ကလေးစိတ်…

lu ta loneMay 4, 20101min05

ကလေးစိတ်အကြောင်းကို စရေးဖြစ်တာကတော့ တနေ့က အစ်မတစ်ယောက်နဲ့ Gtalk မှာ စကားပြောနေတုန်း ကျွန်တော်က သူ့ကို ဆရာဝန်တွေမှာ ကလေးစိတ်ရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်တယ်။ သူက အံ့ဩပြီး ကလေးစိတ်ဝင်နေရင် သူငယ်ပြန်မှာပေါ့ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က အဲဒါကို ပြောတာမဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့ စူးစမ်းတတ်တဲ့ စိတ်ဓာတ်ကို အသက်ကြီးသွားလည်း လက်မလွှတ်လိုက်ဖို့ လိုတယ်ဆိုတာကို ပြောတာလို့ ပြန်ပြောလိုက်တယ်။ အဲဒီ ကလေးစိတ်နဲ့ ပတ်သက်ပြီး စာရေးချင်တာနဲ့ အခု ဆောင်းပါးကို ရေးလိုက်တာပါ။

ကလေးစိတ်ဆိုတာ ဘာကို ပြောတာလဲ။

ကျွန်တော်တို့ လူရယ်လိုု့ ဖြစ်လာပြီး အသက် ၂ နှစ် အရွယ်ဝန်းကျင်လောက်ကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ ဘာကိုမှ မသိဘူး။ မသိတဲ့အတွက်လည်း အရာရာကို သိချင်တယ်။ စူးစမ်းချင်တယ်။ လေ့လာချင်တယ်။ တစ်ခုခုအသစ်ကို မြင်ရင် လက်နဲ့ ကိုင်ကြည့်လိုက်ရမှ။ စားစရာဆိုလည်း စားကြည့်လိုက်ရမှ။ သိပြီဆိုရင် ရရှိလာတဲ့ အသိကို မှတ်ဉာဏ်အဖြစ် သိမ်းထားလိုက်တယ်။ လူကြီးတွေကပြောတယ်။ အဲဒီအရွယ်က ထိန်းရတာ အခက်ဆုံးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သိချင်တာ မသိရရင် လိုချင်တာ မရရင် လုပ်ချင်တာ မလုပ်ရရင် ဂျီကျနေတာ မပြီးတော့ဘူးတဲ့။ ပိုက်ဆံရှိတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးဆိုရင်တော့ လိုချင်တာ ရတာပေါ့။ ဆင်းရဲတဲ့ မိသားစုဆီမှာ မွေးဖွားလာသူကတော့ လူကြီးတွေက ရိုက်တန်ရိုက် ခြောက်တန်ခြောက်နဲ့ အငိုတိတ်အောင် လုပ်တာပေါ့။

အဲဒီလိုနဲ့ အသက်တွေလည်း ကြီးလာကော ရရှိလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ခံယူချက်တွေ ရပ်တည်ချက်တွေ ဟာ လူတိုင်းလူတိုင်းဆီမှာ အမြစ်တွယ်လာပါတော့တယ်။ ကောင်းတာဆိုးတာ တော်တာညံ့တာ ခဏထား၊ ကိုယ်သိတာကိုပဲ အမှန်လို့ အများက ယူဆတတ်ကြတယ်။ ကလေးတုန်းကလောက် မေးခွန်းတွေ မမေးတော့ဘူး။ မသိချင်တော့ဘူး။ မစူးစမ်းတော့ဘူး။ လိုအပ်တာ အကုန်သိပြီလို့ ထင်တယ်လေ။ ဘွဲ့လေးတစ်ခုလောက်ရပြီ။ အလုပ်လုပ်လို့ရပြီ။ အိမ်ထောင်ပြုလို့ရလောက်ပြီ ဆိုရင် အများစုက ကျေနပ်သွားကြပြီ။ လောကကြီးကို မေးခွန်းတွေ ဆက်မထုတ်တော့ဘူး။ လူတန်းစေ့ နေနိုင်ပြီလို့ ယူဆကြလေ့ရှိတယ်။

