အသက်ကယ်တဲ့ အနမ်း

Zaw WonnaJune 28, 20111min013

အနမ်းတစ်ခုက အသက် ၁၆ နှစ် အရွယ်ရှိ ကောင်လေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ Liu Wenxiu ဟာ လူကူးစင်္ကြ ံတံတား တစ်ခုပေါ်မှာ ဖြတ်သွားရင်းနဲ့ လူပေါင်းများစွာ လှမ်းကြည့်နေကြတဲ့ ကောင်လေးတယောက်ကို တွေ့ခဲ့ပါတယ်။ အဲဒီကောင်လေးရဲ့ လက်ထဲမှာ ဓါးတစ်ချောင်းနဲ့ တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေပါတယ်။

“သူ့ပုံစံက တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်အားထက်သန် လာတာကို ကျမ တွေ့နေရပါတယ် … သူ့အနားမှာ ရှိတဲ့လူတွေကလည်း တစ်ယောက်မှ ကူညီတားဆီးဖို့ မကြိုးစားကြဘူး” လို့ အသက် ၁၉ နှစ် အရွယ်ရှိ ဟော်တယ် စားပွဲထိုး အမျိုးသမီး Liu Wenxiu က ပြောပါတယ်။ “ကျမ အနေနဲ့ သူ့ကို ကယ်တင်ရမယ်လို့ ဆုံးဖြတ်လိုက်မိတယ် … ဘာဖြစ်လို့လဲဆိုတော့ ကျမက အဲလို အခြေအနေမျိုး ကြုံခဲ့ဖူးတာကိုး” ။ Liu ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသူပါ။

ကောင်လေးကတော့ တံတားဘေးကာ လက်ရန်းရဲ့ အပြင်ဘက်မှာ ရောက်ရှိနေပြီး  ပြုတ်ကျဖို့ ခြေတစ်လှမ်းစာပဲ လိုပါတော့တယ်။ ဒေသခံ ရဲတွေရဲ့ ချော့မော့ ဆွဲဆောင်မှုကလည်း အရာမရောက်ပါဘူး။

“ကျမက သူနဲ့လည်း ဘယ်တုန်းကမှ မသိခဲ့ပါဘူး … ဒါပေမဲ့ ကယ်တင်မယ်ဆိုတဲ့ စိတ်ကူး ပေါ်လာပါတယ်” တဲ့။ ဒါနဲ့ပဲ ကောင်လေးကို သူစကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ ကောင်လေးရဲ့ အမေက ဆုံးသွားပြီဖြစ်ပြီး မိထွေးဖြစ်သူက သူ့အဖေရဲ့ ငွေတွေအားလုံးကို ယူဆောင်ပြီး သူတို့ကို ပစ်ထားခဲ့ပါတယ်။ သူတို့ သားအဖဟာ ကြုံရာ အချိန်ပိုင်း အလုပ်တွေကို လုပ်ရင်း အသက်မွေးနေ ရပါတယ်။ ကောင်လေးရဲ့ ဇာတ်လမ်းကို ကြားရတဲ့ အချိန်မှာ Liu ဟာ ငိုရှိုက်နေမိပါတယ်။

“သူ့မှာ အိမ်မရှိဘူး၊ ဘယ်သူကမှလည်း သူ့ကို ဂရုမစိုက်ဘူး၊ ပြီးတော့ ဘယ်သူမှ သူ့ကို မယုံကြည်ကြဘူးလို့ ကောင်လေးက ပြောပြပါတယ် … ကျမ ဘာမှ ပြန်မပြောခင် ကျမရဲ့ ညာဘက် လက်ကောက်ဝတ်မှာ ရှိတဲ့ အမာရွတ်ကို သူ့ကို ပြလိုက်ပါတယ် … ကျမဟာ လက်ကောက်ဝတ် သွေးကြောကို ဖြတ်တာ၊ တိုက်မြင့်ပေါ်က ခုန်ချတာ မျိုးတွေနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်” သူမရဲ့ အောင်မြင်တဲ့ ကယ်တင်မှု အပြီး တီဗွီ အင်တာဗျူး တစ်ခုမှာ Liu က ပြောပြပါတယ်။

