှိနေတဲ့ အရှိတရား၊ သဘာဝနိယာမတရားကြီးဖြစ်နေတာကိုး။

ဒါပေမဲ့ ဒီအရှိတရား၊ သဘာဝနိယာမ တရားကြီးကို
ဘုရားရှင်က မပြောပြရင် ဒို့တတွေ သိမှာ မဟုတ်ဘူး။ သိခွင့်ရမှာ မဟုတ်ဘူး။
သူတပါးအသက်ကို သတ်ရင် ဒီလိုဖြစ်တတ်တယ်လို့
အရှိသဘောတရားကို ဘုရားရှင်ကသာ မပြောပြခဲ့ရင်
ဒို့တတွေ သူတပါးအသက် သတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။

အခုတော့
သူ့သက်သတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည် လို့
ဘုရားရှင်ပြောပြခဲ့လို့ ဒို့တတွေ နားလည်ပြီး ကျင့်သုံးခွင့် လိုက်နာခွင့်ရတာ။

အခြားတရားတော်တွေဖြစ်တဲ့ သစ္စာလေးပါးတို့၊ မဂ္ဂင်ရှစ်ပါးတို့ကိုလဲ
ဘုရားရှင် ဟောကြားပြောကြားခဲ့လို့ သိရတာ။

ကုသိုလ် အကုသိုလ် ကောင်းတာ မကောင်းတာတွေကို
ဘုရားရှင် ခွဲခြားပြခဲ့တော့ သိလာရပြီး ဆောင်တတ် ရှောင်တတ်လာတာ။

ဒီတော့ ဒီလို ဆောင်တတ် ရှောင်တတ်ကျင့်ကြံတတ်အောင်
ပြောပြဟောပြညွှန်ပြခဲ့တဲ့ ဘုရားရှင်ကို ဒို့တတွေ ဗုဒ္ဓဘာသာဝင်တွေက
ဆရာတစ်ဆူအဖြစ်မှတ်ယူပြီး ကျေးဇူးတင်လွန်းလို့
ကျေးဇူးတင်တဲ့အနေနဲ့ အလေးပေးရတာ။
ကိုးကွယ်ရတာ၊ ဆည်းကပ်ရတာ၊ ပူဇော်ရတာ။

ဘုရားရှင်ကို ဆွမ်း၊ ပန်း၊ ရေချမ်းစသည်ကပ်လှူတာကလဲ
ဘုရားရှင်က တစုံတခု ပေးနိုင်လို့
ဘုရားရှင်ထံမှ တစုံတခု မျှော်လင့်ချက်နဲ့ ကပ်လှူရတာမဟုတ်ဘူး။

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က
ဘုရားရှင် ပရိနိဗ္ဗာန်စံ (ကွယ်လွန်) သွားပြီဖြစ်တဲ့အတွက်
ပရိနိဗ္ဗာန်စံသွားပြီဖြစ်တဲ့ ဘုရားရှင်က လာပြီး
‘ရော့၊ အင့်’ လို့
ဘာမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

အထက်က ပြောခဲ့သလို ဘုရားရှင်ကို
လောကီအရေး၊ သံသရာအရေး ဆောင်ရန် ရှောင်ရန်တွေကို
လမ်းညွှန်ပေးတဲ့ဆရာအဖြစ်မှတ်ယူပြီး ကျေးဇူးတင်လွန်းလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်ဆည်းကပ်ကြတာပါ။
ကိုးကွယ်ဆည်းကပ်ရမှာပါ။

8 comments

  • တညင်သား

    August 22, 2011 at 6:58 am

    အရှင်ဘုရား ကျန်းမာတော်မူပါစ ဘုရား … အရှင်ဘုရားရေးထာသောစာပေတွေ ဖတ်ရှု့၍ မရပါဘုရား ဘယ်လို ဘယ်ပုံ ဖောင့် အမျိုးအစားအသုံးပြုထားပါလဲသိပါရစေဘုရာ့…တပည့်တော် တစ်ယောက်ထဲ ဖတ်ရှု့၍ မရဖြစ်ခဲ့ရင် ထပည့်တော်အတွက် ထည့်မစဉ်းစားပါနဲ့ဘုရား… သိတဲ့သူများလဲ အကြံဉာဏ်လေးပေးကြပါအုံးခင်ဗျား…………..