ကလေးစိတ်ရှိနေရင် ဘာဖြစ်နိုင်လဲ။

မည်သူမဆို ကလေးတစ်ယောက်ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်ကို ပစ်ပယ်လိုက်မယ်ဆိုရင် အသိဉာဏ်ပညာတွေ ဆက်လက်တိုးတက်ဖို့ ဆိုတာ သိပ်မဖြစ်နိုင်တော့ပါဘူး။ အတွေ့အကြုံတွေ ရလာရင်လည်း အချိန်တွေအကြာကြီး နေမှ လူပန်းစိတ်ပန်းဖြစ်ပြီးမှ ရမယ်။ အဲဒါတောင် အကုန်လုံး အသုံးချတယ်အုံးမှာ မဟုတ်ဘူး။ ကိုယ်သိလာတဲ့ အသိတွေ ကိုယ်သင်လာတဲ့ပညာတွေကို ဒီအတိုင်း ဘာမှ မစဉ်းစား ဘဲ လက်မခံသင့်ပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်တယ်ဆိုတာက ကိုယ်သိလာတဲ့ အသိပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အတွေးတွေ ဖြစ်ပါတယ်။ ဥပမာ။ ။ မနက်ဖြန် အရှေ့ကနေ နေထွက်မယ်ဆိုတာ လူတိုင်း လက်ခံထားတဲ့ ခန့်မှန်းချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပဲ နေက အရှေ့ကနေထွက်လာတာ ကမာ္ဘတည်ကတည်းက ဆိုတော့ လူတိုင်းလူတိုင်း မစဉ်းစားဘဲ လက်ခံလိုက်ကြတယ်။ ဘာဖြစ်လို့ နေကအရှေ့က ထွက်တာလဲ ဆိုတာ၊ အနောက်ကကော နေထွက်နိုင်လားဆိုတဲ့ မေးခွန်းတွေကို သိပ္ပံပညာရှင်တွေက မေးခွန်းထုတ်ခဲ့ပြီး အဖြေကို ရအောင် ရှာခဲ့လို့သာ သိပ္ပံပညာဟာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ရူပဗေဒ ပညာရှင်တစ်ယောက် ထူးချွန်ဖို့ ဆိုတာ တစ်ရာမှာ တစ်ယောက် မလွယ်ပါဘူး။ အိုင်းစတိုင်းတို့ ဂယ်လီလီယို တို့လို ကလေးတစ်ယောက်ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်နဲ့ မေးခွန်းထုတ်ခဲ့ကြတဲ့ ရူပဗေဒ ပညာရှင်တွေ သာ မရှိခဲ့ရင် ကမာ္ဘကြီးဟာ ကျောက်ခေတ်ကနေ တက်အုံးမှာ မဟုတ်သေးပါဘူး။ ဘာသာရေးဆိုရင်လည်း အာဏာ ပါဝါရှိသူတွေရဲ့ လှိမ့်လုံး ညာလုံးတွေရဲ့ အောက်မှာ လူတွေ မျောနေကြအုံးမှာပါ။ ကမာ္ဘကြီးဟာ စကြာဝဋ္ဌာ ရဲ့ အလယ်မှာ ရှိနေအုံးမှာ ဖြစ်သလို တစ်ခြားဂြိုလ်တွေကလည်း ကမာ္ဘကို ပတ်နေတယ်လို့ ယုံကြည်နေကြအုံးမှာပါ။

လူကြီး ဖြစ်သွားရင် ဘာတွေ ပြောင်းသွားတတ်လဲ။

တကယ်တော့ ကျွန်တော်တို့ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်တွေကို တုံးသွားအောင် လုပ်တာက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ အများကြီး ဆိုင်ပါတယ်။ မြန်မာ့ ဓလေ့ထုံးစံတွေနဲ့ ပတ်သက်လာရင် လူကြီးတွေက အမေးအမြန်းမခံပါဘူး။ ဒါက အများစုကို ပြောတာပါ။ ကျန်းမာရေးနဲ့ ပတ်သက်တာကို ပြောရရင် ကလေးမီးဖွားပြီး မိခင်တွေကို နနွင်းတွေ သုတ်လိမ်းပြီး ခြင်ထောင်ထဲမှာ အလင်းရောင်နဲ့ လေကောင်းလေသန့်ပေးမတွေ့ဘဲ ထားတာတွေ အနာကျက်အောင် အိုးပူကပ်တာတွေ ကလေးမွေးလို့မရရင် ဗိုက်ပေါ်ကနေ တွန်းချတာတွေဟာ အခုထက်ထိ မြန်မာနိုင်ငံမှာ ရှိနေပါသေးတယ်။ လူကြီးတွေက ပြောတာပဲ ဆိုပြီး လက်ခံထားကြတယ် ထင်ပါတယ်။ အဲဒီလိုနဲ့ ခေတ်အဆက်ဆက် ကြာလာတော့ ဓလေ့လို့ ဖြစ်လာပုံရတယ်။ နောက်ပိုင်း ခောတ်မှီသူတွေကတော့ အဲဒါတွေကို လက်မခံတော့ဘူး။ နယ်မှာတော့ အခုထက်ထိ ရှိပါသေးတယ်။

မြန်မာ့လူ့ဘောင်မှာဆိုရင် အမေးအမြန်းထူတာကို မကြိုက်ကြဘူး။ ကလေးတွေက မေးရင်လည်း လူကြီးတွေက သူတို့မသိတာဆိုရင် အရှက်ကွဲမှာ ကြောက်တာနဲ့ ကလေးကို မေးရကောင်းလားဆိုပြီး ဆူလိုက်မဲလိုက် လုပ်တတ်ကြတယ်။ အဲဒီအခါမှာ ကလေးရဲ့ စူးစမ်းချင်တဲ့ စိတ်ကလေးက အညွှန့်ကျိုးပြီး မတိုးတက်လာတော့ပါဘူး။

