WordPress သုံးမလား၊ Blogspot သုံးမလား

zoxnetApril 19, 20111min02

ကျွန်တော် ထင်သလောက် မြန်မာပြည်မှာ WordPress သုံးစွဲသူဦးရေ နဲ့ Blogspot သုံးစွဲသူဦးရေမှာ Blogspot သုံးစွဲသူ Blogger အရေအတွက်က ပိုများမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် Blogging လောကကိုလည်း Blogspot ကနေပဲ အစပြုပြီး ရောက်လာကြတယ်လို့ ထင်ပါတယ်။ WordPress ထက် အရင်ပေါ်ခဲ့တာ ဖြစ်သလို၊ သုံးစွဲရတဲ့ နေရာမှာလည်း လွယ်ကူတဲ့အတွက် စားသုံးသူ တော်တော်များများကို ညှို့ငင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ Blogspot ကို ဘန်းထားတာတောင် ဇွဲကြီးကြီး၊ သံယောဇဉ်ကြီးကြီးနဲ့ အံကြိတ်ပြီး Blogspot နဲ့ ဖန်တီးနေတဲ့သူတွေ မရေမတွက်နိုင်လောက် အောင်ကို ရှိနေပါသေးတယ်။ ကျွန်တော်လည်း ဘလော့ဂ်ရေးမယ်လို့ စိတ်ကူးမိတဲ့ အချိန်မှာ Blogspot နဲ့ ဘလော့ဂ် လေး တစ်ခု စတင်ဖန်တီးမိပါတယ်။ သူများတွေ ရေးနေတာကို ကြည့်ပြီး အားကျရင်းနဲ့ အဲ့ဒီ Blogspot မှာ ဘလော့ဂ်လေးတစ်ခုကို ဖန်တီးပြီး ကြောင်တောင်တောင် ပို့စ်လေးတွေကို တင်မိပါတယ်။ ဒါပေမယ့် အဲ့ဒီ တစ်ရက်၊ နှစ်ရက် အတွင်းမှာပဲ ကျော်ခွရတဲ့ ဒုက္ခနဲ့ ကော်နက်သေ ရဲ့ ဖိစီးမှုကို မခံနိုင်တဲ့အတွက် အဲ့ဒီ ဘလော့ဂ်လေးကို အဲ့ဒီ အတိုင်းပဲ ပစ်ထားလိုက်မိပါတယ်။ အခုအချိန်ထိလည်း အမှတ်တရ အဖြစ် ကျွန်တော် ထားထားပါတယ်။ အဲ့ဒီနောက်မှာမှ ကျွန်တော့်ရဲ့ မိတ်ဆွေသူငယ်ချင်း မောင်သားဖြိုးနဲ့ တွေ့လို့ သူ့ကို အကူအညီ တောင်းရင်းက သူရဲ့လမ်းပြသင်ပေးမှုနဲ့ WordPress ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီ WordPress နဲ့ပဲ ကျွန်တော့်ရဲ့ ပထမဆုံး ဘလော့ဂ် လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို WordPress ကို သုံးမိတဲ့ အချိန်ကစပြီး သံယောဇဉ်ကြီးကြီးနဲ့ WordPress အပေါ် စွဲလန်းခဲ့ပါတယ်။ mmwordpress က ကိုသင်္ကြန်တို့ရဲ့ ကူညီပံ့ပိုးမှုအပါအဝင် WordPresser သူငယ်ချင်းများစွာရဲ့ လက်တွဲခေါ်ယူမှုနဲ့အတူ WordPress ကို သုံးရင်း WordPress နဲ့ ပတ်သက်တဲ့ အသိပညာလေးတွေကို ထပ်မံ ဆည်းပူးခွင့်ရခဲ့ပါတယ်။ နောက်ပြီး ကိုဘလက် တို့ဦးစီးတဲ့ mmgenius (WordPress MU) မှာ WordPress ဘလော့ဂ် ရယူခဲ့ပြီး မသိသေးတဲ့ အရာတွေကို မေးမြန်းနာယူရင်းနဲ့ WordPress ရဲ့ အရသာ ရှိမှုကို ထပ်မံ ခံစားသိမြင်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော့် မိတ်ဆွေ ဘလော့ဂါ တော်တော်များများကို WordPress သုံးစွဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ WordPress မှာ ဘလော့ဂါလို မဟုတ်ပဲ hosting ပြသနာ ရှိပေမယ့် သုံးစွဲရတဲ့နေရာမှာ Professional ဆန်ပါတယ်။ Free hosting နဲ့ WordPress MU တွေ သုံးရင် အနည်းနဲ့ အများ ပြသနာ ရှိပေမယ့် ကိုယ်ပိုင် hosting ဝယ်သုံးမယ် ဆိုရင်တော့ WordPress ဟာ ထူးခြားတဲ့ အနှစ်သာရတွေကို ပေးစွမ်းနိုင်ပါတယ်။ အခုအချိန်မှာတော့ WordPress ကို စမ်းသုံးချင်တဲ့ မိတ်တွေတွေ အတွက် MyanmarPress က WordPress MU Blog service ပေးနေသလို Myanmar WordPress ကနေလည်း WordPress Software 3.1.1 ကို မြန်မာဘာသာ အဖြစ် ပြန်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဘယ်လို စိတ်ဓါတ်နဲ့ မှန်းမသိ အဲဒီဆိုဒ်ကို ဘန်းထားပါတယ်။ လေ့လာလိုသူ ရယူသုံးစွဲသူတွေ အတွက် ထုံးစံအတိုင်း ကျော်ခွပြီးတော့ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး WordPresser တွေအတွက် အသုံးဝင်ပလဂ်အင် ဧရာဝဗ်ကစ်တ် ကိုလည်း ဧရာဖောင့်နဲ့ ဖန်တီးပေးထားပါတယ်။ မြန်မာဘာသာ WordPress 3.1.1 ကို သုံးစွဲခြင်းဖြင့် မြန်မာဘာသာကို မည်သည့်နေရာ မည်သည့် စက်မှမဆို ကောင်းမွန်စွာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ WordPress ကို အရသာမြိန်မြိန်နဲ့ စားသုံးနိုင်ကြပါစေ ခင်ဗျာ။

2 comments

  • etone

    May 16, 2011 at 4:55 am

    အစကတော့ ကြည့်ပါသေးတယ်… ကြိုးစားဝင်တယ်.. နောက်ပိုင်း … အဘမ်းခံရတာတွေများနေလွန်းလို့ စိတ်နာလို့ ဝင်ကိုမကြည့်ဘူး … ။

    Reply

Leave a Reply

Your email address will not be published.