    Reply

    • zawmyothu

      August 22, 2011 at 9:39 am

      Mozilla Firefox ဆိုရင် Tools>Options>Content>Default font မှာ Zawgyi-one
      ပြောင်းထားတာ ဟုတ်မဟုတ်
      ပြန်ကြည်.လိုက်ပါလား။

      Reply

  • ashinindaka

    August 22, 2011 at 7:01 am

    zawgyi1 ပဲသုံးတာပါ။ Mozilla Firefox နဲ့ဖတ်ရင် အဆင်ပြေမယ်ထင်တယ်။ IE က သိပ်အဆင်မပြေဘူး။ နောက်ဆုံးအဆင့် အဆင်မပြေရင် ကော်ပီလုပ်ပြီး Microsoft Word ထဲ ထည့်ဖတ်ပေတော့ တညင်သားရေ။

    Reply

  • maungmoenyo

    August 22, 2011 at 7:18 am

    မှန်လိုက်လေ…အရှင်ဘုရားကလင်းလိုက်မှဘဲ..ဒဲ့ဒိုးအဖြေဖြစ်သွားတယ်။ လောကမှာဖြစ်နေကြသမျှ အရာအားလုံးဟာ တစ်ဦးတစ်ယောက်သောသူ (သိုု) ဘုရားတဆူဆူကဟောလို့ဖြစ်တာမဟုတ်၊ လောကရဲ့ နိယာမတရားတွေအရဖြစ်ကြရတာ ဆိုတာ……။
    ကံ နဲ့ ကံ၏အကျိုးကိုကိုယ်လိုရာဆွဲတွေးဆွဲပြောနေကြသူတွေအတွက်……….

    Reply

  • ကြောင်ကြီး

    August 22, 2011 at 8:01 am

    အရှင်ဘုရားပြောတဲ့ လောကနိယာမသတ္တိကြောင့်ဆိုတာ အမှန်တရားဖြစ်ပေမဲ့ သူ့ချည်းသက်သက်သုံးရင် ဥပမာ – သူ့အသက်သတ်ရင် ကိုယ့်အသက်တိုမယ် ဆိုတာမျိုးသည် အပြင်ဖက်လောကမှာ အမြဲတစေ မှန်မနေလို့ နောက်ဆက်တွဲ ရှင်းလင်းချက် ကံ၊ကံ၏အကျိုး၊ သံသရာစသည်တို့နှင့် တွဲဖက်သုံးရသည် ထင်ပါသည်။ မသုံးပဲ လက်တွေ့ဆန်ဆန် အများနားလည်အောင် ပြောပြန်တော့လည်း သူ့အသက်သတ်ပြီး အသက်ရှည်သူများ၊ သီလမစင်ကြယ်ဘဲ ဆေးသိပ္ပံအကျိုးဖြင့် အာယုဆက်နေသူများက ထော်လော်ကန့်လန့် ဖြစ်နေပါသည်။ အကျယ်ချဲ့ပြီး နောင်ဘဝ၊ စိတ်ဇော စသည်တို့ဖြင့် ရှင်းပြန်တော့လည်း သဂျီးတို့လို ရုပ်ဝါဒီများ၊ ပစ္စုပ္ပန်ဝါဒီများ၏ ဝေဖန်တိုက်ခိုက်ခံရခြင်းမှ မလွတ်ကင်းပြန်ပါ။ ဆရာတော်လို ခေတ်ပညာတတ် ပုဂ္ဂိုလ်မျိုးမှ မည်သည်အကြောင်းအရာကို မည်သို့သောကြောင့် လက်ခံ၊လက်မခံဆိုသည်ကို တိကျပြတ်သားစွာ ပြောဆိုပါမှ စာဖတ်သူအများအတွက် အကျိုးကျေးဇူးများနိုင်ပါသည်။

    Reply

  • မီးမီး သော်

    August 22, 2011 at 11:16 am

    ယခုလို ရှင်းပြပေးတဲ ့အတွက် ကျေးဇူးပါ အရှင်ဘုရား။ယခု အရှင်ဘုရား ဘယ်မှာ သီတင်းသုံးနေပါသလဲ သိချင်ပါတယ်။ခုက ဝါတွင်းကာလမို ့မေးကြည့်တာပါ ဘုရား။

    Reply

  • zawmaung

    August 22, 2011 at 11:27 am

    ကြောင်ကြီး says: Agree with you . I want to know too. thanks.

    Reply

  • ashinindaka

    August 22, 2011 at 11:54 am

    လောလောဆယ် မလေးရှားမှာ။

    Reply

Leave a Reply to maungmoenyo Cancel Reply

Your email address will not be published.