နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလား အပိုင်း(၂)
88 အရေးအခင်းအပြီးမှာ ပြည်ပထွက်ဖို့လည်းလွယ်သွားတော့ ကျွန်မတို့အတန်းက ဝန်ထမ်းအလုပ်မရတဲ့ သူငယ်ချင်းတွေရော၊ဆရာတွေ၊နောင်တော်အမတော်တွေရော နိုင်ငံအသီးသီးကို ထွက်ကြပါတယ်။ သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတစ်ပါးမှာ အခြေချနိုင်ကြတာမဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊ Waiter ၊ ဓါတ်ခွဲခန်းအကူ စသည်ဖြင့် ကိုယ့်ပညာအရည်အချင်းထက်နိ်မ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး ဝင်ငွေရှာ၊ တစ်ဖက်ကလည်း ကျောင်းတက်ကြရပါတယ်။ သက်တောင့် သက်သာနဲ့ မူလအသက်မွေးဝမ်းကျောင်းအတိုင်းရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစုကတော့ ရုန်းကန်လှုပ်ရှားပြီးမှ ဆရာဝန်အဖြစ်နဲ့ဘဲ အသက်မွေးနိုင်တဲ့သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊ အခြားအသက်မွေးဝမ်းကျောင်းလိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။
ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပထွက်စရာ မလိုပါဘူးလို့ မေးစရာရှိပါတယ်။ ကျွန်မအတွေ့အကြုံပဲပြောပါမယ်။ ကျွန်မကနယ်မြို့ လေးမှာ G.P 5 နှစ်လုပ်ခဲ့ပါတယ်။ မိဘပိုင်အိမ်မှာ မိဘကရင်းပေးတဲ့ ငွေငါးသောင်းနဲ့ ဆေးခန်းပရိဘောဂတွေလုပ်၊ ဆေးတွေဝယ်ပြီးတော့ ဆေးခန်းဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က တရုပ်ကလာတဲ့ ထိုးဆေး စားဆေး တွေက B.P.I ထက် ဈေ းသက်သာပြီး Effective လည်းဖြစ်ပါတယ်။ ထိုးဆေးတစ်လုံးကို တစ်ကျပ် ပတ်ဝန်းကျင်၊ ပါရာစီတမော တစ်လုံးကို ၁ဝ ပြား၊ Ampicillin တစ်လုံးကို တစ်မတ်လောက် ကျတဲ့ခေတ်ပါ။ အဲဒီအချိန်က အသားဆေးတစ်လုံးထိုးပေးပြီး တစ်ရက်စာဆေးပေးရင်(ကျွန်မက ဆေး ကို စာအုပ်ထဲကအတိုင်း Dose အပြည့်ဘဲပေးပါတယ်) ဆေးဖိုး သုံးကျပ်လောက်ကျပါတယ်။ ကျွန်မ လူနာဆီက ငါးကျပ်ယူတယ်။ တောကလူနာဆိုရင် သူထပ်မလာနိုင်မှာစိုးလို့ Antibiotics ကို ငါးရက်စာ တစ်ခါတည်း ပေးလိုက်ရတယ်။ ဆင်းရဲတဲ့လူနာဆိုရင် ဆေးဖိုးမယူတဲ့အပြင် ဝမ်းလျှောနေရင် ဓာတ်ဆား ရည်ပါဖျော်တိုက်လိုက်ရတယ်။ အာဟာရမပြည့်တဲ့ ကလေးတွေဆိုရင် မုန့်ပါဝယ်ပေးလိုက်ရတယ်။ တစ်ခါသုံးဆေးထိုးအပ်တွေမပေါ်သေးတော့ Syringe နဲ့ Needle တွေကို