သီတာ ဘယ်မှာလဲ

weiweiApril 15, 20111min017

သင်္ကြန်ပိတ်ရက် အိမ်ထဲမှာ တစ်ယောက်ထဲနေရင်း စိတ်တွေက အတိတ်ဆီကို ရောက်ရှိသွားပါတယ်။ ၁၉၉ဝ ပတ်ဝန်းကျင်တုန်းက သန်လျင်ကနေ ရန်ကုန်ကို သွားစရာ ရေလမ်းတစ်ခုပဲ ရှိခဲ့ပါတယ်။ နေ့စဉ် မနက် ၅ နာရီခွဲကနေ ည ၉ နာရီ ၄၅ အထိ သင်္ဘောတွေ နာရီဝက်တစ်စီးနဲ့ ခေါက်တုန့်ခေါက်ပြန် ပြေးဆွဲတဲ့ အချိန်တုန်းကပေါ့ …

ကျွန်မက ဆယ်တန်းဖြေထားပြီး အားနေချိန်ဆိုတော့ သင်တန်းတွေတက်ချင်ပါတယ်။ ရန်ကုန်ကို သင်တန်းတက်ရမှာဆိုတော့ သင်္ဘောစီးပြီး သွားတဲ့နည်းကလွဲပြီး မရှိဘူး။ အဲဒီလိုနဲ့ မနက် ရ နာရီအခေါက်နဲ့ ရန်ကုန်ကိုသွားတယ်။ ညနေ ၅ နာရီအခေါက်နဲ့မှ သန်လျင်ကို ပြန်ပါတယ်။ သင်္ဘောအမျိုးအစား ၃ မျိုး ပြေးဆွဲနေပေမယ့် လူသိများတာကတော့ သီတာသင်္ဘောဖြစ်ပါတယ်။ သီတာ ၁၊ သီတာ ၂ ဆိုပြီး နှစ်စီးရှိပါတယ်။ သင်္ဘောကိုယ်ထည် ၂ ခုတွဲပြီး တည်ဆောက်ထားတဲ့ ခရီးသည်တင်သင်္ဘောဖြစ်ပါတယ်။ Catermarem အမျိုးအစား ၃ ထပ် သင်္ဘောဖြစ်ပါတယ်။ ခရီးသည်တွေက အရမ်းများတယ်။ သင်္ဘောစီးခ တစ်ယောက် တစ်ကျပ်ပေးရပါတယ်။ သင်္ဘောကပ်ပြီးလို့ တံခါးကိုဖွင့်လိုက်တာနဲ့ လူတွေ အလုအယက်သင်္ဘောပေါ်ပြေးတက်ပြီး နေရာဦးကြတယ်။

သင်္ဘောတစ်ခေါက်ကို မိနစ် ၄ဝ ကနေ တစ်နာရီခန့်အထိ ရေတက်ရေကျပေါ်မူတည်ပြီး အချိန်ကြာမှာဆိုတော့ ထိုင်ခုံမရရင် မလွယ်ဘူး။ အကြာကြီးမတ်တပ်ရပ်ရမှာပေါ့။ သင်္ဘောဝန်ထမ်းတွေက ခွေးချေကလေးတွေကို တစ်ခုံတစ်မတ်နဲ့ ငှားစားပါတယ်။ နေ့တိုင်းသွားသူတွေက တစ်မတ်လဲ မတတ်နိုင်လို့ ခင်းစရာအခင်းလေးတစ်ခု အမြဲဆောင်သွားကြပါတယ်။ ကျွန်မကလဲ ခုံမရတဲ့အခါ အခင်းတစ်ခုခင်းပြီး ဖြစ်သလိုပဲ ထိုင်ပါတယ်။ သင်္ဘောကြီးက တရားမျှတပါတယ်။ အယုတ်အလတ်အမြတ်မရွေး ဘက်လိုက်မှုမရှိပဲ အားလုံးကို တန်းတူဆက်ဆံပါတယ်။

