“အထင်ကရ 84ခုမြောက်လမ်းမပေါ်ကဝိဉာဉ်”

“အထင်ကရ ၈၄ခုမြောက်လမ်းမပေါ်က ဝိဉာဉ်”

ဟိုမြောက်ဘက်ခြမ်းကစရင် ၂၂-စီဆိုတဲ့
အာဠဝီလမ်းက နေ တည့်တည့်ထွက်
မြို့တောင်ဘက်ကိုဆက်သွား
တဖြောင့်တည်းကနေ
ကွေ့ကွေ့ကောက်။
ဘုရားကြီး အောက်ကျင်းမရောက်ခင်တဆစ်ချိုး
အောက်ဖက်ကို်ဆင်းတဲ့ တစ်ယောက်ကတော့
စစ်ကိုင်းမန်းလေးလမ်းမ ဘဝပြောင်း
နောက်တစ်ယောက်ကတော့တည်တည့်ခရီးဆက်
တောင်မြို့အဝင်စ ဆင်ကျုံးဆိုတဲ့အရပ်ဘက်မှာ
လမ်းဆုံးပေါ့။
84ခုမြောက်လမ်းမဆိုတာ
မန်လေးရဲ့လမ်းတကာလမ်းတွေမှာ အတိုဆုံးလို့
ဆိုရင်လဲ မမှားပြန်ပါဘူး။

ဒီလမ်းမကြီးပေါ်မှာ
ဟိုးရှေးရှေးက ဓါတ်ရထားသွားတုံး သုံးခဲ့တဲ့ သံလမ်းကြီး
သူ့ကျောကုန်းပေါ်မှာ နှစ်အတော်ကြာအောင်
မနားတမ်း ထမ်းထားခဲ့ရပါသတဲ့။
တစထက်တစနစ်ဝင်သွားတဲ့သံလမ်း
84လမ်းရဲ့ရင်ကိုခွဲဝင်သွားတာကြာတော့
ရှိမှန်းတောင်မန်းလေးသားတွေမသိခဲ့ကြပါဘူးတဲ့။
ဟော…….များမကြာခင်ကတော့ 84လမ်းရဲ့ရင်ကိုတဖန်ခွဲ
သံလမ်းတွဲတွေကို
ပြန်ဆွဲထုတ်သွားပြန်ပါသတဲ့။

ဟိုအရင်ရှေးရှေး 84လမ်းပေါ်က
23လမ်းဒေါင့် ရေပေါ်မှာဆောက်ထားတဲ့
“မေမန်း”ဆိုတဲ့လက်ဖက်ရည်ဆိုင်
ကျောင်းသားဘဝက ခဏခဏထိုင်ဖြစ်သပေါ့။
သူ့မျက်နှာခြင်းဆိုင်မှာတော့ ဒေသန္တရဆေးခန်း
ဒါကျွန်တော်ကလေးဘဝက ရှိခဲ့တာတွေပါ။
ရှေ့ဆက်သွားရင်
မန္တလေးရဲ့ကျက်သရေဆောင်မြို့မအသင်းရဲ့ နာယက
ဆရာကြီးဦးသန့် အိမ် နဲ့
အဆာဟိ ကရာတေးကလပ်
တည်ရှိရာ ဒါးတန်းရပ်ဖြတ်သွားပြီးဆက်သွား၊
စံပယ်ခန်းမကိုအလွန်
26ဘီလမ်းဆိုတဲ့သမိုင်းများကိုထမ်းထားတဲ့
လမ်းကိုအကျော်
မြို့တော်ကို ငုံ့ကြည့်နေတဲ့
အချိန်လေးမျိုးနဲ့နာရီစဉ်ကြီးကတော့
အိန္ဒြေအပြည့်နဲ့မတ်မတ်ရပ်နေဆဲ။
နေ့တစ်မျုးိညတစ်ဖုံ
အသွင်မျိုးစုံနဲ့ရှိတဲ့
ဈေးချိုတော်
နှစ်တစ်ရာမပြည့်ခင်လေးမှာ
ဝတ်ရုံလွှာအဟောင်းခွာလို့
အသစ်ပြောင်း
ခေတ်ပေါင်းများစွာကို ကြုံဘူးသူဆိုလဲမမှားဘူးပေါ့။
ရဲရင့်စာပေ၊
နန်ထင်ကဖေး၊
ဝင်းစာပေ
ရုံတော်ကြီး၊
ထိုင်စိန်ကဖေး
(အခုတော့ ထွန်းဦးစာပေ)
အထင်ကရ ဟံသာဝတီ
ပွဲထိုင်
ဝင်းလိုက်
ရွှေမန်းတင်မောင်အိမ်
နဂါးဒေါ်ဦးအိမ်
လူထုကြီးပွားရေးသတင်းစာတိုက်
တော်ဝင်ရုပ်ရှင်ရုံ
လမ်းဘေးတစ်ဖက်တစ်ချက်စီမှာ
ရှေးကရှိခဲ့တာလေးပေါ့။
အခုတော့ဆိုင်တွေလဲပြောင်း
ပိုင်ရှင်တွေပြောင်း
ပုံစံတွေပြောင်း
လူတွေကလဲပြောင်း
တစ်ပြောင်းထဲပြောင်း
ပြောင်းတာတွေများလွန်းတော့
မှတ်များတောင်မမှတ်မိပေါင်ဗျာ။