အနည်းဆုံး မိနစ် ၂ဝ ကြာ အောင် ပြုတ်ပြီးမှ ဆေးထိုးတယ်။ မီးမလာတဲ့နေ့တွေမှာ ကျွန်မရဲ့လူနာတွေဟာ မီးသွေးမီးဖိုလေးကို ကူပြီး မီးမွှေးပေးကြရတယ်။ လူနာရှင်းသွားပြီးချိန် Syringe နဲ့ Needle ပြုတ်တဲ့အိုးလေး မေ့ထားမိလို့ တူးခြစ်ပြီး လွှင့်ပစ်ရပေါင်းလည်း မနည်းဘူး။ အဲဒီလို မိဘလုပ်စာ ထိုင်စား၊ မိဘဆင်တဲ့ အဝတ် ဝတ်ပြီး ၅ နှစ်လောက် ဆေးခန်းဖွင့်လိုက်တာ ကျွန်မလက်ထဲ ဆေးခန်းထဲက ဆေးတွေနဲ့ ငွေ ငါးသောင်းဘဲ စုမိတယ်။ ကျွန်မ မိဘကလည်း ကြည်ကြည်ဖြူဖြူ တင်ကျွေးထားလို့ပေါ့။ အဲဒီအချိန် ကျွန်မအဖေ ကလည်း အသက်ကြီး ကူဖော်လောင်ဖက်လည်းမရှိတော့ အဖေ့စီးပွားရေးလုပ်ငန်းကို ကျွန်မတာဝန်ယူ လိုက်ရတယ်။ ကျွန်မရဲ့ဆေးခန်းလေးပိတ်လိုက်ချိန်မှာ လူနာတွေလာမေးရင် ဆေးခန်းနဲ့တွဲလျက် ပွဲရုံ စားပွဲနောက်မှာ ကျွန်မပုန်းနေရတယ်။ မျက်နှာပူလို့ ။ ခုထိလည်း ကျွန်ရဲ့တောကလူနာတွေ ကျွန်မကို တွေ့ရင် ဝမ်းသာအားရ နှုတ်ဆက်ကြတုန်းပါဘဲ။ ကျွန်မကတော့ ဒီ Profession မှာ ကျွန်မဆက်လက် မရပ်တည်နိုင်ခဲ့တာကို ခုထိ လိပ်ပြာမလုံနိုင်သေးပါဘူး။
G.P နဲ့အောင်မြင်နေတဲ့ ဆရာဝန်တွေ အများကြီးပါဘဲ။ ဒါပေမယ့် မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ ကူညီမှု မပါရင် စေတနာ ဆရာဝန်မလုပ်နိုင်ပါဘူး။ အစိုးရဝန်ထမ်းအဖြစ်ဆိုရင်တော့ သူ့ရဲ့စေတနာတွေ ပြည်သူအပေါ် ပိုပြီးထင်ဟပ်နိုင်မှာပါ။
အခုပြည်ပရောက်နေတဲ့ ဆရာတစ်ယောက်အကြောင်းလည်းပြော ပြချင်ပါသေးတယ်။ 88 မတိုင်မီက အဖြစ်ပါ။ M.Sc အောင်ပြီး M.R.C.P ဝင်ခွင့်ကို အကြိမ်ကြိမ်ဖြေပါ တယ်။ တစ်နှစ်ပြီးတစ်နှစ် နောက်ဆုံးဆန်ကာတင်မှာ သူကျန်ခဲ့တယ်။ နောက်ဆုံးတစ်နှစ် Viva ဖြေပြီး တော့ ဆရာမကြီး ကိုယ်တိုင်က မောင်——– ရယ် ဒီနှစ်မင်းပါမှာ သေချာပြီလို့ပြောခဲ့ပါတယ်။ ဒါလည်း သူပြုတ် ကျန်ခဲ့တာပါဘဲ။ ဆရာကစာတော်ပေမယ့် ကျောထောက်နောက်ခံမှ မကောင်းခဲ့တာကိုး။ အဲဒီတော့ ထွက်ခွင့်ရတဲ့ အချိန်မှာ ဆရာထွက်သွားပါတယ်။ ဆုံးရှုံးမှုတစ်ခုပါဘဲ။
မကြာသေးခင်က House Surgeon လေးတွေ လစာ ၁၂၀ဝ ကျပ်ကနေ ၅၅၀၀ဝ ကျပ် ကို တိုးပေးလိုက်တယ်ဆိုလို့ မုဒိတာပွားရပါတယ်။ အခုအပြင်မှာ စာမတတ်တဲ့ စည်ပင်ဝန်ထမ်းက တစ်နေ့ ၁၅၀ဝ ကျပ် ရပါတယ်။ ၈ တန်းလောက်တတ်တဲ့ အထည်ချုပ်သမလေးတွေ(ချည်မွှေးညှပ်လေးတွေ) အောက်ထစ် တစ်လကို ၅၀၀၀ဝ ကျပ် ရပါတယ်။ House Surgeon ဘဝ သိပ်ပင်ပန်းပါတယ်။ မိဘလုပ် စာ စားနေလို့သာ ဒီလိုလုပ်နေနိုင်ကြတာပါ။
