စိတ်တို ဒေါသထွက်ဖို့ မဟုတ်ဘူး

လင်းဝေMarch 31, 20111min022

ကျွန်တော်တို့ဟာ ဘာလေးဖြစ်ဖြစ် အဆင်မပြေလိုက်ရင် ဒေါသထွက်တော့တာပါပဲ။
အထူးသဖြင့် ကိုယ်ဒေါသထွက်စရာက ကိုယ်ဆိုးလို့ ကိုယ်အနိုင်ယူလို့ ရမယ့်သူများဆိုရင် ဒေါသကို အစွမ်းကုန်းထွက်ပြလိုက်တော့တာပဲ။
အရမ်းကို စိတ်ဆိုးတယ်။ အရမ်းကို ဒေါသထွက်တယ်။ ထွက်သင့်တာထက် ပိုထွက်တယ်။ စိတ်ဆိုးပြီး ဒေါသထွက်ရတာကိုပဲ ကျေနပ်သလိုလိုနဲ့။
တစ်ချို့ကျပြန်တော့ အလွန်ကို အနိုင်ယူလိုစိတ်များလွန်းတော့ ဘာပဲဖြစ်ဖြစ် ဒေါသထွက်ချင်တယ်။ စိတ်ဆိုးချင်တယ်။
ကြားဖူးတာလေးကိုပြောပြချင်ပါတယ်။ ဒေါသ ကို တတ်နိုင်သမျှထိမ်းလို့ စိတ်ငြိမ်းချမ်းအေးမြမှု ရနိုင်အောင် ကိုယ့်ကိုကိုယ် မြင်နိုင်ကြစေဖို့ပါ။

တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။
တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းတွေကို သေချာစောင့်ရှောက်ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းပင်ရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိလိုက်ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေကုန်တာပေါ့။ ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေဟာ အရမ်းထိတ်လန့်သွားကြတယ်။ ဘုန်းကြီးပြန်ရောက်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။

ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် “ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး” လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ဘူး။

နေ့စဉ်လူ့ဘဝမှာ လိုအင်တွေကများပါတယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို အရမ်း ဂရုစိုက်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ စိတ်မှာ ပျော်တစ်လှည့် ဒေါသဖြစ်တစ်လှည့် အလိုမကျဖြစ်လိုက်နဲ့မပျော်ရွှင်ကြရပါဘူး။

“စိတ်တို၊ ဒေါသဖြစ်ဖို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး””
“စိတ်တို၊ ဒေါသဖြစ်ဖို့ အလုပ်လုပ်နေတာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ စာသင်နေတာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ပေါင်းသင်းခဲ့တာမဟုတ်ဘူး”
“စိတ်တို၊ ဒေါသဖြစ်ဖို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး”

စသည်ဖြင့် စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်တော်တို့ဒီလို ခံယူပြီး တွေးတောနိုင်ခဲ့ကြရင် အဲဒီ အကြောင်းကြောင်းသော ဒေါသထွက်စရာ စိတ်ဆိုးစရာ စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်တော်တို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ပြောရတာက လွယ်ပါတယ်။ ဒေါသထွက်လာချိန်မှာ ထိမ်းချုပ်ရတာက ခက်ပါတယ်။ ထိမ်းချုပ်ရလွယ်အောင် ဒီသဘောကို စိတ်ထဲမှာ အရင်နက်နက်ရှိုင်းရှိုင်းဝင်နေအောင် အဖန်ဖန် ပြန်လှန် စဉ်းစားပြီး လက်ခံနိုင်ရင်တော့ ဒေါသဖြစ်စရာ အကြောင်းကြုံလာတဲ့အခါမှာ ထိမ်းချုပ်ရလွယ်ကူပါလိမ့်မယ်။

22 comments

  • search123

    March 31, 2011 at 10:15 am

    ဒီလိုအတွေးလေးနဲ့သာ နေမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် အဆင်ပြေမှာ အမှန်ပါ။

    Reply

  • gyinkalay

    March 31, 2011 at 1:38 pm

    ကောင်းလိုက်တဲ့….Post

    Reply

  • ဆူး

    March 31, 2011 at 2:01 pm

    ဒေါသ ဆိုတဲ့ အရာ မဖြစ်အောင် နေတာ အကောင်းဆုံးဘဲ ဖြစ်မိရင် ထိန်းမရဘူး။ ဒေါသကြီးတော့ မကောင်းဘူး။ စိတ်မတိုမိအောင်တော့ လေ့ကျင့်ယူနေပါတယ်။