အက္ခရာနဲ့ပထမဆုံးစတဲ့
35အေလမ်း
ဟိုအရင်ကတော့
မြို့လယ်ခေါင်က သံလမ်း
သူလဲထမ်းထားရဘူးသပေါ့။
ရှေ့နည်းနည်းတိုးသွားရင်
ရှေးကမန္တလေးရဲ့
သင်္ကေတထဲကတခု
ဦးကောက်ရ ရဲ့လမုန့်ဆိုင်လေးရှိခဲ့သပ။
ဆက်သွားပြန်ရင်
ဘီဒီဘရားသား
နီယွန်မီးဆိုတာကို
မန်းလေးနဲ့မိတ်ဆက်ပေးသူပ။
နည်းနည်းတိုးသွားရင်
စာတိုက်ကွေ့
သူနဲ့မနီးမဝေးမှာ
သာသနာ2500အထိန်းအမှတ်
ဗိမ္မာန်
ရှေ့တိုးရင်ဘုရားကြီးအောက်ကျင်းနဲ့
ကျောက်ဆစ်
ကွေ့…..ကွေ့…….ကွေ့…..ကွေ့

“ဟေ့ ဒီလောက်သိရအောင်မင်းက?”

“အော်……….ကျနော်လား!

လသာတဲ့ညကလွဲရင်
အမြဲတမ်းမှောင်မိုက်နေတဲ့
လျှပ်စစ်မီးမရှိတဲ့အထင်ကရ
84လမ်းမကို
အရှေ့ကနေ အနောက်ဘက်
နမော်နမဲ့နဲ့အဖြတ်
ခပ်ကြမ်းကြမ်းဝင်လာတဲ့ဘာမှန်းမသိလိုက်တာကြီးနဲ့အဆုံ
“ ဝုန်း“ ကနဲအသံကိုအကြား
“ဖျတ်”ဆိုပြီးဘဝပြောင်း
ဘဝဟောင်းကိုဘယ်တော့မှပြန်လာခွင့်မရှိတော့တဲ့
84လမ်းမပေါ်က
ဝိဉာဉ်လေးပါခင်ဗျာ”

ကိုပေါက်လက်ဆောင်အတွေးကန့်လန့်လေး
(20-6-2011)

17 comments

  • pooch

    June 20, 2011 at 12:15 pm

    ကျုံးကြီးကို မပြင်ခင် အရင် ကျုံးအဟောင်းတုန်းက အလယ်တန်း ကျောင်းသူဘဝ ကျောင်းသွားကျောင်းပြန် စက်ဘီးတစ်
    စီးနဲ့ ကျုံးဘေးက သစ်ပင်တန်းတွေကြားမှာ သူငယ်ချင်းတွေ နဲ့ ပြိုင်စီးရင်း ပျော်ခဲ့ဖူးတယ်။ တက္ကသိုလ် ကျောင်းသူဘဝ မန္တလေး တက္ကသိုလ် ကျောင်းဝင်းကြီးထဲက လှေကားထစ်တွေ ပေါ်ကို အလု
    အယက်နဲ့ ပြေးတက်ခဲ့ ဖူးတယ်……….. ခုတော့လည်း ………..
    ( လွမ်းမိတယ် ဟိုတုန်းက မန္တလေးညရယ်……. )