ကျွန်မအတွက်တော့ သင်္ဘောစီးရတာ တက္ကသိုလ်တစ်ခုကို တက်ရသလိုပါပဲ။ လူတွေအများကြီးကို လေ့လာခွင့်ရပါတယ်။ သူဌေးကြီးကနေ သူတောင်းစားအဆုံး အားလုံးကို တစ်နေရာထဲမှာ တွေ့ရတယ်ဆိုတော့ သူတို့ကို အကဲခတ်ရင်း အချိန်ဖြုန်းလေ့ရှိပါတယ်။ အစိုးရဝန်ထမ်းအမျိုးသမီး အများစုကတော့ သိုးမွေးထိုးတဲ့အလုပ်ကို လုပ်ကြတာများပါတယ်။ ယောက်ျားတွေကတော့ အချင်းချင်း ဝိုင်းဖွဲ့စကားပြောကြတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကတော့ အီစီကလီလုပ်ကြတယ်။ ကလေးတွေကို ရန်ကုန်ကိုလိုက်ပြတဲ့ မိသားစုတွေလဲပါတယ်။ စက်ဘီးတွေကို ကယ်ရီအဖြစ်သုံးပြီး ရန်ကုန်က ကုန်တွေကိုသယ်ယူကြတဲ့ လက်လုပ်လက်စားတွေလဲ ပါပါတယ်။ ကျွန်မလို တစ်ယောက်ထဲ အဖော်မပါပဲ ခပ်တည်တည်နဲ့ လူတွေကိုငေးနေတဲ့သူတော့ သိပ်ရှိမယ် မထင်ဘူး။

တစ်ချို့ရာသီမှာ ဇင်ယော်လေးတွေ အုပ်စုဖွဲ့ပြီး သင်္ဘောနောက်ကိုလိုက်ကြတာ ပျော်စရာကောင်းပါတယ်။ စာကလေးခွေ ဝယ်ကျွေးရင် အဆက်မပြတ် လိုက်လာလေ့ရှိပါတယ်။  တစ်ဖက်ကမ်းကို ကပ်ခါနီးတာနဲ့ လူတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ကြပါတယ်။ သူ့ထက်ငါ အလုအယက် ကမ်းပေါ်ကို ရောက်ဖို့ တွန်းတိုးပြီး တက်ကြပါတော့တယ်။ ရန်ကုန်ဘက်မှာ ၁၂ နံပါတ် ကားနဲ့ ၈ နံပါတ်ကားကို စီးကြပါတယ်။ တစ်ယောက်ကို ပြား ၃ဝ ပေးရတယ်။ ကျွန်မက ၁၂ နံပါတ်ကို စီးလေ့ရှိပါတယ်။ တစ်ခါတစ်လေ ၄ ဘီးကားစီးတယ်။ လေးဘီးက မြို့ထဲကို စီးလုံးငှားရင် ရ ကျပ်ပေးရပါတယ်။

အသွားနဲ့အပြန်နဲ့ မတူပါဘူး။ အပြန်မှာလူတွေက ပိုပင်ပန်းနေပုံပေါ်ပါတယ်။ ခပ်နွမ်းနွမ်းမျက်နှာတွေနဲ့ အိပ်ငိုက်ပြီး ပြန်လာတဲ့သူများပါတယ်။ ကျွန်မလဲ အဲဒီအချိန်ကထဲက ငုတ်တုတ်အိပ်တတ်တဲ့ အကျင့် ရခဲ့ပါတယ်။ သီတာသင်္ဘောအလယ်ထပ်နဲ့ အောက်ထပ်က ဘေးပတ်လည်ပြူတင်းပေါက်လောက်သာပါလို့ မွမ်းကြပ်တယ်လို့ ခံစားရတာနဲ့ အများအားဖြင့် အပေါ်ဆုံးထပ်မှာ သွားစီးလေ့ရှိပါတယ်။ ဘော် .. ဆိုတဲ့ သင်္ဘောဥဩစွဲသံ၊ အလုအယက် တက်ကြဆင်းကြနဲ့ အဲဒီမြင်ကွင်းတွေအားလုံး 1993 သန်လျင် ရန်ကုန် တံတားကြီးလဲ ဖွင့်ပြီးရော မမြင်ရတော့တာ ဒီနေ့အထိပါပဲ …

သီတာ ဘယ်မှာလဲ ??

