ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ခေါ်ယူမှုများလာ

klnMay 7, 20101min00

သည်နှစ်မှာ စက်ရုံကြီးတွေနဲ့ ရှော့ပင်းမောလ်တွေမှာသာ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း ငှားရမ်းခန့်အပ်လာကြတာမဟုတ်ဘဲဆိုင်၊ နေအိမ်တချို့နဲ့နယ်ကလုပ်ငန်းတချို့မှာလည်း လုံခြုံရေးဝန်ထမ်းငှားရမ်းခန့်အပ်လာတာတွေ့ရတယ်။ Best Supporting Services ကုမ္ပဏီက မန်နေဂျာ ဦးစိုးသက်မောင်က “မနှစ်ကဆိုရင် သံရုံးနဲ့ရှော့ပင်းစင်တာလောက်ပဲ ခေါ်ယူမှုများပေမဲ့ ဒီနှစ်မှာ နေအိမ်နဲ့ဆိုင်တွေကလဲ ခေါ်ယူလာတယ်၊ မနှစ်ကထက် လုံခြုံရေးဝန်ထမ်းခေါ်ယူမှု ၂၅ရာခိုင်နှုန်းပိုလာတယ်”လို့ သူ့အတွေ့အကြုံပြောပါတယ်။ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေမှာ တချို့က ကိရိယာမပါဘဲ လက်နဲ့အိတ်ကို စစ်ဆေးကြသလိုနဲ့ တချို့က ရှာဖွေရေးကိရိယာ walk through၊ metal detectpr တို့နဲ့ စစ်ဆေးကြပါတယ်။ လုပ်ငန်းကြီးတချို့နဲ့လူအများဝင်တဲ့ပွဲ(စတိတ်ရှိုး၊ ကုန်စည်ပြပွဲ) တွေမှာ လုံခြုံရေးဝန်ထမ်း ၄၅ယောက်လောက် အသုံးပြုကြပြီး တချို့တွေက ၂၄နာရီထားတာတွေလည်းရှိတယ်။ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းခေါ်ယူရာမှာ အမျိုးသားဝန်ထမ်းနဲ့အတွေ့အကြုံရှိတဲ့သူကို ခေါ်ယူတာများပါတယ်။ အမျိုးသမီးလုံခြုံရေးဝန်ထမ်းကိုတော့ အထည်ချုပ်စက်ရုံလို အမျိုးသမီးဝန်ထမ်းများတဲ့နေရာလောက်ပဲ ခေါ်ယူကြတယ်။ စက်ရုံတွေက ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းခေါ်ယူရင် အနည်းဆုံး သုံးလေးဦးအထက် ခေါ်ယူကြတယ်။ လုံခြုံရေးဝန်ထမ်းခေါ်ယူတဲ့အခါမှာ များသောအားဖြင့် စာချုပ်နဲ့ခေါ်ယူကြတာဖြစ်ပြီး သုံးလစာချုပ်ချုပ်ရပါတယ်။ ဝန်ဆောင်မှုကုမ္ပဏီတချို့မှာဆိုရင် နယ်ကခေါ်ယူရင် အနည်းဆုံး ဆယ်ယောက်ခေါ်ယူရမှာပါ။ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းရဲ့တာဝန်က သတ်မှတ်ထားတဲ့နေရာမှာ လုံခြုံမှုရှိဖို့ဖြစ်ပြီး ပစ္စည်းပျောက်တာတို့ဘာတို့ဆိုရင် ပါဝင်ပတ်သက်မှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးတယ်လို့ သိရတယ်။ လုံခြုံရေးဝန်ထမ်းခေါ်ယူရင် အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး ရှာဖွေရေးကိရိယာပါရင် ခေါ်ယူသူအတွက် ပိုစိတ်ချရတယ်လို့ဆိုပါတယ်။ ရှာဖွေရေးကိရိယာက သံ၊ သတ္တုပစ္စည်းပါတာ အချက်ပြတယ်။ နိုင်ငံတကာမှာ metal detector နဲ့walk through နှစ်မျိုးလုံး အသုံးပြုကြပြီး ပြည်တွင်းမှာလည်း လုံခြုံရေးဝန်ထမ်းခေါ်ယူမှုက တိုးလာဖို့ပဲရှိကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.