Social Work နှင့် နောက်ဆက်တွဲ (ကိုယ်တွေ့)

Shwe EiAugust 12, 20111min010

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလများ

ကျွန်မတို့ အဖွဲ့အစည်းက မြန်မာတိုင်းရင်းသားထူထောင်တဲ့ လူမှုရေးအဖွဲ့အစည်းလေးပါ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ သဘာဝဘေးနဲ့ပတ်သတ်တဲ့အသိပညာပေးသင်တန်းတွေ ပို့ချဖို့ ရန်ကုန်မှာ နိူင်ငံတကာအဖွဲ့အစည်းတွေက လာပေးတဲ့သင်တန်းတွေအရင်တက်ပြီး အစမ်းလေ့ကျင့်မှုတွေ အထပ်ထပ်အခါခါပြုလုပ်ရပါတယ်။ အဲဒါပြီးတော့မှ နယ်ကိုဆင်းဖို့ အဖွဲ့ငယ်လေးတွေပြန်ခွဲပြီး စေလွှတ်ခြင်းခံရပါတယ်။ အဖွဲ့တဖွဲ့ကိုရွာ ၄ ရွာတာဝန်ယူရပါတယ်။

အဲဒီအထဲကမှ ကျွန်မက တခုသောအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။ ယောက်ကျားလေး ၂ယောက်၊ မိန်းကလေး ၃ယောက်ရှိတဲ့ကျွန်မတို့အဖွဲ့မှာ ရန်ကုန်ကဆိုလို့ ကျွန်မတယောက်တည်းပါပြီး ကျန်တာနယ်ခံတွေပါဘဲ။ ဆိုတော့ သွားရေး လာရေးကအစ နေရေး ထိုင်ရေးကော စားရေးသောက်ရေးပါ အစစအရာရာ အဆင်ပြေနေပါတော့တယ်။

ရွာတွေကိုသင်တန်းပေးဖို့ရောက်သွားတော့လည်း ရာအိမ်မှုးကအစ ကလေးပိစိကွေးပါမကျန် ကျွန်မတို့အဖွဲ့တွေကို ဆရာတို့၊ ဆရာမတို့ ဘာလုပ်ပေးရမလဲဆိုပြီး တလေးတစား ဆက်ဆံကြတော့ အားနာရပါသေးတယ်။ နယ်ခံအချင်းချင်းမို့ ဆိုပြီးကျန်အဖွဲ့သားများကို မလေးမစားပြောဆို ဆက်ဆံတာမျိုးမလုပ်တာလည်း ချီးကျုးလောက်တဲ့အပြုအမူပါဘဲ။

ကျွန်မတို့သင်တန်းရဲ့ပုံစံက တရွာကို ၃ရက်နှုန်းနဲ့ မနက် ၈နာရီမှ ညနေ ၅နာရီထိ ကိုနေ့လည်ထမင်းစားချိန်တခါ လဘက်ရည်သောက်ချိန်တခါ စုစုပေါင်း ၂ခါနားပါတယ်။ အဲဒီမှာ ပြောချင်တာက သင်တန်းလာတက်သူများကိုပါ။ ရာအိမ်မှုးက တအိမ်တရောက်လာတက်ကြဖို့ ဖိတ်ခေါ်ထားလေတော့ ၃ရက်ဆက်တိုက် အလုပ်ပျက် အကိုင်ပျက်ခံပြီး သင်တန်းလာတက်နိုင်သူများကို စာရင်းပေးလိုက်ကြပါတော့တယ်။ ဒါကတော့ ကျောင်းမနေရသေးသော (၅နှစ်ပြည့်သူတိုင်း ကျောင်းမနေနိုင်ပါ) ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးတွဲလောင်းနှင့် အိမ်ရှင်မများ၊ အင်မတန်အလုပ်အားသော (ဆရာမလေးများကို ပညာစမ်းချင်သော) ကာလသားများ၊ ကျေးရွာလူကြီးများ (အလုပ်ပါးသူအနည်းငယ်) တက်ရောက်ကြပါတယ်။

သင်တန်းတက်ရောက်ကြသူများကို မှတ်စုစာအုပ်နဲ့ ဘောပင်တချောင်းစီ ပေးပါတယ်။ နေ့လည်စာ အတွက်တော့ ကျွန်မတို့အဖွဲ့ကဘဲ ရွာလူကြီးထံ ပိုက်ဆံအပ်ပြီးစီစဉ်ပေးဖို့ အကူအညီတောင်းရပါတယ်။ အဆာပြေမုန့်ကို ကော်ဖီနဲ့ အအေးတလှည့်စီတိုက်နိုင်အောင် ရုံးကဘဲစီစဉ်ပြီးယူလာရပါတယ်(ရွာတွင် များများစားစား ဘာမှဝယ်လို့မရပါ)။

