ထန်းလျက်မကျွေးနဲ့

ashinindakaApril 4, 20111min03

ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးတို့ကို
ဇာတိဒုက္ခ – ပဋိသန္ဓေတည်နေရခြင်းဆင်းရဲ
(Birth is suffering) ကို ပြောပြပြီး
ဇရာပိ ဒုက္ခာ – အိုခြင်းကလဲ ဆင်းရဲတယ်
(Decay is suffering) လို့ ဆက်ပြောပါတယ်။

ဒီအိုခြင်းဆင်းရဲကလဲ အတော်လေး ထင်သာမြင်သာရှိပါတယ်။
လူတိုင်းနီးပါး အိုတဲ့အကြောင်း၊ အသက်ကြီးတဲ့အကြောင်းကို မပြောလိုကြပါဘူး။
မေးခွန်းတွေထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ ဆိုတဲ့မေးခွန်းကို
မဖြေချင်ဆုံးပဲလို့ ဒကာမကြီးတစ်ယောက်ပြောဘူးတာ ကြားဘူးပါတယ်။

ဒီမေးခွန်းကို ဒကာကြီးတွေ ဒကာမကြီးတွေတင် မဖြေချင်တာ မဟုတ်ပါဘူး။
အချို့ဘုန်းကြီးများလဲ မဖြေချင်ကြပါဘူး။
ဒကာမကြီးတစ်ယောက်က ဘုန်းကြီးတစ်ပါးကို သက်တော်ဘယ်လောက်လဲလို့ မေးတော့
ဒကာမကြီး၊
ဘုန်းကြီးကို ထညက် (ထန်းလျက်) လဲ မကျွေးနဲ့၊
အသက်လေးမမေးနဲ့ လို့ ပြောတာကို နားနဲ့ဆတ်ဆတ်ကြားဘူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အသက်ကတော့ ကြီးလာတာအမှန်ပါ။
အိုလာတာကို လက်ခံရမှာပါ။

အချို့ ဒီလို အိုခြင်း ဇရာသဘောကို လက်မခံချင်လို့
ဇရာကို ကာကွယ်ဘို့ အမျိုးမျိုးကြိုးစားကြတယ်။
မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖုံးကွယ်ဘို့ မိတ်ကပ်တွေလိမ်းကြတယ်။
ဆံဖြူတာကို သူတပါးမသိအောင် အနက်ရောင်ဆိုးကြတယ်။
(ဘုန်းကြီးတွေကျတော့ သုံးရက်တစ်ခါ ခေါင်းရိပ်တယ်။ ဖြူတာသိမှာစိုးလို့)
ဇရာကို ခေတ်ပေါ်ပစ္စည်းတွေနဲ့ ငယ်ဟန်ပြုလိုကြတယ်။
ဒါပေမဲ့ နောက်ဆုံးတော့ ဇရာကပဲ အနိုင်ယူသွားတာပါ။

အသက်ကြီးလာသည်နှင့်အမျှ မျက်စိအမြင်တွေက နဂိုကလောက် မကြည်လင်တော့ဘူး။
နားအကြားတွေကလဲ နဂိုကလောက် အဆင်မပြေတော့ဘူး။
အနံ့တွေကိုလဲ နဂိုကလောက် မခံစားနိုင်တော့ဘူး။
အရင်တုန်းက ဘာနဲ့စားစား ကောင်းနေတဲ့ လျှာကလဲ အခုဆို စားပွဲအပြည့် ဟင်းမျိုးစုံနဲ့စားနေရပေမဲ့ အဆင်မပြေတော့ဘူး။
အရင်လောက်အရသာမရှိတော့ဘူး။
ကိုယ်ခန္ဓာကလဲ ညောင်းတတ်လာပြီ၊ ကိုက်တတ်လာပြီ၊
ဒါတွေက ဇရာရဲ့သဘောတွေပါ၊
ဒါ့ကြောင့် ဇရာ – အိုခြင်းကလဲ ဒုက္ခလို့ ဘုရားရှင်ဟောခဲ့တာပေါ့။

ဘုရားရှင်က
ဗျာဓိပိ ဒုက္ခော၊ နာခြင်းသဘောကလဲ ဒုက္ခ (ဆင်းရဲတယ်)
(Disease is suffering) လို့ ဆက်ဟောပါတယ်။
နာခြင်းက ဒုက္ခဆိုတာကတော့ အတော်ထင်ရှားပါတယ်။