17 comments

  • kai

    April 15, 2011 at 9:08 am

    နစ်သွားတာ ..သီတာသင်္ဘောမဟုတ်လား..။
    .. တညင်သင်္ဘောတစင်းနစ်တာတော့ သိတယ်..။ သီတာလားဘာလားမသိ..။
    မြန်မာရေလုပ်သား တချို ့တွေ.. ရေနစ်တဲ့သူတွေကို လက်စွမ်းပြတာတွေ ပုံပြင်အဖြစ်ကျန်ရစ်ခဲ့လေရဲ့..။

    အဲဒီ မြစ်ဆုံတလျှောက်မှာ .. သင်္ဘောမျိုးစုံတော်တော်များများ စီးဖူးတယ်.။ အများအားဖြင့်ကတော့ ရေနံသင်္ဘောတွေ..။
    သီလဝါအထိ သင်္ဘောနဲ့ခေါက်တုံ ့သွားဖူးတယ်..။
    အဲဒီက ဘဝတွေဘဝတွေဆိုတာ.. စာရေးပြလို့တောင် ကုန်မယ်မထင်ဘူး..။

    Reply

    • weiwei

      April 15, 2011 at 10:05 am

      နစ်သွားတာ သီတာမဟုတ်ဘူး .. တိုင်းလုံးကျော် သင်္ဘော .. ရိုးရိုး ခရီးသည်တင် သင်္ဘော .. 1987 တုန်းကဖြစ်ခဲ့တာ … လူတစ်ရာကျော်သေခဲ့တဲ့ အမှတ်တရ အဖြစ်ဆိုးတစ်ခုပါပဲ …
      အဓိက သင်္ဘောမှောက်တဲ့ အကြောင်းရင်းကတော့ တန်ပိုတင်တဲ့ ပြသနာနဲ့ stability မကောင်းတဲ့ သင်္ဘောတွေကို သုံးနေလို့ဖြစ်ပါတယ်။ လူတွေက လန့်ပြီး တစ်ဖက်ထဲမှာ ကပ်လိုက်တော့ မထိန်းနိုင်ပဲ မှောက်ရော ..

      Reply

  • ဆူး

    April 15, 2011 at 9:16 am

    သီတာ စီးရင် ဘယ်လောက် ကြာလဲ သန်လျင် ကနေ ရန်ကုန်။

    Reply

  • kopauk mandalay

    April 15, 2011 at 10:38 am

    ငယ်ငယ်တုန်းကတော့ ရေလည်ကျောက်တန်း သွားတော့ တစ်ခါစီးဘူးတယ်။
    မမှတ်မိတော့ဘူး။
    ဖြစ်သင့်တာကတော့ တံတားလဲဆောက် သင်္ဘောကိုလည်းအရင်လိုထား

    သွားတဲ့လူက သွားချင်တာနဲ့ သွား မကောင်းဘူးလား?