အံ့ဩစရာကောင်းတာက ကျွန်မတို့သင်တန်းကို လူကြီးတွေထက် ကလေးများအပါအဝင် ငယ်ရွယ်သူတွေက ပိုပြီးစိတ်ဝင်စားကြတာပါဘဲ။ သင်တန်းအပေါ်စိတ်ဝင်စားမှုရှိအောင်လည်း Game လေးတွေပါထည့်ပြီး စီစဉ်ရတာပေါ့လေ။ သင်ခန်းစာတွေကိုတော့ ရှည်လွန်းလို့ ထည့်မပြောတော့ပါဘူး။ အဲဒီမှာ သတင်းပို့ခြင်းနဲ့ ပတ်သတ်တဲ့ဂိမ်းတခုပါတယ်ရှင့်။ သင်တန်းသားတွေကို ၂ပိုင်းခွဲလိုက်ပြီး တဖွဲ့ကို သတင်းစကားတခုစီတိုးတိုး တိတ်တိတ် ပြောပြလိုက်တယ်။ ပြီးတော့ ထိပ်ဆုံးလူကနေ နောက်ဆုံးလူထိ သတင်းပို့တဲ့နေရာမှာ ဘယ်အဖွဲ့ကအမှန်ဆုံးနဲ့အမြန်ဆုံး ပြီးသလဲဆိုတာကြည့်ပြီး အနိုင်အရှုံးဆုံးဖြတ်ပါတယ်။ အပြင်းလဲပြေ အကျိုးလည်းရှိပေါ့ရှင်။ သို့သော် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဆိုသလိုဘဲ အဖွဲ့ ၂ဖွဲ့ရဲ့ နောက်ဆုံးလူ၂ ယောက်ဆီက ထွက်လာတဲ့ သတင်းစကားတွေက မူရင်းနဲ့ ဆက်စပ်ကြည့်လို့ မရလောက်အောင်လွဲနေပါတော့တယ်။ ကျွန်မတို့ ဆရာလက်သစ်များ အဖွဲ့လည်း မျက်ရည်ထွက်အောင်ရီကြ သင်တန်းသားများလည်း သူတို့အလွဲသူတို့ သဘောကျပြီး ရီကြနဲ့ သင်တန်းရုံတခုလုံး သောသောညံနေတာပါဘဲ။

ဒီလိုနဲ့ သင်တန်းနောက်ဆုံးနေ့မှာ ပြောပြစရာရှိတာတွေအကုန်လုံးအစသတ်ပြီး သင်တန်းသားများနဲ့ အမေးဖြေတွေလုပ်ကြ၊ သူတို့အမြင်သဘောထားကို နားထောင်ကြပေါ့။ ပြီးပါပြီလို့ နှုတ်ဆက်တဲ့အချိန်မှာတော့ ဆရာမတို့ ကပြပြီးမှပြန်ရမယ်လို့ တောင်းဆို ပြီးတော့ တရွာလုံးကလူတွေ လက်ခုပ်တီးပြီး သီချင်းတွေသံပြိုင်ဆိုကြပါတော့တယ်။ ရှက်ရှက်နဲ့ဘဲကပြရတာပေါ့ရှင်။ အဖွဲ့ထဲက ဆရာများကတော့ ကျွန်မတို့ ဆရာမများ ကို့ယို့ကားယားဖြစ်နေပုံကို ကင်မရာကိုယ်စီနဲ့မှတ်တမ်းတင်ကြပါတော့တယ်။ ရွာတိုင်းလိုလိုမှာ ကျွန်မတို့ အဖွဲ့တိုင်း အဆင်ပြေပြေနဲ့ သင်တန်းပို့ချလို့ အပြီးမှတော့ ဘိုကလေးရွှေမြို့တော်ကို လူစုပြီးပြန်ခဲ့ကြပါတယ်။