    Reply

  • shwepyithu

    March 31, 2011 at 2:36 pm

    အဲဒီပုံလေးကြားဖူးတယ် ခုပြန်ဖတ်ရတော့ ကိုယ့်ကိုယ်ကို သတိထားဖို့ ပြန်သတိပေးလိုက်သလိုပါပဲ။ ကျေးဇူးတင်ပါတယ်။

    Reply

  • shweminthar

    March 31, 2011 at 2:57 pm

    ဒေါသ မထွတ်တတ်ဘူးလို့ ထင်ရလောက်တဲ့သူမျိုးတွေ အများကြီးရှိပါတယ်။
    တကယ် ဒေါသမထွတ်၊ စိတ်မတိုတာ လား ဆိုတာ ကိုယ်ကိုတိုင်ဘဲသိနိုင်ပါတယ်။
    ဒေါသ၊ စိတ်တို တာကို ဟန်ဆောင်ထိန်းထားနိုင်သူတွေလဲ ရှိပါတယ်။

    Reply

  • nature

    March 31, 2011 at 3:41 pm

    ဆရာတော်ကိုချီးကျုးပါတယ်၊တခြားလူတွေဆိုရင် ကိုယ်နှစ်သက်တဲ့ပစ္စည်းလေး ပျက်စီးသွားလို့ကတော့ပွဲကြီးပွဲကောင်းဘဲ။

    Reply

  • kopauk mandalay

    March 31, 2011 at 4:53 pm

    အမှန်တိုင်းပြောရရင် ကျနော်က စိတ်တိုတတ်တဲ့သူထဲမှာပါ ပါတယ်။
    ဒါပေမယ့် အင်တာနက်မှာစာရေးပြီး ဆိုက်ပေါင်းစုံကို တပြိုင်နက်တည်းတင်တော့

    စာဖတ်သူ ပေါင်းစုံနဲ့တွေရတော့ တစ်ခါတစ်လေလဲ ကလော်တုတ်ခံရတယ်။
    တစ်ခါတစ်လေ တော့ လဲ အကြောကြီးနဲ့အထက်စီးက မန်းသွားတာခံရတယ်။
    ဒါပေမယ့် စိတ်မတိုသလိုဘဲလို့ သူငယ်ချင်းတစ်ယောက်ကိုပြောတော့ သူတို့လုပ်တာ မင်းစိတ်တိုတဲ့ရေချိန်မှတ်ကိုမရောက်သေးလို့ပါကွာလို့ပြောပါတယ်။
    စိတ်ကတော့ တိုမှာဘဲ။
    ဒါပေမယ့် စိတ်တိုတဲ့ရေချိန်မှတ်ကို ရှည်သထက်ရှည်အောင် ကြိုးစားကြည့်တာကောင်းမယ်ထင်ပါရဲ့နော်။

    Reply

    • kai

      March 31, 2011 at 10:30 pm

      အင်တာနက်မှာ.. အခုဒီနေရာမှာ.. စာရေးတယ်ဆိုတာက .. ကွန်ပျူတာမှာ ကီးဘုတ်ကိုရိုက်.. စာတွေစီပြီးရေးတာပေါ့..။
      ဆိုတော့..
      a ဆိုရင်.. Binary code နဲ ့.. 01100001 ပါပဲ..။
      မြန်မာဖွန့် ..ဇော်ဂျီနဲ ့ဆိုရင်..” ေ” ပေါ့..။
      အဲဒီမှာ ..တယောက်ယောက်က ..ကိုယ့်စာအောက် Fuck ဆိုပြီး ဆဲစကားလေး မန်းပြီးတင်တယ်ဆိုပါစို့..။
      Binary Code ဒစ်ဂျစ်အားဖြင့်.. 01000110 01110101 01100011 01101011 အတွဲလေးပါပဲ..။