ကျွန်တော်စဉ်းစားမိသလောက်ကတော့ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ လူ့ပတ်ဝန်းကျင်တွေမှာ ပေါက်တတ်ကရ ဓလေ့တွေ အမြစ်တွယ်နေကြပြီး လူတွေကလည်း မေးခွန်းမထုတ်ဘဲ လက်ခံလေ့ရှိကြတယ်။ အဲဒီလူ့ဘောင်ကနေ ပေါက်ဖွားလာတဲ့ လူမျိုးစုတွေဟာလည်း မေးရမှန်းမသိ စူးစမ်းရမှန်းမသိ ဖြစ်နေတတ်တယ်။ ဒီမှာက အသက်ကြီးတွေလုပ်နေရင် ဘာလုပ်လုပ် ရိုသေသမှုကို definition အဖွင့်မှားပြီး လက်ခံနေကြတာကိုး။ မြန်မာလူငယ်တွေ နိုင်ငံရပ်ခြားမှာ ပညာသင်တော့မှ ကိုယ့် ဦးနှောက် ဘယ်လောက် သံချေးတက်နေပြီဆိုတာ သိလာကြတာပါ။ ဒါက အရင်က ဖြစ်ရပ်ပါ။ အခုတော့ Globalization ကို အကြောင်းပြုပြီး မြန်မာတွေလည်း မေးတတ်မြန်းတတ်လာပါပြီ။ ဒါပေမယ့် သူများတွေကို မှီဖို့ဆိုရင် အခုထက် အများကြီး မေးခွန်းထုတ်ရအုံးမှာ ဖြစ်သလို စူးစမ်းတဲ့စိတ်လည်း အခုထက် အများကြီး မွေးဖို့ လိုပါသေးတယ်။

ကလေးစိတ်ကျန်နေအောင် ဘယ်လိုလုပ်ရင်ရလဲ။

အဓိက တရားခံက ကိုယ့်ကို ပျိုးထောင်ပေးတဲ့ လူကြီးတွေနဲ့ ဆိုင်တော့ သူတို့ကို အရင် ပြင်ရမှာပေါ့။ ကလေးတွေ မေးရင် မေးပါစေ။ ကိုယ့်ဆီမှာသာ အဖြေပေးနိုင်အောင် ကြိုးစားထား။ ကိုယ်မသိရင်လည်း မသိတဲ့အကြောင်း ကို ရိုးရိုးသားသားနဲ့ ကလေးကို ပြောပြပါ။ ကလေးဆိုတာ တသက်လုံးညာလို့ရတာမှ မဟုတ်တာ။ သူစဉ်းစားတတ်လာတဲ့အရွယ်ရောက်ရင် ရိုးသားတဲ့ မိဘကိုပဲ လိုချင်မှာပေါ့။ မိမိကို ငယ်ငယ်တုန်းက ပေါက်တတ်ကရတွေ ပြောတဲ့မိဘကို ဘယ်လိုချင်ပါ့မလဲ။ ကလေးတွေက အထင်သေးလည်း မတတ်နိုင်ဘူးလေ။ ကိုယ်မှ တကယ်မသိတာ။

အမေးအမြန်းထူတဲ့ ကလေးတွေကို တွေ့ရင် ချီးကျူး ထောပနာပြုပါ။ သူတို့ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်အပင်လေးတွေကို ပေါင်းသင်ရေလောင်း ပြုလုပ်ပေးပါ။ အဲဒါမှ မေးတယ်မြန်းတယ်ဆိုတာ ကောင်းတယ်လို့ သူတို့ ခံယူသွားမှာပေါ့။

ကိုယ့်ပတ်ဝန်းကျင်က အားမပေးလို့ မစူးစမ်းတတ်ရင်လည်း အားမငယ်ပါနဲ့။ ရေကောင်းမြေကောင်းကို ပြောင်းလိုက်ရင် ကိုယ်လဲ စပ်စု ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကို ပတ်ဝန်းကျင်က လုံလောက်တဲ့ ပံ့ပိုးမှုမရနိုင်ဘူးထင်ရင် ချက်ချင်းထွက်သွားတာ အကောင်းဆုံးပါပဲ။

From: New World

5 comments

  • susunosuki

    May 4, 2010 at 12:17 pm

    ကလေးဆိုတာအပြစ်ကင်းစင်တယ်
    ရိုးရိုးလေးပဲတွေးတယ်

    Reply

  • jackyangon

    May 8, 2010 at 5:16 am

    ကလေးဘဝကရှိခဲ့တဲ့ စူးစမ်းချင်စိတ်မျိုး ရိုးသားဖြူစင်တဲ့စိတ်မျိုး ရှိနေရင်ကောင်းတာပေါ့။

    Reply

  • geniouslady

    May 22, 2010 at 4:51 am

    ကလေးတွေကအဖြူရောင်နဲ့မေးတယ်လူကြီးတွေကအမြဲအရောင်တွေနဲ့

    Reply

  • zaylay

    June 10, 2010 at 9:43 am

    that is good post. then baby is always inquire about everything. if you are mature , you will be shy to inquire about everything.

    Reply

  • Amie

    June 10, 2010 at 11:41 pm

    interesting article!!!!! ..yea …i think we should keep not only children’s curious manner but also their innocent one …

    Reply

Leave a Reply to Amie Cancel Reply

Your email address will not be published.