အဲဒီမှာ စတွေ့တာပါဘဲ။ သင်တန်းဆရာအချင်းချင်း အားကြိုးမာန်တက်သတင်းတွေ ဖလှယ်လို့အပြီးမှာတော့ သိလိုက်ရတာက သင်တန်းသားများ တက်ကြွစွာပါဝင်ရခြင်းရဲ့ အကြောင်းက နေ့လည်စာထမင်းနဲ့ အဆာပြေမုန့်ကြောင့်ပါတဲ့ရှင်။ ကျွန်မသူတို့ကို အပြစ်မတင်ချင်ပါဘူး။ သင်တန်းတွေပေးပြီး သဘာဝဘေးကာကွယ်ရေးအတွက် လိုအပ်တဲ့ Facility ဘာမှမထောက်ပံ့နိူင်တဲ့ ကိုယ့်အဖွဲ့အစည်းကိုဘဲ အားမလိုအားမရဖြစ်မိပါတယ်။ မြန်မာလူမှုရေးအဖွဲ့အစည်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေလောက် အထင်မကြီးတော့တဲ့စိတ် ရွာသားတွေရင်ထဲမှာ ကိန်းအောင်းနေပါပြီ။

ပြောချင်တာက တိုင်းရင်းသားလူမှုရေးအဖွဲ့အစည်းတွေကို နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ အခွင့်အရေးမျိုးပေးနိုင်သူ ဟာ အစိုးရလား နိူင်ငံခြားကအလှုရှင်အဖွဲ့အစည်းတွေလား ဆိုတာစဉ်းစားလို့မရအောင်ပါဘဲလို့ အထက်ပါ ပို့စ်နဲ့ ရွာသူရွာသားအပေါင်းကို ခေါင်းစားလိုက်ရပါကြောင်း။

Shwe Ei
12th Aug 2011

10 comments

  • pan pan

    August 12, 2011 at 1:11 pm

    ဘယ်သူလှူလှူ အလှူရှင်တွေများတာနည်းတာ၊ အလှူငွေများတာနည်းတာအသာထား
    လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရရင်ပဲ
    အစိုးရကို ကျေးဇူးတင်ရမယ့်အခြေအနေပဲ

    Reply

  • Shwe Ei

    August 12, 2011 at 1:46 pm

    ဟုတ်ပါတယ် pan pan ရေ အဲလို လုပ်ခွင့်ရအောင်လို့ ဗိုလ်ချုပ်များကို ပူဇော်ပသရတာက
    အလှူငွေထက်ပိုကုန်ကျတာမျိုးလည်းရှိပါရဲ့။

    Reply

  • aungnng87

    August 12, 2011 at 3:40 pm

    ထူးဆန်းလိုက်တာနော်။တခါမှမကြားဖူးဘူး။ ကိုယ်လှူဖို့အရေး ဗိုလ်ချုပ်တွေကိုပူဇော်ပသရတာ အလှူငွေထက်ပိုကုန်တယ်ဆိုတာလေ။

    Reply

  • Shwe Ei

    August 12, 2011 at 3:47 pm

    အဲဒါကြောင့် ဒေသခံ အဖွဲ့အစည်းထူထောင်သူများထဲမှာ အလှူငွေကို အလွဲသုံးစားလုပ်သူတွေလဲ ပေါ်ပေါက်လာတာပေါ့။ ဘယ်သူမပြု အစိုးရရှာတဲ့ အမှုပါဘဲ။

    Reply

  • AKKO

    August 12, 2011 at 4:34 pm

    ပညာပေး အစီစဉ်လုပ်တာတော့ ဟုတ်ပါပြီ … တကယ်တမ်း ကိုပေးလိုက်တဲ့ အနေထားပေါ် သူတို့ တကယ် ကျင့်သုံးနိုင်ရဲ့လား ၊ သူတို့ ဘယ်လောက် နားလည်သွားတယ်ဆိုတာက ပိုအရေးကြီးပါတယ် မရွှေအိရေ ။