      အဲဒါလေးကြည့်ပြီး.. ဖတ်တဲ့သူ သောင်းချီဒေါသထွက်ကြတယ်ပေါ့..။
      တကယ်က.. သုံညနဲ့ တစ် ပေါင်းထားတဲ့ အတွဲကလေး တတွဲပါပဲ..။ ကွန်ပြူတာလောကမှာ သုံညက ထရန်စစ်စတာမှာ အပိတ်ဖြစ်ပြီး.. ၁ က အဖွင့်ဖြစ်ပါတယ်..။ ဝိုင်ယာလက်စ်နဲ့ အင်တာနက်တက်သူအတွက်တော့ (လွယ်လွယ်ပြောရရင်).. လေထုထဲ.. ရေဒီယိုလှိုင်း အနိမ့်.(၀)..အမြင့် (၁) ယူပြီး အဲဒီအတွဲကို ပို ့လိုက်တာပါပဲ..။
      ဟိုဖက်က..လက်ခံသူကွန်ပျူတာ မော်နီတာမှာ.. Fuck ဆိုပြီး သွားပေါ်ပါတယ်..။ အဲဒါကို ..လူရဲ့အမြင်ဒွာရကနေ.. ဦးနှောက်ဆီကို လျှပ်စီးကြောင်းလေးအနေနဲ့ ပို့ပါတယ်..။
      ဦးနှောက်ရဲ့ ဆဲလ်တွေက.. မီမိုရီတွေ.. ဘာသာစကားတွေ..ပြန်လှန်ပြီး..” ဟာ..ဒါဆဲတာပဲ”လို့ အသိ..သညာပေးပါတယ်..။ ဒွာရနဲ့ အာရုံထိမိလို့ မနောဝိညာဉ် ဖြစ်ပါတယ်။
      ။..
      ..

      ကိုပေါက်က ..ဒါကို နားလည်နေလို့သော်လည်းကောင်း..။ မသိစိတ်ကသိနေတာကြောင့်သော်လည်းကောင်း.. စိတ်တိုတာတွေ မရှိတော့တာဖြစ်ရမယ်..။

      ဤသူ(ကျုပ်)ဆိုရင်တော့ အဲဒီလိုတွေးပါတယ်..။

      အဲဒါကို အဘိဓမ္မာထဲက.. (ဥပါဒ် ဌီ ဘင်) နဲ့ဆက်စပ် လိုက်ပြီး… ပဋိစ္စသမုဒ်ပါဒ်စက်ဝိုင်းကို သေသေချာချာပြန်လေ့လာကြည့်သင့်တယ်..။ 🙂

      Reply

  • padonmar

    March 31, 2011 at 7:29 pm

    ကြိုးစားကြည့်ပါမယ်၊
    ပစ္စည်းတစ်ခုနဲ့တစ်ခု boiling point ရေဆူမှတ် မတူသလိုပေါ့နော်၊ကိုယ့်ရဲ့ ရေဆူမှတ်မြင့်အောင် လေ့ကျင့်ရမှာပေါ့၊

    Reply

  • nigimi77

    March 31, 2011 at 7:45 pm

    တခါကဆိုတာ …..။ တခါက ….ဟိုးရှေးရှေးတုန်းက…ဆိုတာတွေဟာ ကျုပ်တို ့အတွက် ညအိပ်ယာဝင် ပုံပြင်တွေလိုပါပဲ။ ဟိုးးးးးးးးးတခါက ဟိုးးးးးးးးးးးးးဘုန်းကြီးဟာ ဟိုးးးးးးးးးးးးးးးးးးးးကိုရင်တွေကို …….။
    ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တော့ Mega Mind ကာတွန်းကားကိုကြိုက်တယ်။

    Reply

  • natthamee

    April 1, 2011 at 1:34 am

    ကျေးဇူးအရမ်းတင်ပါတယ်၊ ညကတည်းက အခုချိန်အထိ လူတစ်ယောက်ကို တော်တော်ဒေါသထွက်နေတာ အခုဒီစာလေး ဖတ်လိုက်ရလို့ ဒေါသပြေသွားပါပြီ။ စာထဲမှာ ပါသလိုပဲနော် ကိုယ်ဆိုးလို့ အနိုင်ယူလို့ရမယ့်သူဆို ပိုဆိုးတတ်တာကို။

    Reply

  • လင်းဝေကျော်

    April 1, 2011 at 2:37 am

    ဒီစာဖတ်ပြီး နတ်သမီးဒေါသပြေသွားတယ်ကြားလို့ စိတ်ချမ်းသာမိပါတယ်။
    အခြားလူတွေလည်း ကိုယ့်ဒေါသနဲ့ စိတ်အညစ်အကြေးတွေ လျော့သွားမယ်လို့ ယုံကြည်ရင်း
    ကိုယ့်စာလေးကို ပြန်ပြီး သာဓု ခေါ်လိုက်ပါရစေ။

    Reply

  • zawinaing

    April 1, 2011 at 3:22 am

    ဟုတ်ပါတယ်……..စိတ်တိုဒေါသထွက်ဖို့ လူလုပ်နေတာမှမဟုတ်တာ…….
    ဆရာတော်တိုင်း ဒီပုံပြင်ထဲကအတိုင်းဆို………..ပိုကောင်းတာပေါ့…………..

