အရက်သောက်တတ်သည့် အမျိုးသမီးများ ရင်သားဆိုင်ရာရောဂါ ဖြစ်နိုင်ခြေမြင့်…

lu ta loneApril 28, 20101min02

ဆယ်ကျော်သက် အရွယ်တွင် အရက်သောက်သည့် အလေ့အထ ရှိခဲ့သော အမျိုးသမီးများအနေနှင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် ရင်သား၌ ရောဂါများဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာလေ့ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အထူးသဖြင့် အသက်(၂၀)ဝန်းကျင်တွင် အရက်သေစာ သောက်စားမှုကို စွဲမြဲပြုလုပ်ခဲ့ပါက ရင်သားကင်ဆာ မဟုတ်သော အခြားရောဂါများ ဖြစ်နိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း Pediatrics ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ ကင်ဆာမဟုတ်သော ရင်သားရောဂါများ (BBD)တွင် ကင်ဆာကြိတ် မဟုတ်သော အကြိတ်အဖုများ ထွက်ပေါ်လာတတ်သည့် Fibroadenoma ကဲ့သို့ အခြေအနေမျိုးလည်း ပါဝင်ကြောင်း ဟားဗက်တက္ကသိုလ် ဆေးကျောင်းမှ ဒေါက်တာကက်သရင်း ဘာကီက ပြောကြားခဲ့သည်။ “ကျွန်မတို့ လေ့လာတွေ့ရှိမှုတွေအရ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တဲ့ မိန်းကလေးတွေ အသက်ကြီးလာတဲ့အခါ BBDရောဂါတွေ ဖြစ်နိုင်ခြေ တိုးလာတာ လက်တွေ့သိလာရပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာနဲ့ရော ဆက်စပ်မှု ရှိမလားဆိုတာတော့ အချိန်ယူ လေ့လာရဦးမှာပါ”ဟု ဒေါက်တာကက်သရင်းကဆိုသည်။ ယခုစစ်တမ်းအတွက် အမျိုးသမီး (၆၈၉၉)ဦး၏ ငယ်ဘဝ အလေ့အကျင့်များနှင့် ကျန်းမာရေး ဆက်စပ်မှုကို စနစ်တကျ သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်က အရက်အလွန်အကျွံ သောက်ခဲ့ကြောင်း ဝန်ခံခဲ့သော အမျိုးသမီး (၁၄၇)ဦးတို့တွင် ရင်သားဆိုင်ရာ ရောဂါများ ဖြစ်နေသည်ကို ဆရာဝန်များက တွေ့ရှိခဲ့ပြီး (၆၇)ဦးမှာ ကင်ဆာကြိတ် ဟုတ်မဟုတ် Biopsy စစ်ဆေးခဲ့ရသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာပက်ထရစ်ရှာဂျန့်ခ်ကလည်း အမျိုးသမီးများအနေနှင့် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးပါက ရင်သားရောဂါများ ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် တစ်ဆခွဲမျှ ပိုမိုမြင့်တက်လာတတ်ကြောင်း သတိပေး ပြောကြားထားသည်။

From: Planet

2 comments

  • susunosuki

    April 28, 2010 at 3:56 pm

    သုတေသန က တစ်ခါတွေ့တိုင်းတစ်မျိုးဖြစ်နေတော့
    ကိုယ်လုပ်ချင်တာလုပ်ပြီး ပညာရှင်တွေ ထောက်ခံမယ့်နေ့စောင့်ရမလိုပဲ
    ဟိုနေ့ကတင် ဆေးလိပ်၃ နှစ်လောက်သောက်တာဟာ လူကိုအကျိုးပြုတယ်လို့ သုတေသနကပဲ ပြောတယ်မို့လား

    Reply

  • cum min

    June 21, 2012 at 8:21 pm

    အော်..ရှာဖွေလေတွေ့ရှိလေပဲလေလဗျာ. susunosuki ရ.

    Reply

Leave a Reply

Your email address will not be published.