    Reply

  • ဆူး

    April 15, 2011 at 12:20 pm

    သန်လျင်က သင်္ဘောတော့ မသိဘူး.. ဧရာဝတီ တိုင်းမှာ တံတားတွေ မရှိခင်က သင်္ဘောနဲ့ တနေရာ တနေရာ တမေ့တမျော သွားခဲ့ရတယ်။ ဥပမာ အားဖြင့် တနေ့တည လောက် ကြာတာမျိုး ပေါ့။ တံတားရှိတော့ အချိန် ၃နာရီလောက်ဆို ရောက်နေတော့ ဘယ်သူမှ သင်္ဘော မစီးတော့ဘူး။ သင်္ဘောခ သက်သာလို့ သိပ်ဆင်းရဲလွန်းလို့ အကုန်အကျ မခံနိုင်တဲ့ လူတွေ သာ သင်္ဘောစီးတဲ့ အတွက် သင်္ဘောဆိုတာ ကုန်ပို့ တဲ့ နေရာလောက်ဘဲ သုံးတယ်။ အရင်က သင်္ဘောကပ်တဲ့ မြို့တွေမှာ ထမင်းထုတ်ရောင်းတဲ့ လူတွေ အလုပ်ဖြစ်ပေမဲ့ အဲဒီ ထမင်းဆိုင်တွေ ထမင်းထုပ်တွေ မရှိတော့ဘူး။ ထမင်းထုပ် ကို ကြာဖက်နဲ့ ထုတ်ပြီး ကြက်သား ဆီပြန် ငါးပိရေလေး စမ်းထားတာ ငပိရည် မကြိုက်ပေမဲ့ အဲဒီ ထမင်း အတော် စားကောင်းတယ် ငပိနံနဲ့ ကြက်သား ဆီပြန် စပ်စပ်လေး ရှူးရှူး ရှဲရှဲ ဖက်နံ့ သင်းသင်းနဲ့ စားကောင်းတယ်။ သင်္ဘောကပ်ရင်လည်း လူတွေ အားကြီးဘဲ တက်လာကြတယ် ထမင်းထုပ် ရောင်းတဲ့ လူနဲ့ ချိုချဉ် သကြားလုံး ရိုးရာ ထွက်ကုန် လက်မှု ပစ္စည်းတွေ အားကြီးဘဲပေါ့။ ထမင်းစားချိန် ကပ်နေကြ နေရာဆိုရင်တော့ ထမင်းသည်တွေ သိပ်များတယ်။ လှေနဲ့ လိုက်ရောင်းပြီး လှေပေါ်ကနေ သင်္ဘော ဘက်ကို လှမ်းပေးတယ်။
    ဈေးကွက်ဆိုတာလည်း ဝယ်လိုအားရှိမှ ဖြစ်တာဆိုတော့ ဝယ်လိုအားမရှိတော့ ဈေးသည်တွေလည်း တဖြေးဖြေးနဲ့ အလုပ်ပြောင်းလုပ်ကြတယ်။ သင်္ဘောဆိပ်ကမ်းမြို့တွေ အရင်က လူစည်ကားပေမဲ့ အခုတော့ လူမရှိတော့ဘူး။
    ဒီလိုနဲ့ သင်္ဘောလိုင်းတွေလည်း လောင်စာဖို့ အကုန်မခံတော့ဘဲ သဘောင်္အစီးရေ လျော့လိုက်တယ်။ ကုန်သင်္ဘော တွေဘဲ ရှိတော့တယ် ထင်တယ်။

    Reply

  • naywoonni

    April 15, 2011 at 12:33 pm

    သီတာ ဘယ်မှာလဲ ?? ဆိုတော့ သီချင်းလားလို့ 😛

    Reply

  • eros

    April 15, 2011 at 1:11 pm

    သီတာ ဆိတ်ကြီးခနောင်တို ဘက်ကူးတို့ ဆွဲနေပါတယ် မဝေရေ။

    Reply

  • unclegyi1974

    April 15, 2011 at 4:21 pm

    မဝေ ရေ တိုင်းလုံးကျော်က ပင်လယ်ကူး
    သင်္ဘောနဲ့တိုက်တာမဟုတ်ဖူးလား
    ဆလင်အရက်မူးပြီးမောင်းတာလေ

    Reply

  • unclegyi1974

    April 15, 2011 at 4:27 pm

    မဝေ ရေ စောစော
    တိုးအေးနဲ့မှားသွားတယ်

    Reply

  • တညင်သား

    April 15, 2011 at 5:54 pm

    တိုင်းလုံးကျော်၊ တိုးအေး၊ တိမ်လွာ စသဖြင့် တ ဝန်းပူနဲ့ စတဲ့သင်္ဘော ရွေဝါထွန်း၊ရွေပြည်အေး ရွေနဲ့စတဲ့ သင်္ဘောတွေ က ဧရာဝတီတိုင်းမှာ ပြေးဆွဲပါတယ် သင်္ဘောလိုအပ်ချက်အရ တခါတရံ ဝင်ရောက်ပြေးဆွဲရင်း တိုင်လုံးကျော် မှောက်သွားတာပါ ၊ တွံတေးတူးမြောင်းထဲမှာလဲ တစင်းမှောက်ဖူးပါသေးတယ် ..ရန်ကုန်နဲ့ သန်လျင်ကို ၄၅ မိနစ်လောက်ကြာပါတယ် ကိုရဲ့အိမ်ကနေပြီး ရန်ကုန်မြို့ထဲကို ရောက်ဖို့ဆိုရင် ၁နာရီခွဲလောက်ကြာလိမ့်မယ် အခုတံတားဖွင့်ပြီးမှလဲ ကိုပိုင်ကားမရှိရင် လိုင်းကားစီးရတာ အဲဒီအချိန်လောက်ကြာမလားပဲ.. ကိုပေါက်ပြောသလို သင်္ဘော ကိုလဲအရင်လို ထားရင်ခရီးသွားကြာချိန် အတူတူလောက် ဖြစ်မယ်ထင်တယ်.. ဒါပေမဲ့ ကိုပေါက်ရေ မြစ်က နဲနဲ သောင်ထွန်းလို့နေပြီ.. ဦးခိုင်က ရေနံတင် သင်္ဘောနဲဆိုတော့ ရေနံချက် စက်ရုံ ဘေးမှာ ဆိပ်ကမ်းတခုရှိသေးတယ် အဲဒါများလား..သင်္ဘောတင် မဟုတ်ဘူး ရွားသားတို့ရေ ကုလားဘုရားပွဲရှိတဲ့အချိန် လူတွေတိုးဝှေ့တက်ကြလို့ ဆိပ်ခံဘောတံတား ကြိုးကျဘူးသေးတယ်..

