ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့

weiweiJuly 15, 20111min011

ဒီကနေ့ ဝါဆိုလပြည့်နေ့မှာ ဓမ္မမိတ်ဆွေတွေကောင်းမှုနဲ့ ဓမ္မဗျူဟာမှာ ကျင်းပပြုလုပ်တဲ့ သစ္စာလေးဖြာ သာသနာ ကြိုဆို ပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို တက်ရောက်ဖြစ်လိုက်ပါတယ် …

၁၃၇၃ ခု ဝါဆိုလပြည့်နေ့
ဆီမီးပူဇော်ခြင်းနှင့် ဓမ္မစကြာရွတ်ဖတ်ခြင်း

ဓမ္မစကြာတရားတော်အကြောင်း သင်တန်းတိုလေးတစ်ခုပြုလုပ်ပါတယ်။ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် (မဟာသဒ္ဒမ္မဇောတိကဓဇ)မှ သင်တန်းပို့ချပေးပါတယ်။ သင်တန်းအကျဉ်းချုပ် ပြန်လည်ဝေငှပေးချင်ပေမယ့် စာရိုက်ဖို့ အဆင်မပြေလို့ လိုရင်းအနှစ်ချုပ်ကလေးကိုပဲ ပြန်ရိုက်တင်ပြီး ဓမ္မဒါနပြုလိုက်ပါတယ် ..

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခ ညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွှမ်းတယ်ကို။
(လယ်တီ ဆရာတော်ဘုရားကြီး)

ဓမ္မစကြာတရားတော်၏လိုရင်း အချုပ်ကား ….
အကျင်းသုံးပါး၊ သစ္စာလေးပါး၊ ဉာဏ်တော်တစ်ဆယ့်နှစ်ပါး၊ ဘရားအဖြစ်ဝန်ခံတော်မူခြင်းများဖြစ်ပါသည်။ ယင်းတို့၏ သဘောအချုပ်ကား လက်ယာစွန်းကျ၍ ပြင်းထန်လွန်းသော အတ္တကိလမထာ နုယောဂအကျင့်၊ လက်ဝဲစွန်းကျ၍ ပျော့ညံ့သေးသိမ် ယုတ်နိမ့်လွန်းသော ကာမသုခလ္လိကာ နုယောဂအကျင့်၊ လက်ဝဲလက်ယာ မသွေဖည်ဘဲ တိကျဖြောင့်စင်း၍ အပြစ်ကင်းသော မဇ္ဈိမပဋိပဒါအကျင့်၊ ဤကားအကျင့်သုံးပါး။

ဆင်းရဲခြင်းအမှန်-ဒုက္ခသစ္စာ၊ ဆင်းရဲကြောင်းအမှန်-သမုဒယသစ္စာ၊ ဆင်းရဲချုပ်ခြင်းအမှန်-နိရောဓသစ္စာ၊ ဆင်းရဲချုပ်ကြောင်းအကျင့်မှန်-မဂ္ဂသစ္စာ၊ ဤကားသစ္စာလေးပါး။

ဒုက္ခ၏ဖြစ်ရပ်အမှန်ကိုသိသော-သစ္စဉာဏ်၊ ဒုက္ခ၏လုပ်ရပ်အမှန်ကိုသိသော-ကိစ္စဉာဏ်၊ ဒုက္ခ၏ချုပ်ရပ်အမှန်ကိုသိသော-ကတဉာဏ်၊ ဤသို့ ဒုက္ခ၌ ဉာဏ်တော်သုံးပါး၊ ထို့အတူ သမုဒယ၌ ဉာဏ်တော်သုံးပါး၊ နိရောဓ၌ဉာဏ်တော်သုံးပါး၊ မဂ္ဂ၌ဉာဏ်တော်သုံးပါး၊ ဤကား ဉာဏ်တော် တစ်ဆယ့်နှစ်ပါး။

ဤသို့ အကျင့်သုံးရပ်၊ သစ္စာလေးဖြာ၊ ဉာဏ်တော်တစ်ဆယ့်နှစ်ပါးကို ပိုင်းခြားထင်ထင်သိမြင်တော် မူသောအခါမှ အတုမရှိ သမ္မာသဗ္ဗောဓိအဖြစ်သို့ ရောက်တော်မူကြောင်းကို အနုတ္တရံ သမ္မာသဗ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ .. ဟု ဘုရားအဖြစ်ကို ဝန်ခံတော်မူပါသည်။

