စပ်မိ စပ်ရာ (၆)

nagargyiMay 13, 20111min05

လ္ဘက်ရည်ဆိုင်ကို လူအတော်များများ ထိုင်ဖူးကြပါတယ်။ လ္ဘက်ရည်ဆိုင် ထိုင်တာကို အလကား အလုပ်မရှိလို့ အချိန်ဖြုန်း နေတာလို့ မြင်တဲ့သူတွေ ရှိသလိုဘဲ မနက်စောစော လ္ဘက်ရည်လေး တစ်ခွက်လောက်မျှ မသောက်ရလျှင် ကျန်တဲ့အလုပ် မလုပ်နိုင်တဲ့သူလည်း ရှိပါတယ်။ လ္ဘက်ရည်ဆိုင် ထိုင်တာကို ကောင်းတယ်၊ မကောင်းဘူး အဓိက ပြောချင်တာ မဟုတ်ဘဲ ကျွန်တော့်အမြင်ကို တင်ပြခြင်းတာ ဖြစ်ပါတယ်။

မနက်စောစော အပြေးလေ့ကျင့်၊ လမ်းလျှောက်၊ ယောဂလုပ် စတဲ့အားကစားတွေ လုပ်ပြီးတဲ့အခါ မိတ်ဆွေတွေစုပြီး မနက်စာစားဖို့ လ္ဘက်ရည်ဆိုင် ထိုင်တာတွေ ရှိတယ်။

တစ်ချို့ မိသားစုတွေ ကလည်း မနက်စာစားဖို့ တစ်ယောက်တစ်မျိုး ကိုယ်ကြိုက်တာ မှာစားလို့ရတော့ လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်။

တစ်ချို့လည်း မတွေ့တာ ကြာပြီဖြစ်တဲ့ မိတ်ဆွေကို သွားလာရင်းတွေ့လို့ စကားပြောရအောင် နီးစပ်ရာ လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်။

တစ်ချို့ စီးပွားရေးသမား၊ ကုန်သည်၊ ပွဲစားတွေကလည်း အလုပ်ကိစ္စ ပြောဆိုဖို့ လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်။

တစ်ချို့ ကုမ္ပဏီ မားကက်တင်း အဖွဲ့တွေလည်း နေ့လည်စာစားရင်း ခဏနားရအောင် လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်။

ရပ်ကွက်တွေမှာ ဆိုရင်လည်း လူငယ်၊လူကြီး အမျိုးမျိုးဟာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြော လေကန်ဖို့ လ္ဘက်ရည်ဆိုင် ထိုင်ကြတယ်။

အခုဆိုရင် ညဖက် ဘောလုံးပွဲ ရှိတဲ့နေ့ဆိုရင် ဘောလုံးပွဲကြည့်ဖို့ လ္ဘက်ရည်ဆိုင်မှာ နေရာယူထားကြတာ ထိုင်စရာနေရာတောင် မရှိတဲ့ အထိဘဲ။

လ္ဘက်ရည်ဆိုင် ထိုင်တဲ့သူတွေကို ပြောရရင် ဆုံးမှာမဟုတ်ပါဘူး။ ကျွန်တော် အဓိက ပြောချင်တာက လ္ဘက်ရည်ဆိုင် ထိုင်တဲ့လူတွေအကြောင်း မဟုတ်ပါဘူး။ လ္ဘက်ရည်ဆိုင် ထိုင်ရင်း ကျွန်တော်တွေ့ကြုံ ခံစားရတာကို ပြောချင်တာပါ။

အကယ်၍ သင်ဟာ အလုပ်မှာဘဲဖြစ်ဖြစ်၊ အိမ်မှာဘဲဖြစ်ဖြစ် စိတ်ညစ် စိတ်ရှုပ်နေရင် လ္ဘက်ရည်ဆိုင်မှာထိုင်ပြီး ဘာမှမတွေးဘဲ စိတ်ကိုလွှတ်ထားပါ။ နောက်ပြီး ဆိုင်ရှေ့က ဖြတ်သွားတဲ့ သူတွေကို လိုက်ငေးကြည့် ကြည့်ပါ။ ဒါမှမဟုတ် ဘေးဝိုင်းတွေက စကားပြောတာတွေကို နားထောင်နေ ကြည့်ပါ။ သင်ဟာ မကြာမီ စိတ်ညစ် စိတ်ရှုပ်တာ ပျောက်သွား ပါလိမ့်မယ်။ သင့်မှာ အခြားနည်းမရှိရင် စမ်းကြည့်စေချင် ပါတယ်။

5 comments

  • susunosuki

    May 13, 2011 at 5:17 am

    မဖြစ်နိုင်ပါဘူး။ ကွဲပြားတဲ့ လူတွေက ကွဲပြားတဲ့ စကားတွေကို ခံစားချက်ကိုယ်စီနဲ့ပြောနေတာကို၊ စားပွဲထိုးလေးတွေငေးလို့ ဆိုင်ရှင်ဟောက်နေတာကို၊ ဆိုင်မှာ ဖွင့်တဲ့သီချင်းက ကိုယ့်စိတ်ခံစားချက်နဲ့ ကင်းကွာနေတာကို၊ တီဗွီကပြနေတဲ့ 5 movie နဲ့ ဘောလုံးပွဲက အသံတွေကို ကြားနေရတာကို ….နားထောင်ပြီး ဘယ်လိုစိတ်ပြေလက်ပျောက်ရှိပါ့မလဲ။

    ဖြစ်သင့်တာက စိတ်ညစ်ပျောက်ဖို့ဆိုရင် လူသူကင်းရှင်းတဲ့ မြစ်ကမ်းလိုနေရာမျိုးမှာ အချိန်ယူပြီး ထိုင်နားနေသင့်တာ။

    Reply

  • naywoonni

    May 13, 2011 at 7:04 am

    (မြစ်ကမ်းလိုနေရာမျိုးမှာ အချိန်ယူပြီး ထိုင်နားနေသင့်တာ။လို့) susunosuki ကပြောတာ ငါးမျှားတံလေး တစ်ချောင်းပါရင်ပိုကောင်းမှာ…။ ငါးမရတော့လည်း ရေချိုးပြန်တာပေါ့………

    Reply

  • nature

    May 13, 2011 at 2:52 pm

    ဒါ့ကြောင့် လ္ဘက်ရည်ဘိုးခေတ်စားနေတာကိုး၊ တခွက်တခွက်တော်တော်ဈေးကြီးသားနော်။

    Reply

  • မမလေး

    May 14, 2011 at 3:38 pm

    လ္ဘက်ရည်ဆိုင်တစ်ခါမှ မထိုင်ဖူးဘူး …

    Reply

  • windtalker

    June 4, 2011 at 5:12 am

    ကိုငှက်(ထူးအိမ်သင်) က တော့
    လမ်းဘေး ကဖေးလေး ငါ ထိုင်ငေး
    အဆွေးဆုံး အတွေးများ ငါ ခံစား… မင်း သိမှာလား
    ငါလေ တစ်ယောက်ထဲ အထီးကျန် ။ တဲ့ ဆိုထားတာပဲ

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.