Liu ဟာ အမြဲတမ်း ရန်တကျက်ကျက် ဖြစ်လေ့ရှိတဲ့ မိဘနှစ်ဦးရဲ့ သမီးဖြစ်ပြီး ဆွံ့အ နားမကြား ဖြစ်နေတဲ့ အမဖြစ်သူက သူ့ကို ထိန်းခဲ့ပါတယ်။ ဘဝပေး အခြေအနေအရ အထက်တန်းကျောင်းကို ဆက်မတက်နိုင်တော့တဲ့ အတွက် ကျောင်းထွက်ပြီး ဆယ်ကျော်သက် အရွယ်ကတည်းက အလုပ်လုပ်ခဲ့ရသူပါ။

“ကျမတို့ မိသားစုထဲမှာ ဘယ်သူမှ မပျော်နိုင်ကြပါဘူး … ကျမ မိဘတွေက အမြဲလိုလို ရန်ဖြစ်နေကြပြီး ကျမတို့ ညီအမ နှစ်ယောက်မှာ အမြဲပဲ စိတ်ဆင်းရဲနေခဲ့ ရပါတယ် … ကောင်လေးရဲ့ အဖြစ်က ကျမ ငယ်စဉ်က အဖြစ်နဲ့ တူပါတယ်” ကောင်လေးက သူ့အဖြစ်ကို ပြောပြီး ငိုနေစဉ်မှာပဲ သူမအနေနဲ့ သူ့မှာ နားလည် သဘောပေါက်နိုင်စွမ်း ရှိမယ်လို့ ခံစားမိလာပါတယ်။

“ကောင်လေးက ပြောတယ် … သူ့အနေနဲ့ မျှော်လင့်ချက် မရှိတော့ဘူး၊ သူ့ကို ကယ်တင်ဖို့ အချိန်မဖြုန်းပါနဲ့ တဲ့ … ဒါနဲ့ ကျမက ပြန်ပြောလိုက်တယ် … ငါက မင်းကို ကယ်တင်နေတာ မဟုတ်ဘူး၊ မင်းရဲ့ အခုလုပ်ရပ်ဟာ ဘယ်လောက် မိုက်မဲရာ ကျတယ်ဆိုတာကို မင်းကို သဘောပေါက်စေချင်တာပါ … ငါ့ကို ကြည့်စမ်းပါ … တစ်ချိန်တုန်းက ငါဟာ မင်းလိုမျိုး ခံစားခဲ့ရပြီး မင်းနေရာမျိုးမှာ ရှိနေခဲ့တယ်၊ အခုတော့ ငါက ဒီနေရာမှာ ရောက်နေပြီ လို့ ပြောပြခဲ့ပါတယ်”

တံတားပေါ်က စေ့စပ်ဆွေးနွေးပွဲကလေးဟာ အချစ်ဇာတ်လမ်း ဆန်စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။  Liu က ကောင်လေးကို ဖက်ပြီး ရုတ်တရက် နမ်းလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေက ကောင်လေးရဲ့ ဓါးကို သိမ်းဆည်းပြီး ကောင်လေးကိုလည်း ကယ်ဆယ်လိုက် နိုင်ပါတယ်။

“ကျမ သူ့ကို နမ်းနေတဲ့ အချိန်မှာ သူ့ရဲ့ ဓါးကိုင်ထားတဲ့ လက်က ကျမခါးပေါ်မှာ ရှိနေပါတယ် … ကျမတို့ နှစ်ယောက်စလုံးလည်း ငိုနေမိပါတယ် … ဒါပေမဲ့ သူ့ကို ကယ်တင်နိုင်ပြီဆိုတာကို သိရတဲ့အတွက် ကျမ ဝမ်းသာမိပါတယ်”
Liu က သူမအနေနဲ့ ကောင်လေးကို နမ်းဖို့ အတွက် သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားခဲ့တာ မဟုတ်ပဲ ဒီလို လုပ်တာဟာ ကောင်လေးကို နှစ်သိမ့်ရာ ရောက်မယ်လို့ ထင်တဲ့အတွက် လုပ်ခဲ့တာလို့ နောက်ပိုင်းမှာ ပြန်ပြောခဲ့ပါတယ်။

Source: China Daily/ANN

13 comments

  • kai

    June 28, 2011 at 8:49 am

    တော်တော်မွန်မြတ်တဲ့ အလုပ်ပဲ..။ ၁၉နှစ်မိန်းကလေးဆိုတာ.. အရွယ်ကောင်းပဲနော..။
    ကောင်လေးက..ကျေးဇူးတင်တဲ့အနေနဲ့. ကောင်မလေးကို.တသက်လုံးစောင့်ရှောက်တာဝန်ယူဖို့ကောင်းတယ်..။

    စကားမစပ်..
    ပါးကိုနမ်းတာလား..နှုတ်ခမ်းကိုနမ်းတာလား..ဟင်င်င်… 🙂

    Reply

    • zawana

      June 28, 2011 at 2:22 pm

      ပုံထဲက အတိုင်း ကောင်လေး လည်ပင်းကို ဖက်ထားတာရယ် ၊ နမ်းတာ ကြာနေတယ် ဆိုတာရယ်ကို ထောက်ရင် အကြင်နာ ပေးနေတာလို့ ထင်ပါတယ် ခင်ဗျာ ….

