ကန်တော်ကြီးကန်ပတ်လမ်း ဗုံးပေါက်ကွဲခဲ့သည့် နေရာတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးထပ်မံတွေ့ရှိ

klnMay 3, 20101min02

သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့ဗုံးပေါက်ကွဲခဲ့သည့် နေရာတွင် မပေါက်ကွဲသေးဘဲကျန်ရှိသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိ သည်။ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်၌ ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားအပြီးတွင် မပေါက်ကွဲဘဲကျန်ရှိသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ပြင်ပတွင်သတင်းများ ကြားခဲ့ရသဖြင့် သက်ဆိုင်ရာဌာနသို့ မေးမြန်မှုအပေါ် အဆိုပါဌာနမှ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုတွေ့ရှိခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ ဗုံးတစ်လုံးကို ဗုံးသုံးလုံးပေါက်ကွဲခဲ့သည့် နေရာအနီးရှိ မြန်မာဘီယာသံဘူးခွံထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ကြောင်း သိရှိရသည်။ ဗုံးသုံးလုံးဆက်တိုက်ပေါက် ကွဲပြီး ချိန်၌ ယင်းချိန်ကိုက်ဗုံးကို ဟန်းဖုန်းနှင့် ထပ်မံခွဲရန် ပြင်ဆင်နေစဉ် လုံခြုံ ရေးကားများ ဖြတ်သန်းသွားလာသဖြင့် တယ်လီဖုန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ဗုံးခွဲသည့် ခလုတ်နှိပ်မရဘဲ ဗုံးမပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြောင်းသိရှိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသုံးလုံးမှာ လက်ပစ်ဗုံးများဖြစ်ပြီး မပေါက်ကွဲဘဲကျန်ရှိသည့် ဗုံးမှာ ချိန်ကိုက်ဗုံးဟုယူဆကြောင်း၊ အဆိုပါဗုံးလေးလုံးစလုံးမှာ ပြည်ပနိုင်ငံလုပ် ဗုံးများဖြစ်သည်ဟု ယူဆကြောင်း၊ ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားအပြီးတွင် ဗုံးများ၏ စနက်တံသုံးခုစလုံးကို အခင်းဖြစ်နေရာ၌ပင်တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာမှပြောကြားချက်အရ သိရသည်။ ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားအပြီးဒဏ်ရာရရှိသူများကို လာရောက်ကယ်ဆယ်ရေး လုပ်သော ကယ်ဆယ်ရေးနှင့်လုံခြုံရေးအဖွဲ့များကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ချိန်ကိုက်ဗုံးကို ထပ်မံခွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆလျက်ရှိကြောင်းသိရသည်။ သင်္ကြန်အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူ ၁ဝဦးသေဆုံးခဲ့ပြီး လူ ၁၇ဝ ဒဏ်ရာရရှိခဲ့ကြောင်းတရားဝင်ထုတ်ပြန်ချက်အရသိရှိရပါသည်။

2 comments

  • zinkokothant

    May 3, 2010 at 9:34 am

    အေးဗျာ…အဲဒီဗုံးခွဲတဲ့ကောင်တွေမိရင်ပြောစမ်းပါ..နရင်းနှစ်ချက်လောက်ရိုက်မလို့

    Reply

  • susunosuki

    May 3, 2010 at 12:17 pm

    ဆိုးလိုက်တဲ့အကြမ်းဖက်သမား
    အကြံကလဲ ပက်စက်သေးတယ်
    လုံခြုံရေးအားနည်းတဲ့ပြည်သူကို ပစ်မှတ်ထားတာ သူတို့ အကြံဘယ်လောက်အောက်တန်းကျတယ်ဆိုတာပြနေတယ်

    Reply

Leave a Reply to zinkokothant Cancel Reply

Your email address will not be published.