အတွေ့အကြုံအရပြောရရင်
လူတစ်ဦးတစ်ယောက် နာမကျန်းဖြစ်ပြီဆိုရင်
ဘယ်လောက်ကောင်းကောင်း ဘာကိုမှ မစားချင်တော့ဘူး။
ဘယ်ကိုမှ မသွားချင်တော့ဘူး။
ရှိတဲ့အစားအစာတွေ၊ အသုံးအဆောင်တွေက ကိုယ့်နဲ့ မဆိုင်တော့သလို ခံစားရတယ်။
ဖြစ်နေတဲ့ရောဂါကို ရှိတဲ့စည်းစိမ်ချမ်းသာနဲ့ ဖြစ်နိုင်ရင် လဲပလိုက်ချင်တယ်။

နောက် ဘုရားရှင်က
မရဏမ္ပိ ဒုက္ခံ – သေခြင်းသဘောကလဲ ဆင်းရဲတယ်တဲ့၊
(Death is suffering)
အငယ်တုန်းက စာချဘုန်းကြီးတစ်ပါးက စာချရင်း
“ကိုယ့်လူတို့၊ သေခါနီး အသက်ထွက်ခါနီးရင် အတော်အခံရခက်တယ်ဗျ” လို့
ပြောဘူးတယ်။
စာချဘုန်းကြီးကို “ဘုန်းကြီးက ဘယ်လိုလုပ်သိတုန်း” လို့ မမေးရဲလို့ မမေးခဲ့ရပါဘူး။

ဘာပဲဖြစ်ဖြစ်၊ သေခါနီးကာလမှာ ပင်ပန်းဆင်းရဲမှာတော့ သေချာတယ်။
ကိုယ်တော့ တခါတလေ “မသေရင် ကောင်းမှာ” လို့တောင် စဉ်းစားမိပါတယ်။
လူတိုင်း တစ်နေ့ သေရမှာဆိုတာ သိပေမဲ့
ဘယ်သူမှ မသေချင်ကြပါဘူး။
သေခြင်းစကားနဲ့စပ်ပြီး လူတွေ ပြောလဲ မပြောချင်ကြဘူး။
ကြားလဲ မကြားချင်ကြပါဘူး။
သေရမှာ အတော်ကြောက်ကြပါတယ်။
သေရင် ကိုယ်ရှာထားခဲ့သမျှ ထားခဲ့ရမှာကိုး။
ကိုယ်ချစ်တဲ့သူနဲ့လဲ ခွဲခွါရမှာကိုး။

သေခြင်းဒုက္ခနဲ့စပ်လို့ ဟိုတလောက ဒကာလေးတစ်ယောက်ပြောသွားတဲ့စကားကို
သတိရမိတယ်။
ဒီနိုင်ငံမှာ အများစုရဲ့  မိဘနဲ့သားသမီးဆက်ဆံရေးက သိပ်မနွေးထွေးလှကြောင်း၊
သားသမီးက စက်ရုံပိုင်ရှင်ကြီးဖြစ်နေပြီး သူ့စက်ရုံမှာဘဲ
သူ့အဖေအရင်းခေါက်ခေါက်ကို မဖြစ်စလောက်လခပေးကာ
တံမြက်စည်းလှည်းခိုင်းတာတွေ တွေ့ရကြောင်း၊
အဲ့ဒီသားသမီးအရင်းတွေက ဖအေကွယ်လွန်ခါနီးငါးရက်လောက်အလို
ဆေးရုံက ပြန်ခေါ်လာပြီး ကူးတို့ခကို
အိပ်ကပ်ထဲကြိုထည့်ပေးထားကာ ကုတင်ပေါ်မှာ ပစ်ထားကြကြောင်း၊
ဖအေလုပ်သူက ကုတင်ပေါ်မှာ မျက်စိလေး ကလည်ကလည်နဲ့
သေမဲ့ရက်ကို စောင့်နေရကြောင်း၊ သားသမီးအရင်းခေါက်ခေါက်တွေက
အားပေးမှု နှစ်သိမ့်မှု ဘာမှ မလုပ်ကြောင်း
ဗမာဒကာလေးတစ်ယောက်က လာပြောပြဘူးပါတယ်။

သေခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အချိန်
မပြုစုမစောင့်ရှောက်တဲ့သားသမီးတွေနဲ့များဆို ပိုပြီး ဆင်းရဲမှာပါ။
သေခြင်းဆင်းရဲ အတော်ကြောက်စရာကောင်းပါတယ်။