    Reply

  • fatty

    June 20, 2011 at 2:13 pm

    ကိုပေါက်အတွေးတွေက တကယ်ကောင်းနော် ………… အဲဒီသံလမ်းတွေပေါ်နေတုံးက
    မြင်ဖူးခဲ့တယ်။ အခုတော့ အတော်မျက်စိလယ်နေပြီ။

    Reply

  • kongelay

    June 20, 2011 at 2:33 pm

    ကျွန်တော်က မန်းလေးသားတော့မဟုတ်ပါဘူး ..
    မိတ္ထီလာမှာ မွေးတော့ ကိုယ့်ကိုယ်ကို မန်းလေးသားလို့ပဲ ခံယူထားပါတယ် ..
    ကိုပေါက်ရေးတဲ့ နေရာတွေ ကိုတွေတော့ မန်းလေးမြို့မှာ ကျွန်တော်ကျောင်းတက်ဖူးခဲ့ ..
    လျှောက်သွားခဲ့တဲ့ နေရာတွေကို ပြန်တွေ့ရတော့ အရမ်းလွမ်းလာမိတယ် ..
    စိတ်ထဲလဲဘယ်လိုဖြစ်သွားလဲမသိဘူးဗျာ .. တကယ်ပါ ကျွန်တော် မန်းလေးမြို့ကိုတကယ်ချစ်တာဗျ ..
    မန်းလေးမြို့ထဲက ဈေးချို .. ဝင်းလိုက် .. ထွန်းဦးစာပေ .. နဂါးစာပေ ..
    ပြီးတော့ တောင်တမန် ရယ် ကန်တော်ကြီး ရယ် .. ကျွန်တော်ကျောင်းတက်ခဲ့တဲ့ ..
    မန်းလေး နည်းပညာ တက္ကသိုလ် ရယ် .. အရမ်းလွမ်းတာပဲဗျာ .. (တခြားလွမ်းတာတွေတော့ မပြောတော့ပါဘူးဗျာ) .. ကြော်ငြာတယ်ထင်မှစိုးလို့ .. 😛

    Reply

  • Yan Shin

    June 20, 2011 at 3:36 pm

    ဖတ်ခဲ့ဘူးတယ်
    မန်းလေးသားမဟုတ်ပေမဲ့
    မြန်ပြည်သားမို့ ခံစားတယ်

    ဝသုန္တရေ လက်ရေးဆိုတာ

    အဲဒီမှာပါတယ် ရွေလျားနံရံတို့ စပါးကြီးမြွေတို့ ဆိုတာ

    ဟုတ်လားလေးပေါက်
    ထိတယ်။ ရင်ထဲကို

    Reply

  • padonmar

    June 20, 2011 at 5:40 pm

    ဦးကောက်ရဘဲ စိတ်ဝင်စားတယ်။အဲဒါမပါရင် ရန်ကုန်မလာနဲ့လို့ ဝိညာဉ်ကိုပြောလိုက်။

    Reply

  • ရွှေဘိုသား

    June 21, 2011 at 2:04 am

    MG ရွာသို.လူဆိုးတွေဝင်ခြင်းဆိုတဲ. ဆောင်းပါးမှာ
    ဦးပေါက် ရဲ.နာမည်ကို ငပေါက်လို. သုံးမိတာကိုအထူးတောင်းပန်ပါတယ်ခဗျာ
    ဦးဖတ်တီး ပြောသလို ကျွန်တော်ရိုင်းသွားတာဝန်ခံပါတယ်။
    အမှန်ပြောရရင် ကိုပေါက်တို. ဦးဖတ်တို.က ကျွန်တော. အဖေအရွယ်တွေပါပဲ
    ကျွန်တော်အခုမှ အသက် 19 နှစ်ပဲရှိပါသေးတယ်။
    စာအရေးနုသေးတာလည်းဟုတ်ပါတယ်။စာကိုဖတ်တဲ.သူနားလည်အောင်လည်းကောင်းကောင်းမရေး
    တတ်သေးလို.ပါ။အထူးတောင်းပန်ပါတယ်နော်ဦးပေါက်