….
ဤသို့အနှစ်သာရ အဝဝတို့နှင့် ပြည့်စုံကုံလုံသောကြောင့် ဓမ္မစကြာကို ဘုရားရှင်တော်မြတ်တိုင်း ပိဋကတ်သုံးပုံ၏တရားဦး မာတိကာအဖြစ် ဟောတော်မူခြင်းဖြစ်သဖြင့် ဓမ္မစကြာကို ရွတ်ဆိုခြင်းသည် ပိဋကတ်သုံးပုံကို ရွတ်ဆိုခြင်းနှင့်လည်းကောင်း၊ ဓမ္မစကြာကျင့်စဉ်များကို ကာယကံမြောက်ကျင့်သုံးခြင်းသည် ပိဋကတ်သုံးပုံကို ကျင့်သုံးခြင်းနှင့်လည်းကောင်း ညီမျှသောအကျုးရှိနိုင်သည်ဟု သဘောရပါသည်။ ယင်းသို့ ဓမ္မစကြာ၏ အကျဉ်းချုပ်အနှစ်သာရ ရွတ်ဆိုခြင်း၊ ကျင့်ကြံခြင်း၊ အကျိုးတို့ကို သဘောပေါက်မိကြပါသဖြင့်လည်းကောင်း၊ သာသနာ့သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးများ မတိမ်ကော မပပျောက်စေလိုသဖြင့်လည်းကောင်း နှစ်စဉ်နှစ်တိုင်း ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ကျင်းပပူဇော်ခဲ့ကြသည့်အပြင် ထပ်ဆင့်အမွှမ်းတင်အနေဖြင့် ဝါဆိုလဆန်း ၁၄ ရက်နေ့၌ သစ္စာလေးဖြာ သာသနာ ကြိုဆို ပူဇော်ပွဲကိုပါ ပူးတွဲကျင်းပ ပူဇော်လာခဲ့ကြပါသည်။ ထို့ကြောင့် တစ်နှစ်မှ တစ်ခါသာကြုံရသည့် သစ္စာလေးဖြာ သာသနာကြိုဆို ပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ကို အင်တိုက်အားတိုက် ကာယကံမြောက် ကျင်းပ ပူဇော်၍ သာသနာပြုတော်မူကြပါရန် လေးမြတ်စွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

11 comments

  • dingar

    July 16, 2011 at 1:34 am

    Thanks . Right Done !

    Reply

  • maungmoenyo

    July 16, 2011 at 7:28 am

    ဓမ္မစက္ကပဝတ္တနကုတ္တာန်ဟု မည်၏။ ဗုဒ္ဓ ဟောသမျှတရားအပေါင်းတို့၏အချုပ်ဟုလည်းမည်ပါ၏။ လူနတ်ဗြဟ္မာနျင့်သတ္တဝါအပေါင်းတို့ ဘဝပေါင်းများစွာ တောင့်တ မျှော်လင့်ခဲ့ကြသော ဒုက္ခအပေါင်းတို့၏ချုတ်ရာကုန်ရာ အရပ်ဟူသည်ကားတွေ့ပြီ။ ယင်းဒုက္ခတို့ကိုချုတ်ရာအမှန်နည်းလမ်းကျင့်စဉ်ကိုလည်းတွေ့ပြီ ဟုဗုဒ္ဓကကြုံးဝါးသောအခါ၊ သတ္တဝါအပေါင်းတို့က ဗုဒ္ဓထံအပြေးအလွှားသွား၍ ဤတရားကိုနာယူခဲ့ကြပါသည်။ ရှင်ကောဏ္ဍညမှအစပြု၍ သောတာပန်တည်ကြလေကုန်သည်။ ကမ္ဘာလောကတခုလုံးသည်မကြုံစဖူးသော သယာရွှင်ကြည်အေးမြမှု နှင့် မြူ မှောင်ကင်းစင် နေနှင့်လတို့ နှစ်ပါးညီ ထွက်ပေါ်သည်ဟုဆိုသည်။ စာဆိုတို့၏အမွှန်းတင်မှုများစွာတို့၏မှန်ကန်မှုကိုသက်သေထောက်စရာမရှိသော်လည်း သတ္တဝါအပေါင်းတို့နှစ်ပရိစ္ဆေဒကြာတောင့်တခဲ့သော နိဗ္ဗာန်သို့မျက်မှောက်ပြုကြောင်းတရားကားလာကတွင်ပေါ်ထွန်းခဲ့ပြီတကား။ တနည်းဆိုရသော် စောဒကလုံးဝကင်းစင်၍ ပရမတ်တည်သော ထိုတရား၏မှန်ကန်ခြင်းကား ယခုခေတ်သိပ္ပံပညာတို့၏မှန်ကန်မှု အားလုံးကိုကျော်လွှား၍ ထိပ်ဆုံးတွင်နေရာယူနေသော သိပ္ပံနည်းအကျဆုံးဝိဇ္ဖာပညာ ဟုဆိုလျင်လွန်အံ့မထင်…။