    Reply

    • kai

      April 15, 2011 at 6:30 pm

      ရေနံသင်္ဘောတွေကို စက်လိုက်ပြင်တာလေ..။
      ပညာသင်ပေါ့..။ တရက် ၁၅ကျပ်ရတယ်..။
      ဒါပေမဲ့ စက်ပြင်လို့မောင်းလို့ရရင်.. ဒီဇယ်တပုံး၂ပုံး အသာလေးရတာပဲ..။
      အောက်ဆိုက်ကတော်တော်များမယ်..။ စက်ခေါင်းက အကုန်သိမ်းပဲ..။
      အဲဒီခေတ်က .. ဒီဇယ်ကို ဆီပုံးလေးတပုံးထဲထည့်ပေးပြီး မိန်းကလေးတယောက်ကိုတညလုံးခေါ်ထားတဲ့သင်္ဘောသားတွေ တွေ့ဖူးတယ်..။ 🙂

      စကားမစပ်.. ပင်လယ်ကူးသင်္ဘောတွေကပ်တဲ့နားက ..တချို ့ရွာတွေမှာ.. အသားရောင်စုံ ကလေးတွေမြင်ဖူးတယ်..။
      အာဖရိကန်နဲ့စပ်တဲ့.. အမဲကောက်ကွေးလေးတွေ.. အဖြူစပ်လေးတွေရောပဲ..။ အဲဒါ ..ဘယ်ရွာတွေလည်း သိလား..။ ?

      Reply

      • weiwei

        April 16, 2011 at 3:07 am

        အခုတော့ ခေတ်မှီနေပါပြီ .. MITT port terminal သီလဝါမှာ တိုးတက်နေပါပြီ …
        ကျွန်မတို့ခေတ် ဘွဲ့ရခါစက တစ်ရက်ကို ၂ဝ ကျပ်ရတယ် … အချင်းချင်းနောက်ပြောင်ပြီး ၂ဝ ဒေါ်လာလို့ ပြောကြတယ် … 😛
        အခုတော့ တစ်ရက်ဘယ်လောက်လဲ မသိဘူး … ၁၀၀ဝ ကျပ်လောက်တော့ ပေးမယ်ထင်တာပဲ …

        Reply

  • bigcat

    April 16, 2011 at 1:20 am

    ရေထဲမှာဗျို့..။ သချာင်္စာအုပ်ထဲမှာလည်းရှိတယ်။

    Reply

  • eros

    April 16, 2011 at 7:21 am

    မဝေရေ သီတာကို သံယောဇဉ် မပြတ်သေးလို့ ကြည့်ချင်ရင် ၁၄ လမ်းဘောတံတားဖက်မှာ ကပ်ပါတယ်။

    Reply

  • weiwei

    April 16, 2011 at 7:51 am

    သီတာလဲ တော်တော်အိုနေရောပေါ့ …

    Reply

  • eros

    April 16, 2011 at 1:08 pm

    သီတာလည်း တော်တော် အိုသွားပါပြီ။ ကြာကလဲ ကြာပြီကိုးဗျ။

    Reply

  • kopauk mandalay

    April 16, 2011 at 3:57 pm

    အိုတိုင်းလဲမပယ်နဲ့တဲ့ ရှေးစာဆိုရှိတယ်ဗျိုး

    Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.