    ဦးပေါက်ပြောသလိုကျွန်တော်.ကိုစရင်လည်းစိတ်မဆိုးပါကြောင်းပြောကြားလိုပါတယ်။

    Reply

    • etone

      June 21, 2011 at 2:38 am

      ဒုက္ခပဲ ရွှေဘိုသားတဖြစ်လဲ နာဇီပါတီ နှစ်ထောင့်ကိုး …. ပြောတော့မှ အန်ကယ်ဖက်နဲ့ လေးပေါက်တို့ အသက်ကြီးတာ လူသိကုန်ပြီ ။ ဒီအတိုင်းဆို သုံးဆယ့်ငါး လေးဆယ်လို့ပဲ ထင်ကြမှာ … ။ 😛
      သူ့ကိုယ်သူ ကျတော့ ဆယ့်ကိုးနှစ်တဲ့ … 😀

      Reply

  • bigcat

    June 21, 2011 at 3:13 am

    သရဲတွေကို ကြောက်စရာ မကောင်းအောင် မလုပ်ပါနဲ့ ဦးပေါက်ရယ်။ ကိုယ့်အလှည့်ကြရင် ဘယ်သူမှ မကြောက်ပဲ နေလိမ့်မယ်… 😡

    Reply

  • ရွှေဘိုသား

    June 21, 2011 at 3:28 am

    မမတုန်
    မယုံဘူးလာကျွန်တော် 19 နှစ်ဆိုတာ
    မယုံရင်လာကြည်.လေ
    ဟဲဟဲ
    လူကို

    Reply

  • Shwe Tike Soe

    June 21, 2011 at 4:21 am

    အော်ကိုပေါက်ကြီးက ရှေ.မှီနောက်မှီကြီးပဲ
    ဒါနဲ.ကိုပေါက်ရေ မန္တလေးမြို.အဝင်(တံခွန်တိုင်)က နန်းတော်အဝိုင်းကြီး ပြီးသွားပြီလား..
    အဲဒီကိုလဲ သွားပြီးလက်ဆော့ပေးပါအုံး…… ကျွန်တော် ပြန်တုန်းက ဆောက်တုန်းရှိသေးတော့ ကိုပေါက်ကြီး ဓာတ်ပုံလေးတင် ပေးစေချင်ပါတယ်.. အလွမ်းပြေပေါ့

    Reply

  • PinkCandy

    June 21, 2011 at 4:45 am

    အိမ်ကိုလွမ်းပါတယ်ဆိုမှ လေးလေးပေါက်လုပ်လိုက်မှ ပြန်ချင်စိတ်တွေပေါက်ကုန်တယ်။
    လေးလေးပေါက် တာဝန်ယူရမယ်။ 😛

    Reply

  • ပြီးသွားပြီ ကြည့်ချင်ရင်တင်ပေးမယ်။
    နည်းနည်းတော့စောင့် သဘက်ခါလောက်အဲဒိဘက်သွားမယ်လေ

    Reply

  • shweminthar

    June 21, 2011 at 12:00 pm

    ဝိဉာဉ် လေး တော့ မလုပ်ပါနဲ့
    ဝိဉာဉ် လေးလေး (ဦးလေး) တော့ လုပ်လိုက်ပါ။

    Reply

  • unclegyi1974

    June 21, 2011 at 3:38 pm

    ဝိဉာဉ် လေးရေဘီဒီမရောက်ခင်အထင်ကရ ရဟိုင်းဈေး
    တဖြစ်လဲမန်းမြို့ဈေးကျန်ခဲ့သေးတယ်လေ
    မင်းလေး ဝိဉာဉ်ဖြစ်တာစော
    အခုများမီတွေလင်းထိန်နေပါရဲ့
    ဘယ်သူတွေလုပ်ပေးတယ်ထင်ပါသလဲ
    ငါလုပ်တာမဟုတ်ဟုတ်

    Reply

Leave a Reply to Shwe Tike Soe Cancel Reply

Your email address will not be published.