    Reply

  • Shwe Ei

    August 12, 2011 at 4:58 pm

    ဟုတ်ကဲ့ လက်တွေ့ခံစားထားရသူများဖြစ်လေတော့ ပြောလိုက်တာနဲ့ ချက်ချင်းသဘောပေါက်ပါတယ်။
    တကယ်လိုနေတာက မုန်တိုင်းဒဏ်ခံအဆောက်အဦး (လောလောဆယ် အခြေအနေအတွက်)၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး (ရေရှည်အတွက်) ပေါ့။ အဲ ဖြစ်နေတာကတော့ ဒေသခံအများစုက နှစ်ရှည်ပင်စိုက်ပျိုးခြင်းထက် ဓနိတောများကို စီးပွါးဖြစ်စိုက်ပျိုးပြီး ခုတ်ရောင်းခြင်းမှအပ နှစ်ရှည်ပင် (လမု၊ ရေကျီး အစရှိသဖြင့်) စိုက်ဖို့ သိပ်အားမသန်ကြတာပါဘဲ။ နှစ်ရှည်ပင်က ငွေဖြစ်မမြန်တာလဲ ပါမှာပေါ့လေ။ ဒီရေတောရဲ့ သဘောက ရေတိုရေရှည် ၂မျိုးလုံးအတွက်အကျိုးရှိတယ်ဆိုတာကိုလည်း ကောင်းကောင်းသိကြပါတယ်။ ကျွန်မတို့သင်တန်းရဲ့ အဓိကရည်ရွက်ချက်ကလဲ အပင်များများစိုက်ကြဖို့ပါဘဲ။ သို့သော် ဒီရေတောများကြားမှာကြီးပြင်းလာသူတွေအဖို့ ဒီရေတောပင်စိုက်ခိုင်းတာကို ရီစရာလိုသဘောထားသူများလည်း ရှိကြတယ်ပေါ့လေ။ အပင်စိုက်တာအပြင် တကယ်လက်တွေ့ မုန်တိုင်းတိုက်ခတ်လာတဲ့အခါ ဘယ်လိုရှောင်ရမလဲဆိုတာတွေလည်း ပါတာပေ့ါ။

    Reply

  • MaMa

    August 12, 2011 at 6:12 pm

    ရွှေအိရေ- ဘာမှမလုပ်တာနဲ့စာရင် လုပ်တာက အနည်းနဲ့ အများတော့ အကျိုးရှိမှာပါပဲ။ နည်းနည်းပဲ အကျိုးရှိတယ်ဆိုပြီး မလုပ်ပဲနေတာကမှ အကျိုးမဲ့ ဖြစ်စေမှာပါ။ အောင်မြင်ကြီးပွားနေတဲ့ လူတွေရဲ့ နောက်ကြောင်းတွေကို ကြည့်လိုက်ရင် အားလုံးဟာ ရွှေပေါ်မြတင် ဘဝက လာတာတွေချည်း မဟုတ်ပါဘူး။ ရွှေအိတို့ သင်ကြားပြသပေးလိုက်တဲ့ လူတွေထဲက တယောက်လောက် ပြောင်းလဲတိုးတက်သွားတယ်ဆိုရင်ပဲ လုပ်ရကြိုးနပ်ပါပြီလို့ စဉ်းစားလိုက်ရင် ကိုယ့်အလုပ်ကို တန်ဖိုးထားချစ်ခင်သွားပါလိမ့်မယ်။ Carry on Shwe Ei!

    Reply

  • windtalker

    August 12, 2011 at 9:44 pm

    ခေါင်းစား မယ့် အစား
    ခေါင်းဆေး ခေါင်းလျှော်ပေးတာ က
    ပိုကုသိုလ် ရမယ် ထင်တယ်
    ရွာသူ ရွာသားများ က လည်း
    ပိုသဘောကျ ကြ မှာ အမှန်ပါပေပဲ ။
    အဘယ်ကြောင့်ဆိုသော်
    သည်ဆိုက်ထဲ ရှိ
    ရွာသူ ရွာသားတော်တော်များများ ဟာ
    ၄ဝ ကျော် ၅ဝ တန်းတွေ များတာဆိုတော့က
    ရွှေအိ ရေ
    နောက်နေ ့လာရင်
    ခေါင်းလျှော်ရည် မမေ့ခဲ့ပါနဲ ့နော်

    Reply

  • Mee2

    August 12, 2011 at 11:33 pm

    တကယ့်လက်တွေ ့အလုပ် လုပ်ကြတဲ့အခါ ရပ်တည်ဖို ့ဘယ်အဖွဲ ့အစည်းမဆို ကျွန်မတို ့ပြည်တွင်းမှာက ပိုခက်တယ်လေ။နာဂစ်အတွက် သူများတွေလှုတဲ့ပစ္စည်းတွေက ဒုက္ခသည်တွေဆီမရောက် ဘဲဗိုလ်ချုပ်တွေအိမ်တို ့၊မင်္ဂလာဈေးတို ့ရောက်ကုန်တာ ခက်တာဘဲ။

    Reply

  • ကြောင်ကြီး

    August 13, 2011 at 12:09 pm

    ခေါင်းစားမနေနဲ့
    ကျောင်းနားက
    အလောင်းအစား
    ပြောင်းသွားတာကြာလှ
    ကောင်းစားသွားလို့
    ဖောင်းကားနေပြီ
    ပေါင်းမထားတာ
    နှောင်းသွားခဲ့ပေါ့…။

    Reply

Leave a Reply to Mee2 Cancel Reply

Your email address will not be published.