    Reply

  • manawphyulay

    July 16, 2011 at 2:12 pm

    ခုလို မျှဝေပေးတာ ကျေးဇူးပါရှင်။ တစ်ဖက်တစ်လမ်းက သာသနာအကျိုးသယ်ပိုးနိုင်တဲ့သူ အမြဲဖြစ်ပါစေနော် မမ….

    Reply

  • MaMa

    July 16, 2011 at 5:57 pm

    ဝေဝေ က မီဒီယာသမား ပီသတယ်။ အချိန်နဲ့ တပြေးညီ ပိုစ့်ကိုတင်နိုင်တာ ချီးကျူးစရာပါ။ အခုလို ပြုရတဲ့ ကုသိုလ်ကြောင့် ကောင်းကျိုးချမ်းသာတွေလည်း ဆထက်တပိုး ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် နော်။

    Reply

  • padonmar

    July 16, 2011 at 7:05 pm

    ဝေဝေရေ၊ကုသိုလ်တွေအတွက်သာဓုပါ၊
    ၁၃၇၃ လို့တော့ ပြင်လိုက်ပါအုံးနော်။

    Reply

  • weiwei

    July 16, 2011 at 7:11 pm

    မှားရိုက်လိုက်မိတယ် … ပြင်လိုက်ပါပြီ မပုဒမ္မာ ..

    Reply

  • ဆူး

    July 16, 2011 at 8:34 pm

    အဲဒီနေ့က အကြောင်းအကျိုး မတိုက်ဆိုင်လို့.. မသွားလိုက်ရဘူး။
    ဓမ္မေခ စေတီ ကိုရောက်တော့ ရွတ်ရတယ်။ စိတ်ထဲ မကောင်းဘူး သူများတွေတော့ သွားနှင့်ကြပြီ.. မသိမှုတွေ များနေလို့ ကျန်နေခဲ့ရပါသေးလားဆိုပြီး တွေးမိတယ်။

    Reply

  • Yin Nyine Nway

    July 16, 2011 at 8:43 pm

    ဒီနှစ်က ထူးထူးခြားခြား ဘုရားရဲ့ 2600 ပြည့်နှစ် ရွှေတိဂုံ စေတီရဲ့ 2600 ပြည့်နှစ်လေ

    Reply

  • မမလေး

    July 23, 2011 at 11:01 pm

    အဲ့နေ့ကဥပုလ်စောင့်တာ … ဗိုက်ဆာတာဆိုမှ ပိန့်လှိမ့်နေတာပဲ … ဆရာလေးဆီဖုန်းဆက်တော့ တစ်ချို့က ဝါတွင်းတစ်တွင်းလုံး ဥပုလ်စောင့်တယ်တဲ့ …ဗိုက်ဆာတဲ့အချိန်မှာ ဥပုလ်နေ့ တစ်ရက်ပဲစောင့်မယ်လို့ ဆုံးဖြတ်လိုက်တယ် . ဒီနေ့လည်းဥပုလ်နေ့ဆိုတော့ ဥပုလ်စောင့်ဖြစ်တယ် … ၄ နာရီလောက်ကျတော့ ဗိုက်အရမ်းဆာတာနဲ့ ဆရာလေးဆီဖုန်းဆက်ပြီးတော့ ဝိကာလဘောဇနာ မစောင့်ရင်ရလားလို့ မေးတော့ မရဘူးတဲ့ … ဟီးဟီး … အရမ်းဆာရင်တော့ စားလိုက် မဟုတ်ရင် စားချင်တယ်ဆိုတဲ့စိတ်က ပိုငရဲကြီးတယ်တဲ့ … ပါပါးကလည်း ကျန်းမာရေး ထိခိုက်မယ်တဲ့ … သမီးက အစာအိမ်ရောင်နေတာဆိုတော့လေ … ခုတော့ တော်ပါပြီလို့ တစ်ပါတ်မှတစ်ရက်တည်း ငါ့ရဲ့စိတ်ကိုထိန်းရမယ် ဆိုပြီးတော့ အောင့်နေတာ ဗိုက်တောင်တော်တော်အောင့်နေပြီ 🙂

    Reply

Leave a Reply

Your email address will not be published.