      Reply

      • ဆူး

        June 29, 2011 at 2:41 pm

        🙄 ပုံလည်း မတွေ့ဘူး

        Reply

  • eros

    June 28, 2011 at 8:51 am

    ကိုခိုင် ကိုယ့်ကို ကိုယ် သတ်သေချင်လို့လားဗျ။

    Reply

  • နွယ်ပင်

    June 28, 2011 at 9:14 am

    ခေတ်သစ် စနိုးဝှိုက်ပေါ့ ဒီတစ်ခါတော့ မင်းသမီးလေးက မင်းသားလေးကို ကယ်လိုက်တာပေါ့

    Reply

  • pooch

    June 28, 2011 at 9:37 am

    တော်ပါသေးရဲ့ အသက်ကယ်လိုက်နိုင်လို့ .. ကမ္ဘာပေါ်မှာ ဒီလိုလူငယ်တွေ ဘယ်လောက်များရှိနေမလဲမသိဘူး … ဝမ်းနည်းစရာကောင်းတယ်…..အဲ့ဒီကောင်လေးပြောတဲ့ ခံစားချက်ကို သူ့လောက်ကြီးမဟုတ်ပေမဲ့ အထိုက်လျောက်နားလည်တယ်… အနော်လည်း တခါတခါ….

    Reply

  • pan pan

    June 28, 2011 at 9:40 am

    ၁၉နှစ်အရွယ်နဲ့ ဒီလောက်ရင့်ကျက်ပြီး စိတ်ထားမွန်မြတ်တာ လေးစားစရာပဲ
    အတုယူသင့်တယ်
    သူ့မှာလည်း ဒဏ်ရာတွေ အရမ်းများခဲ့တာပဲ
    ဘာဖြစ်ဖြစ် ပန်းပန်လျက်နေနိုင်ဖို့ဆိုတာ ခက်တော့ခက်သား…..

    Reply

  • ရွှေဘိုသား

    June 28, 2011 at 10:21 am

    မြန်မာ ဇာတ်ကားတစ်ကားအနေနဲ.ပြောရရင်
    သူတို.နှစ်ယောက်သေချာပေါက် ပေါင်းသင်းပါမည်

    Reply

  • king

    June 28, 2011 at 10:44 am

    ကိုရီးယားကားဆိုရင်တော့
    အိမ်ထောင်ကျပြီးတဲ့အခါ သူတို့နှစ်ယောက်ပြန်တွေ့မိရင်း …………
    😀

    Reply

  • PinkCandy

    June 28, 2011 at 11:37 am

    ကုလားကားဆိုရင်တော့
    အကပွဲလေးတစ်ပွဲတော့ ဖြစ်တော့မှာပဲ 😀

    Reply

  • windtalker

    June 28, 2011 at 11:46 am

    အမေရိကန် ကား ထဲ က ဆိုရင်တော့…အင်း…အင်း….. ရေခဲမုန် ့တွေ အတူတူစားနေကြတော့ မှာ အသေအချာပဲ ။ အမေရိကန်က လူတွေ က ကမ္ဘာပေါ ်မှာ ရေခဲမုန် ့စားတာ အများဆုံး လို ့ကြားဖူးလို ့။

    Reply

  • nature

    June 28, 2011 at 3:38 pm

    လူတွေကစိတ်ညစ်ရင်သေချင်တယ်ပြောကြတယ်။ သေရင် ဒီဒုက္ခတွေကလွတ်သွားမယ်ထင်ကြတယ်။ ဗုဒ္ဓဘာသာ အရ ဒေါသနဲ့သေရင် ဒီထက်အဆပေါင်းများစွာဆိုးတဲ့ ငရဲ ကိုရောက်တတ်ပါတယ်။

    Reply

  • bigcat

    June 28, 2011 at 11:19 pm

    အာဖဂန်နစ္စတန်မှာဆိုရင်တော့ တာလီဘန်တွေက နှစ်ယောက်စလုံးကို သေဒဏ်ပေးမှာပဲဗျို့။

    Reply

Leave a Reply

Your email address will not be published.