ဒီလိုဆိုရင် ဘွဲ့လွန်တွေရပြီးမှ ထွက်သွားတဲ့သူတွေ ဘယ်လိုကြောင့်လဲလို့မေးစရာရှိပါတယ်။ ကျွန်မသူငယ်ချင်း M.R.C.P ယူပြီး ပြန်လာခါစမှာ Ward တိုင်းမှာ Defibrillator ခေါ်တဲ့ နှလုံးနှိုးစက် ထားပေးသင့်တဲ့အကြောင်း ( နိုင်ငံခြားမှာ ဆရာဝန်မဟုတ်တဲ့ သူတောင်တတ်ရပါတယ်) အကြံပေးတော့ သူအဆူခံလိုက်ရပါတယ်။ ဒီနောက်ပိုင်းတော့ သူလည်း ဆင်ဆင်ခြင်ခြင်အလိုက်သင့် နေသွားရပါတယ်။

10 comments
ကိုပေါက်(မန္တလေး)
August 15, 2011 at 10:51 pm
ပဒုမ္မာရေး သလိုပါဘဲ အလွှာမျုးိစုံက ပညာရှင်တွေ
ဒီလိုနဲ့ဘဲ တိုင်းပြည်အပြင်ကိုရောက်ခဲ့တာ အမှန်ပါဘဲ။
သင်ထားတဲ့ပညာနဲ့ထိုက်တန်တဲ့ဝင်ငွေမရခဲ့ကြလို့ပါ။
weiwei
August 15, 2011 at 10:56 pm
မပဒုမ္မာရေးတာ စိတ်ဝင်စားဖို့ကောင်းပါတယ် … ဗဟုသုတလည်းရပါတယ် …
ဆရာမ ဂျူးရေးတာကို ဖတ်နေရသလိုပဲ …
thit min
August 16, 2011 at 12:56 am
I wanna go back to Myanmar really and I wanna to do something for our country as much as I can.
maungmoenyo
August 16, 2011 at 7:14 am
မပဒုမ္မာရဲ့ ဘဝပေးက ဆေးကုဝတဲ့ဆရာဝန်ဘဝကနေ လိုင်းပြောင်းလိုက်ရတယ်ဆိုတော့ စိတ်မကောင်းပေမဲ့ တည်ငြိမ်မယ်လို့ထင်တဲ့ အသက်မွေးဝမ်းကြောင်းကိုရောက်သွားတယ်လို့မြင်မိပါတယ်။ ညီမပြောသလိုဘဲ ပြည်ပကိုထွက်ခွာသွားကြရသူတွေဟာ အမိမြေကို နည်းမျိုးစုံနဲ့လွမ်းကြသူတွေပါဘဲ။ ပြောလို့မဆုံးတဲ့ ကိစ္စကြီးမိုးထပ်အကျယ်မချဲ့ချင်ပါဘူး။ ဆရာဝန်အဖြစ်ဆေးဝါးကုသပေးတဲ့အချိန်မှာ ပုဗ္ဗ၊ မုံစ၊ ပရ နဲ့ညီခဲ့ရင် ထူးတဲ့ကုသိုလ် ပါဘဲ။ အဲ့ဒီကရတဲ့ ပီတိကဘာနဲ့မှမလဲနိုင်ပါဘူး။ လူနာစမ်းရင်းနဲ့ ဘယ်လောက် charge လုပ်ရမလဲ၊ လူနာမစမ်းခင်ကတည်းက လူနာရဲ့ တတ်နိုင်စွမ်းရည်ကိုခြေဆုံးခေါင်းဆုံးကြည့်တဲ့ အဖြစ်မျိုးမရှိခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ တိုးတက်ပြီး ခေတ်မှီနည်းပညာတွေလိုက်မမှီတဲ့ နိုင်ငံကြီးတွေ မှာ insurance coverage သက်သေမထူနိုင်သရျွေ လူနာကိုဘယ်သူကမှလက်ဖျားနဲ့ မတို့တဲ့ စိတ်ဓါတ်တွေနဲ့ စာရင်၊ လူများစုမတတ်နိုင်သူတွေကို ကိုယ့်အိပ်ကတ်ထဲကဖဲ့ပေးနိုင်တဲ့ ကုသိုလ်က ဘာနဲ့မှလဲမရတဲ့ ကုသိုလ်ပါ။