အပ္ပယေဟိ သမ္ပယောဂေါ ဒုက္ခော –
ကိုယ်မချစ် မနှစ်သက်သူတို့နဲ့ အတုူနေရတာလဲ ဒုက္ခပါဘဲ တဲ့။
(To be united with the unpleasant is suffering)
ကိုယ်မချစ်တဲ့ ကိုယ်နဲ့သဘောထားမတိုက်ဆိုင်လို့
ကိုယ်သဘောမကျတဲ့ မနှစ်သက်တဲ့သူနဲ့အတူနေရတာလဲ
အတော်ဆင်းရဲပါတယ်။
အတော်မှန်တဲ့စကားပါ။ ဒီဒုက္ခ လူတိုင်းတွေ့ကြုံဘူးပါတယ်။

နိုင်ငံရပ်ခြားလာပြီး ကျောင်းတက်၊ စီးပွါးရှာနေသူတွေအဖို့
ကိုယ့်အခန်းဖော် (Roommate),
Flat တစ်ခုတည်းမှာ အတူနေဖော် (Flatmate) ဆိုတာတွေကို
ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ အဆင်ပြေသလို ကြည့်နေကြရတာပါ။
ဝါသနာမတူတဲ့စရိုက်မတူတဲ့သူ တစ်ခန်းထဲမှာ အတူနေရရင်
အတော်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရပါတယ်။

ဘုရားရှင်က ဆက်ပြီး
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော – ချစ်ရသူတို့နှင့် ကွေကွင်းနေရခြင်းကလဲ
ဆင်းရဲဒုက္ခတစ်မျိုးပဲလို့ ဟောပါတယ်။
(To be separated from the pleasant is suffering)
ကိုယ်ချစ်တဲ့ ကိုယ်သဘောကျတဲ့သူတွေနဲ့ အတူမနေရတာလဲ တကယ့်ဒုက္ခပါ။

ယမ္ပိစ္ဆံ နလဘတိ၊ တမ္ပိ ဒုက္ခံ – လိုချင်တာကို မရတာလဲ ဒုက္ခပါဘဲ တဲ့။
(Not to get what one desires is suffering)

တချို့စကားကပ်တဲ့သူတွေက
ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းကို ဆင်းရဲဒုက္ခလို့ ပြောရင်
ချစ်တဲ့သူနဲ့ အတူနေရတာ (သုခ) ချမ်းသာတယ်ပေါ့ဘုရား လို့ ပြောတတ်ကြတယ်။
ဆင်းရဲတာပါဘဲ။ ဒီခန္ဓာကို ရုပ်အတ္တဘောကြီးရှိနေတာကိုက
ဒုက္ခပါဘဲလို့ ဘုရားရှင်က ဆက်မိန့်ပါတယ်။
ပါဠိလိုတော့ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ တဲ့။
(In brief the five aggregates of attachment are suffering)
ဟုတ်ပါတယ်။ နေ့တဓူဝ ဒီခန္ဓာကိုကြီးကို ဖြည့်ဆည်းပေးနေရတဲ့

ဆင်းရဲဒုက္ခ က စဉ်းစားလေ ကြီးမှန်းသိလေပါဘဲ။

3 comments

  • bigcat

    April 5, 2011 at 1:14 am

    သဂျီးက အရှင်ဘုရား အခုလိုပြောတာမျိုးကို မကောင်းမြင်ဝါဒီလို့ ရွာထဲသွားပုပ်လေလွင့်ပြောလေ့ရှိသူ လူပေကြီးတဦးပါ။ ဆုံးမတော်မူပါ အရှင်ဘုရား….

    Reply

  • whowho

    April 5, 2011 at 2:00 pm

    တင်ပါ့ဘုရား။ အချိန်ပြည့်ကိုပဲ မရပ်တန်း တရစပ်နှိပ်စက်နေတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း ဒုက္ခကြီးကတော့ဖြင့်
    တုနှိုင်းမမှီသော ဒုက္ခပဲမို့ တပည့်တော်တော့ လက်လန်ထားရပါတယ် ဘုရား။ အချိန်ရမှ အရှင်ဘုရားနဲ့ ဆွေးနွေးပါဦးမယ်ဘုရား။

    Reply

Leave a Reply to ashinindaka Cancel Reply

Your email address will not be published.