    Reply

  • winkyawaung

    April 1, 2011 at 3:28 am

    ပုထုဇဉ်လူသားတွေကတော့ စိတ်တိုနေကြရမှာပါ။ စိတ်တိုနေရင် ငါးမိနစ်လောက် သတိလေးထားလို့ပြောကြပါတယ်။ ငါးမိနစ် မဟုတ်ဘူး ငါးစက္ကန့်တောင် ထိမ်းလို့ ခက်ပါတယ်နော်..။

    Reply

  • babymay

    April 1, 2011 at 4:24 am

    ဒေါသကြီးတာတော့အမှန်ပဲ။ တခါတခါဒေါသထွက်မိရင် ဘယ်လိုမှဖြေလို့မရဘူး။။ ငယ်ငယ်ကဒီလောက်ဒေါသမကြီးတတ်ဘူး။။ အခုအသက်ကြီးလာမှ ကိုယ့်ကိုယ် မယုံနိုင်လောက်အောင် ဒေါသကြီးတတ်မှန်း သိရတယ်။ စိတ်တို ဒေါသထွက် တာ လျော့နည်းအောင်လုပ်လို့ရတဲ့နည်းရှိရင် ပို့စ်တင်ပေးကြစေလိုပါတယ်။။။

    Reply

    • antimoe

      April 1, 2011 at 11:32 am

      ပထမ..သွေးတိုးရှိသလားစစ်ကြည့်ပါလား။
      ဒေါသထွက်ရင်..သွေးတိုးလေ့ရှိတာ..သိကြပေမယ့်..
      သွေးတိုးနေရင်လည်း….ဒေါသထွက်တတ်တယ်။။

      Reply

  • char too lan

    April 1, 2011 at 7:48 am

    ပြောတော့သာလွယ်တာ တော်တော်နဲ့ ကျင့်ယူလို့မရဘူး လူမှန်တစ်ယောက်ရဲ ့ ထိန်းထားခြင်းခံရတဲ့ ဒေါသကပိုဆိုးတယ် ပြေပျောက်မသွားဘူး ငါမှန်နေရဲ ့သားနဲ့ ငါ့ကိုဒီလိုပြောရသလား.. ဒီလိုလုပ်ရသလား..(အနေအထားကလဲ ပြန်ပြောလို့မရတဲ့သဘောမှာပေါ့) ဆိုပီး တဆစ်ဆစ်နဲ့ကို စိတ်တိုဒေါသကနေ နာကျည်းမှုပြောင်းသွားတာ…
    ကျနော် အရင်က စိတ်တိုဒေါသထွက်မြန်တယ် ခုတော့ စိတ်တိုတတ်ပေမယ့်လဲ ဒေါသကိုတော့ထိန်ထားတဲ့အဆင့်ကနေ တဖြည်းဖြည်းဖြေနိုင်လာပါပီ ……..

    Reply

  • meelay

    April 1, 2011 at 10:00 am

    ဒေါသထွက်နေတဲ့အချိန်မှာ ရေကို ဖြည်းဖြည်းချင်းသောက်ရင် ဒေါသတွေ ပြေတယ်တဲ့ ….

    Reply

  • ဆူး

    April 1, 2011 at 1:57 pm

    ဒေါသထွက်ရင် သိပ်သိသာတ် နှလုံးတွေ အရမ်းခုန်တယ်။ ဖြစ်မှန်း သိပေမဲ့.. ဒေါသဖြစ်နေပြီဆို နောက်မဆုတ် ချင်ဘူး။ အဲဒါ မကောင်းဘူး။

    Reply

  • မမလေး

    April 7, 2011 at 6:42 pm

    ဒေါသထွက်တယ်ဆိုတာ မသိစိတ်က ဝမ်းနည်းတာတဲ့ …

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2011 at 6:47 pm

    ပို ့စ်တင်တဲ့လူရော
    မန်းတဲ့လူတွေရော
    သေဂျင်းဇိုးဒေ

    Reply

  • kai

    April 7, 2011 at 6:49 pm

    “ချစ်ရွှင်သနား၊ တည်ကြား ကြမ်းကြုတ်၊ စက်ဆုပ်ကြောက်ရွံ့၊ ရဲဝံ့ အံ့ဩ၊ နော၊ အရသာ” တဲ့..
    အရသာတွေပါပဲ…

    Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.