၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို Live ပြသပေးမယ့် YANGON ENTERTAINMENT

chitkayApril 30, 20101min00

၂၀၁ဝ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပပေးတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအား Lolane အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးနေတဲ့ Yangon Entertainment ကနေ မြန်မာပြည်သူ ပြည်သား ဘောလုံး အားကစားမြတ်နိုးသူတိုင်း Live ကြည့်ရှုခွင့်ရအောင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (မီဖာ) ထံမှာ တစ်ဦးတည်း မူပိုင်ခွင့်ပြုချက်နဲ့ ရုပ်သံအစီအစဉ်များက ထုတ်လွှင့်ပေးသွားတော့မယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသပေးသွားမယ့် အစီအစဉ်များနဲ့ တစ်ဦးတည်းမူပိုင်ခွင့် ရရှိခဲ့ပုံများကို ရှင်းလင်းတင်ပြတဲ့ အခမ်း အနားကို ဧပြီလ ၈ ရက်နေ့ ည ရ နာရီက ရန်ကုန်မြို့ ကန်တော်ကြီးရှိ ချက်ထရီယန်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အစီအစဉ်များအား ရှင်းလင်းတင်ပြတဲ့ပွဲမှာ သရုပ်ဆောင် ဆွေဇင်ထိုက်နဲ့ နန္ဒတို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ပြီး ပထမဦးစွာ Yangon Entertainment မှ ဦးလှဝင်းက အဖွင့်အမှာစကားပြောကြားပြီး MD ဦးအယ်လမိန်းမှ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပြသပေးရခြင်း ရည်ရွယ်ချက်နဲ့ ရုပ်သံအစီအစဉ်များမှ ပြသပေးသွားဖို့ စီစဉ်နေမှုများကို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
ဆက်လက်ပြီး ထုတ်လုပ်ပြသခွင့်ရထားတဲ့ Yangon Entertainment နဲ့ ကြော်ငြာများ ကောက်ခံကာ ထည့်သွင်းပေးသွားမယ့် မိုးဆမ်းပန်းမီဒီယာမှ တာဝန်ရှိသူများဖြစ်တဲ့ ဦးလှဝင်းနဲ့ ဦးဇော်မင်းအေးတို့က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စာနယ်ဇင်းများမှ သိလိုတာများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကျင်းပမယ့် ၂၀၁ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မြန်မာပြည်သူပြည်သားများ အခြားနိုင်ငံမှ ဝါသနာရှင်များနည်းတူ တစ်ပြေးညီ Live ကြည့်ရှုနိုင်ရန် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (မီဖာ) နဲ့ သုံးလ ကြာ ဆွေးနွေးခဲ့ရပြီးမူပိုင်ခွင့်နဲ့ ထုတ်လုပ်ပြသခွင့် ရရှိဖို့ ငွေကုန်ကြေးကျခံကာ ခွင့်ပြုချက်ရယူခဲ့ရကြောင်း ဒါကြောင့် ထုတ်လုပ်ပြသခွင့်ရထားတဲ့ ကုမ္ပဏီမှအပ မည်သည့် စီးပွားရေးနဲ့ ဝန်ဆောင်မှုများအနေနဲ့ အကျိုးအမြတ်ရရှိစေရန် အရောင်းနဲ့ ဝန်ဆောင်မှုမြှင့်တင်ရေးလုပ်ငန်းများမှာ အခမဲ့ဖြစ်စေ အဖိုးအခယူပြီးဖြစ်စေ ကမ္ဘာ့ဖလားပရိုဂရမ်နဲ့ စပ်လျဉ်းတဲ့ အသံ၊ သီချင်းစာသား၊ အရုပ်၊ ရုပ်သေ ရုပ်မြင်သံကြားထုတ်လွှင့်မှု၊ ကုန်အမှတ်တံဆိပ်များကို တစ်စိတ်တစ်ပိုင်းကို လည်းကောင်း၊ တစ်ခုလုံးကိုလည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးပြုမယ်ဆိုပါက မူပိုင်ခွင့်ရထားတဲ့ Yangon Entertainment ရဲ့ ကြိုတင်ခွင့်ပြုချက်ရရှိမှသာ သုံးစွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားလိုဂိုနဲ့ ဘောလုံးပြိုင်ပွဲများမှ ဓာတ်ပုံများကို ဂျာနယ်၊ မဂ္ဂဇင်းများ မည်သည့် စီးပွားရေးအတွက်မှ သုံးစွဲခွင့် မရှိကြောင်း၊ ခွင့်ပြုချက် မရှိဘဲ စီးပွားရေးအလို့ငှာ သုံးစွဲပါက နစ်နာ ဆုံးရှုံးမှု အရပ်ရပ်အတွက် လျော်ကြေးငွေ တောင်းခံရယူခြင်း အပါအဝင် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.