ခုခေတ်မှာ အပြည်ပြည်ရောက်နေပြီးအချေကျနေကြတဲ့ ဆရာဝန်ကြီးငယ်အပေါင်းက ကိုယ့်နိုင်ငံ မှာရှိတဲ့အရပ်ဒေသတွေမှာ ကျန်းမာရေးနဲ့ပါတ်သက်ပြီး စွမ်းအားရှိကြသမျှ၊ ကုသိုလ်ပြုနေကြတာတွေ ဒုနဲ့ဒေးရှိနေပါပြီ။ ဒါပေမဲ့ ကျွေးသူကတယောက်၊ ပါးစပ်ပေါက်ကရာထောင်ရှိနေတဲ့ မြန်မာနိုင်ငံကြီးမှာ လိုက်လေဝေးလေ ကျန်းမာရေးစနစ်ခေတ်ကြီးရောက်မှန်းမသိရောက်နေပါပြီ။
မောင်မိုးညိုတို့ မြန်မာနိုင်ငံမှာနေထိုင်ကြစဉ် အစိုးရဆေးရုံတွေမှာ ဆေးဝါးမပြည့်စုံပေမဲ့ ဆရာဝန်တွေပျားပန်းခတ်ရှိနေခဲ့ပေမဲ့၊ ဒီကနေ့ မှာ တက်ရောက်လာကြတဲ့ လူနယကြီးငယ်အပေါင်း (မတတ်နိုင်ကြသူတွေ) က အဆောင်ဆရာမ၊ ဝန်ထမ်းများရဲ့ စီမံခံ့ခွဲမှုအောက်မှာ ပိပြားလို့နေပါပြီ။
အဓိကကတော့ မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက်လွှမ်းခြုံမှုပြုနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတခုကို စနစ်တကျ အကောင်အထည်ဖေါ်ဘို့လိုနေပါပြီ။
ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲံရသူတွေ ကမြန်မာ နိုင်ငံကိုပြန်အကျိုးပြုကြဘို့ ဆန္ဒတွေ အလျံပယ်ရှိနေကြောင်း တလောက က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှာတာဝန်ယူခဲ့ဖူးတဲ့ မိတ်ဆွေလည်းဖြစ် ဆရာလည်းဖြစ်ခဲ့သူတယောက်က သူ့ဆန္ဒကိုပြောပါတယ်။
ကုသိုလ်ပြုဆန္ဒဖြည့်တင်းချင်ကြသူတွေ နဲ့ မြန်မာနိုင်ငံလက်ရှိအစိုးရမင်းတို့အကြားသဟဇာတဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။
MaMa
August 16, 2011 at 7:23 am
ကျောင်းပြီးကတည်းက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်၊ အဲဒီမှာပဲ အိမ်ထောင်ကျ၊ သားသမီးတွေလည်း အဲဒီမှာပဲ ကျောင်းထားတဲ့ သူငယ်ချင်းနဲ့တွေ့တော့ ဘာလို့ အဲဒီမှာ နိုင်ငံသား မခံယူသေးတာလဲ မေးကြည်တဲ့အခါ အသက်ကြီးလာရင် ဒီမှာ ပြန်နေမှာမို့လို့ တဲ့လေ။ ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ဒီမှာပဲ အေးအေးချမ်းချမ်း နေချင်တယ်တဲ့။ သူလို့ လင်မယားနှစ်ယောက်စလုံး မြန်မာတွေပဲ ဖြစ်ကြပြီး လစာအရမ်းကောင်းကြပါတယ်။ အခုတော့ စီးပွားရှာနေရတာမို့ နိုင်ငံခြားမှာ နေတာတဲ့လေ။
ကြောင်ကြီး
August 16, 2011 at 8:58 am
Ownerပဒုမ္မာ
ဂုဏ်မရှာ ယုံပါ
နုံခြာလို့
ထွက်တာမဟုတ်..
ကုန်မာ
ပုံပမာ
အစုံပါဖို့
ဖုံခါထွက်ခဲ့ရပါငှဲ့..
