ပြတင်းပေါက်

Yin Nyine NwayJune 28, 20111min010

တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်း သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာစန့်စန့်ကြီး လှဲနေရသည်။

နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။

ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများက သူတို့ကို ပေါင်မုန့်တွေပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက် နေကြသည်။ ပန်းတွေကဝေဝေဆာဆာပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ် လှသည်။ အဲသည်မှာ ဘောလုံးပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မှု သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။

ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေး တစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။

သည်လိုနေရင်း သာယာသောနေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောကရှုခင်းအစုံကို စိတ်တိုင်းကျကြည့်ခွင့်ရနေသည် ၊ မိမိကိုတော့ ဘာကြောင့် အဲသည် နားထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။

သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော်သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူ တွေးမိလာသည်။

တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိုးလာကာချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ် ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်ကစမ်းတဝါးဝါးလိုက်ရှာသည်။

သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။

နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကိုတိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။

သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင် တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်းတစ်ခုသော သူမြင်ရလေသည်။

[မှုရင်း။          ။ အမည်မသိ စာရေးသူ၏ The Window]

10 comments

  • windtalker

    June 28, 2011 at 7:30 am

    တစ်ဘက် ကုတင် က လူနာ က မျက်မမြင် ဖြစ်နေတယ် ဆိုတာ ကို နောက်နေ ့သူနာပြုလေးတွေ ပြောမှ သိရတယ် ဆိုတာလေး ကို ရေးဖို ့များ မေ့ကျန်ခဲ့သလား လို ့ ။ တစ်ကယ်လို ့မကျန်ခဲ့ဘူး ဒါပဲ ဆိုရင်လည်း တောင်းပန်ပါတယ် နော် ။

    Reply

  • hmee

    June 28, 2011 at 7:40 am

    ပြတင်းပေါက်နားကလူရဲ့ စိတ်က ကိုယ်ဖြစ်ချင်လို့ မရနိုင်တာကို တခြားသူ စိတ်ချမ်းသာဖို့ ဖြည့်ပေးတဲ့ နှလုံးလှသူပါ။ အတွင်းက လူကတော့ ကိုယ့်အတ္တရှေ့တန်း တင်မိလို့ မိတ်ဆွေကောင်း တယောက်ဆုံးရှံးရသူပါ။ ဒီစာလေးကို ဖော်ပြပြီး ကောက်ချက်ချထားတာကို မဂ္ဂဇင်း တခုမှာ ဖတ်ခဲ့ဖူးပါတယ်။

    Reply

  • နွယ်ပင်

    June 28, 2011 at 7:54 am

    ဒါ ဆရာဖေမြင့်ရေးထားတဲ့ “နှလုံးသားအာဟာရ ” စာအုပ်လေးက စာမူလေးပါ ……..

    Reply

    • Yin Nyine Nway

      June 29, 2011 at 7:11 am

      ဟုတ်တယ် နွယ်…. ကြိုက်လို့လေ….

      Reply

  • weiwei

    June 28, 2011 at 8:03 am

    အဲဒီလူနာက မျက်မမြင်တစ်ယောက်ဖြစ်ပါတယ် …

    Reply

  • forever

    June 28, 2011 at 1:03 pm

    ဝေဒနာ ပြတင်းပေါက် …

    Reply

  • nature

    June 28, 2011 at 3:12 pm

    သူလည်း ဒီနံရံကြီးကို နဂိုလူပြောသလိုပဲမြင်ကြည့်ပေါ့။ ဖတ်လို့ကောင်းပါတယ်။

    Reply

  • ဆူး

    June 28, 2011 at 3:50 pm

    မျက်စိမမြင် သလို နားလည်း မကြားဘူးတဲ့..
    စိတ်ထဲ ရှိသလို ပုံဖော်ပြီး အလှ ဖန်တီးလိုက်တာ..

    Reply

  • ရွှေဘိုသား

    June 29, 2011 at 4:43 am

    သေသွားတဲ.လူနာက စိတ်ကောင်းရှိတာပေါ.နော်
    ဘာပဲဖြစ်ဖြစ် သူပြောပြနေတဲ.အချိန်မှာ နားထောင်တဲ. သူစိ်တ်ချမ်းသာအောင်ပြောပြတာလေ

    Reply

  • စုံ စုံ

    June 30, 2011 at 8:56 am

    အဲ့ဒိစာကိုဟိုးငယ်ငယ်တုန်းထဲဖတ်ဖူးပြီးအရမ်းကြိုက်ခဲ့တာ
    ဘာလို့ဆိုတော့အဲ့ဒိလူနာရဲ့စိတ်ထားကိုတော်တော်သဘောကျလို့
    ကုတင်ပေါ်မှာဘာဆိုဘာမှမစွမ်းဆောင်နိုင်တော့တဲ့အချိန်မှာတောင်
    ကိုယ့်အနီးဆုံးမှာရှိတဲ့သူအပေါ်အတတ်နိုင်ဆုံးစိတ်ပျော်ရွှင်အောင်
    ကူညီပေးနိုင်ခဲ့လို့ဘဲ
    ငါလဲအဲ့ဒိလူနာလိုစိတ်မျိုးမွေးနိုင်ရင်သိပ်ကောင်းမှာဘဲလို့တွေးခဲ့ဘူးတယ်
    အခုချိန်ထိတော့အဲ့ဒိစိတ်မျိုးရှိအောင်ကြိုးစားနေတုန်းပါဘဲ

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.