ရန်ကုန်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် နှစ်ဆိုင် စတင်ဖွင့်ခဲ့

BayoteApril 28, 20101min01

နိုင်ငံပိုင်စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသောဆိုင်များထဲမှ ရန်ကုန်တိုင်း၌ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်ကို ပထမဆုံး အကြိမ် ဧပြီလ ၁ဝ ရက်မှ စတင်၍ နီလာရိုးမ အမည်ဖြင့် ထောက်ကြံ့မြို့နယ်၊ ရွှေညောင်ပင်နှင့် ပျဉ်းမပင်တို့၌ ဖွင့်လှစ် ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်များမှာ ကမော္ဘဇဘဏ် စီးပွားရေးအုပ်စုက ၂၀၁ဝ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး နိုင်ငံ တော်မှ လွှဲပြောင်း ရယူခဲ့သည့် ဆိုင်များဖြစ်ကြောင်း သိရှိရသည်။ “ဆိုင်ကဖွင့်ကာစဆိုတော့ လူသိတော့ နည်းနေသေးတယ်။ အခုချိန်ထိတော့ ကားအစီးရေ တစ်နေ့ကို ၁၀ဝ ကျော်လောက်ပဲ လာသေးတယ်။ ဒီဆိုင်းက ပိတ်ခဲ့ရတာ ၂ လကျော် ကြာသွားတဲ့အတွက် ကားသမားတွေနဲ့ အဆက်အသွယ် ပြတ်သွားတာလည်း ပါတယ်။ ဆိုင်ရှိတာကိုသိရင် နောက်ဆို ဒီထက်ပိုပြီး လာမှာပါ”ဟု အဆိုပါဆိုင်မှ တာဝန်ခံက ရှင်းပြသည်။ အဆိုပါ ဆိုင်များတွင် စက်သုံးဆီကို ရောင်းချရာ၌ ဒီဇယ်တစ်မျိုးတည်းကိုသာ ရောင်းချပြီးနောက်ပိုင်း၌ ဓာတ်ဆီကိုပါ ပူးတွဲ၍ ရောင်းချရန် စီစဉ်ထားသည်ကိုလည်း သိရသည်။ လက်ရှိ ဒီဇယ်ဈေးနှုန်းမှာ တစ်ဂါလန်လျှင် ယခုရက်ပိုင်း၌ ၃,၂၀ဝ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိသည်။ အစိုးရ စက်သုံးဆီဆိုင်မှ ထုတ်ဈေးမှာ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃,၀၀ဝ ဖြစ်သည်။ အဆိုပါ ဆိုင်နှစ်ဆိုင်တွင် ဒီဇယ်ကို အစိုးရ စက်သုံးဆီ ဆိုင်များကဲ့သို့ အက်ဖ်အီးစီဖြင့် ဝယ်ယူနိုင်ပြီး ဈေးနှုန်းမှာလည်း MPPE ဆိုင်များ၏ ပေါက်ဈေးဖြင့်သာ ရောင်းချပေးကြောင်း ယခုရက်ပိုင်းအတွင်း ဒီဇယ်သည် အက်ဖ်အီးစီဖြင့် ဝယ်ယူပါက MPPE ဆိုင်များတွင် ၃,၃ အက်ဖ်အီးစီ ဖြစ်ကြောင်း စုံစမ်း သိရသည်။ ထိုဆီဆိုင် ၂ ဆိုင်ကို စဖွင့်ချိန်က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ရောင်းချပေးခဲ့ သော်လည်း နောက်ပိုင်းတွင် ၂၄ နာရီ ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ရန်ကုန်မြို့တွင်း အပါ အဝင် တခြားမြို့နယ်များ၌လည်း ယင်းကဲ့သို့ ဆီဆိုင်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ အစိုးရ စက်သုံးဆီဆိုင် အားလုံးကို မတ်လ ကုန်ပိုင်းတွင် ပုဂ္ဂလိကကုမ္ပဏီ ၁၆ ခုသို့ လွှဲပြောင်း ရောင်းချပြီး ဖြစ်ရာ ကျန် ပုဂ္ဂလိက ဆီဆိုင်များမှာလည်း မကြာမီ ထပ်မံ ပေါ်ထွက် လာတော့မည် ဖြစ်ကြောင်း ကိုယ်တိုင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် စီစဉ်နေသော လုပ်ငန်းရှင်တချို့ ပြောကြားခဲ့ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    April 28, 2010 at 3:34 pm

    ကောင်းပါတယ်
    ြ့မို့ထဲအထိလာရောင်းရင်ပိုကောင်းမယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.