ကြုံသဟာ
ဒုံချာဆိုင်း
ခြုံတိုင်းကွယ်
ဒီမယ်မှာ ခိုးလိုးခုလု…။
pan pan
August 16, 2011 at 10:18 am
ကျွန်မအသိ(နေမကောင်းလို့ ဆေးခန်းပြရင်းသိသွားတာ) ဆရာဝန်မတစ်ယောက်ကတော့ ပြောဖူးတယ်
သူ့အနေနဲ့ပြောရရင် ဆရာဝန်အလုပ်လုပ်ရတာ လူလည်းပင်ပန်းတယ်၊ ချမ်းသာဖို့လည်း မလွယ်ဘူးဆိုတဲ့သဘောလည်း ပါပါတယ်
(အထူးကုဖြစ်သွားရင်တော့တစ်မျိုးပေ့ါလေ၊ ဒါကကိုယ့်စိတ်ကူး)
အဲဒါနဲ့ ကျွန်မလည်းပြောလိုက်ပါတယ် ကုသိုလ်တော့ရပါတယ်လို့
အဲဒါသူက ဟုတ်တယ် ကုသိုလ်ရပါတယ် အဲဒါလေးနဲ့ပဲ ဖြေသိမ့်စရာရှိတယ်တဲ့
akswe
August 16, 2011 at 12:16 pm
မပဒုမ္မာရေ….ပို့စ် နှစ်ခုလုံးကိုဖတ်ြ့ပီး ဆက်အိပ်လို့ မရတော့လို့ ငုတ်တုတ်ထ ထိုင်နေရတော့တယ် …
ရင်ထဲမှာလည်း အတွေးတွေ တစ်လှေကြီးနဲ့ …
ကိုယ့်မြေကိုလည်းလွမ်း အိမ်မှာလည်း မိအိုဖအိုတွေနဲ့ စားစရာကမရှိ ကိုယ့်နိုင်ငံမှာလည်းရှာမစားတတ် တော့…
ရေကြည်ရာမှာ မြက်နုရာမှာ ဝေးလွင့်နေကြရတာပါ ..
လကိုနှစ်စားလို့ အသက်တွေ ကြီးလာတာပဲ အမြတ်တင်တာကို သတိထားမိတဲ့အခါ
အချိန်တန်ရင် ငါတော့ အိမ်ပြန်မယ်လို့ တွေးတော အားတင်းရင်း…
ယောက့်ရှိုင်းယားရဲ့နေဝင်ရီတယောတွေမှာ…. ဘာအတွက်လို့ မဝေခွဲနိုင်တဲ့ …မျက်ရည်ကျနေတတ်ပြီ…
padonmar
August 16, 2011 at 9:00 pm
အကိုကြီး maungmoenyo နှစ်သိမ့်အားပေးတဲ့အတွက်ကျေးဇူးပါ၊
် ဒီအသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ရခဲ့တဲ့ပီတိတွေကတော့ တလှေကြီးပါဘဲ။
ကျွန်မတို့ House Surgeon ဘဝ အခြေအနေလောက်ရောက်ရင်တောင် ကျေနပ်နိုင်မယ်ထင်ပါရဲ့၊
အကိုကြီးပြောတဲ့ ပညာရှင်တွေ ပြန်လာပြီး လက်တွဲ အကောင်အထည်ဖော်ပေးမယ့်နေ့ကို အားလုံးဘဲ မျှော်လင့်နေပါတယ်။
အဘဆွေရေ၊
ဘာလင်တံတိုင်းကြီးဖြိုချနိုင်ခဲ့သလို မဝေးတော့တဲ့ တစ်ချိန်မှာ ကျွန်မတို့် အမုန်းတံတိုင်းကြီးဖြိုချနိုင်ခဲ့ရင် အဘဆွေတို့လည်း ပျော်ပျော်ကြီး အိမ်ပြန်နိုင်ကြမှာပါ၊
Foreign Resident
August 17, 2011 at 2:44 am
Mizzima News ( 16th Aug 2011 )
–http://mizzimaburmese.com/news/inside-burma/8150-2011-08-16-12-01-13.html–
” ထူးခြားမှု တခုအနေဖြင့် မြန်မာအစိုးရ အဆက်ဆက်က ဝါဒဖြန့် လက်နက်တခုအဖြစ် အသုံးပြုခဲ့သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖေါ်ပြလေ့ရှိသည့်
“ VOA, BBC ရန်တိုက်ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား နားမယောင်လေနဲ့ သတိထား ”
ဟူသည့် ပြည်ပ အခြေစိုက် သတင်းဌာနများကို တိုက်ခိုက်ရေးသားထားသည့် စာသားများ
ယနေ့ထုတ် သတင်းစာများတွင် မတွေ့ရပါ ” 😛