မန္တလေးမြို့တွင် လေပြင်းကျ မိုးရွာသွန်းမှု ဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် မိုးသီးများပင် ကျဆင်းခဲ့ကြောင်း သိရ

ဦးကောက်April 21, 20111min01

မန္တလေးမြို့တွင် ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က လေပြင်းကျ မိုးရွာသွန်းခဲ့သောကြောင့် အချို့နေရာများရှိ ကြော်ငြာဆိုင်းဘုတ်များ ပျက်စီးကာ တချို့လမ်းပိုင်းများ၌ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အထူးသဖြင့် လမ်း ၈ဝ နှင့် ၇၈ လမ်း စသည့် လမ်းများရှိ ကြော်ငြာဆိုင်းဘုတ်များ ပျက်စီးခဲ့ကြောင်းလည်း သိရှိရပါသည်။

ထိုသို့ လေပြင်းကျ မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့ရှိ ကျုံးတောင်ဘက်လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၃၅ လမ်းများတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မိုးရွာနေစဉ်တွင် မန္တလေးမြို့ အနောက်ဘက်ခြမ်း ရပ်ကွက် တစ်ချို့တွင်လည်း မိုးသီးများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

”ဧပြီလ ၁၉ ရက်နေ့က မိုးထစ်ချုန်း ရွာသွန်းမှုမှာ မိုးရေချိန် အများဆုံးကတော့ မန္တလေးမြို့နဲ့ ပြင်ဦးလွင် မြို့တွေပါပဲ။ အခု မန္တလေးမှာက လေပြင်းတွေပါ တိုက်ပြီး မိုးရွာခဲ့တဲ့အပြင် တချို့နေရာတွေ ဆိုရင် မိုးသီး အနည်းငယ်
ကျဆင်းခဲ့ပါတယ်”ဟု မိုး လေဝသနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုးသီးများ ကျရောက်ခဲ့ပုံကို ”မိုး စပြီး ရွာလာတာကတော့ ညနေပိုင်း လောက်မှပါပဲ။ မိုးရွာလာပြီး မကြာခင်မှာပဲ စပျစ်သီး အရွယ်လောက်ရှိတဲ့ မိုးသီးတွေပါ ပါလာတယ်။ တချို့လူငယ်တွေဆိုရင် ကျလာတဲ့ မိုးသီးတွေကို
အကာအကွယ်တွေ ဆောင်းပြီးတော့ လိုက်ကောက်ကြတာ တွေ့ရတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မိုးရွာသွန်းစဉ်တွင် လေပြင်းပါ ဝင်ရောက် တိုက်ခတ်ခဲ့သော်လည်း မန္တလေးမြို့တွင် အပျက်အစီး ကြီးကြီးမားမား တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ဘဲ သစ်ကိုင်းများ ကျိုးပဲ့ပျက်စီးမှုလောက်သာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ဧပြီလ ၁၉ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် လေပြင်းနှင့်အတူ ရွာသွန်းခဲ့သော မိုးရေချိန် အမှတ်မှာ မန္တလေးမြို့၌ ၂ ဒသမ ၄၈ လက်မ၊ ပြင်ဦးလွင်မြို့၌ ၂ ဒသမ ၄၈ လက်မ၊ ကျောက်ဆည်မြို့၌ ဝ ဒသမ ၂ဝ လက်မ၊ ညောင်ဦးမြို့၌ ဝ ဒသမ ဝ၈ လက် မ၊ ပျဉ်းမနားမြို့၌ ဝ ဒသမ ဝ၈ လက်မ တို့ ဖြစ်ကြောင်း သိရှိရသည်။

One comment

  • manawphyulay

    April 21, 2011 at 2:56 am

    ကျိုက်ထီးရိုးတောင်ပေါ်မှာလည်း မိုးတွေတအားရွာတယ်လို့ သတင်းကြားတယ်။ ရာသီဥတုတွေ ဖောက်ပြန်ကုန်တာ အပူအအေးမညီမျှတော့လို့လား……

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.