သင့် ကွန်ပျူတာကို ခပ်မြန်မြန် ပိတ်ရန် နည်းလမ်း။

ကျွန်တော်တို့ တော်တော်များများ ကြုံတွေ့ဖူးကြပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်ပျူတာကို ပိတ်တဲ့ အခါ ဝင်းဒိုးစ်က တော်တော်နဲ့ ပိတ်မသွားတဲ့ အခါ။ ပြီးတော့ ကိုယ်ကလည်း လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် သူငယ်ချင်းများနဲ့ အပြင်ထွက်မယ်လို့ ပြင်ဆင်နေတဲ့ အခါမှာ အဲဒီလို ကွန်ပျူတာက အချိန်အတော်ကြီး ကြာတဲ့ အထိ ပိတ်အောင် စောင့်နေရတဲ့ အချိန်တွေက အတော်လေး ကသိကအောင့် နိုင်လွန်းပါတယ်။ ဒါကြောင့် အဲဒီလို ခံစားချက်တွေကို ပြေပျောက်အောင်ဆိုပြီး ဒီနည်းလမ်းလေးကို ပြောပြလိုက်တာပါ။

အဲဒီလို ဖြစ်နေပေမယ့်လည်း ကွန်ပျူတာကို အပြစ်တင်လို့တော့ မရပါဘူး။ ဒီနေရာမှာ ကွန်ပျူတာလို့ ပြောနေတာက အဓိက ပြောရရင် ကိုယ်သုံးနေတဲ့ OS ဖြစ်တဲ့ ဝင်းဒိုးစ် လို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာဆိုတာ ဟာ့ဒ်ဝဲ တစ်ခုသာ ဖြစ်ပါတယ်။ ကိုယ့် ကွန်ပျူတာကို သုံးဖို့အတွက်က အနည်းဆုံးတော့ OS ( Operating System ) ဖြစ်တဲ့ ဝင်းဒိုးစ် တို့လို ဆော့ဖ်ဝဲ ရှိမှ ဖြစ်တာလေ။ ဒါကြောင့် ကိုယ် သုံးနေတဲ့ ဝင်းဒိုးစ်နဲ့ ကျွမ်းကျင်အောင် ဒီနည်းလမ်းလေးကို ပြောဖြစ်တာပါ။

ဒီနေရာမှာ ဝင်းဒိုးစ်ရဲ့ Shutdown လုပ်ဆောင်တဲ့ သဘောတရားလေးကို ဗဟုသုတအနေနဲ့ ပြောလိုက်ပါတယ်။ တကယ်လို့ မဖတ်ချင်ဘူးဆိုရင်တော့ အောက်က အဆင့်များမှာ ကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ဝင်းဒိုးစ်မှာ Shutdown command ပေးလိုက်တဲ့ အခါဆိုရင် ဝင်းဒိုးစ်က Service များ ပိတ်သွားဖို့အတွက် ပထမဆုံး စောင့်ဆိုင်းပါတယ်။ ဒီလိုနဲ့ အချိန်အနည်းငယ် ကြာသွားပါတယ်။ တစ်ချို့ Service များက သူအလိုလို ပိတ်သွားပါတယ်။ Service များရဲ့ Loading ပေါ်မူတည်ပြီး ပိတ်သွားတဲ့ အချိန်က ကြာပါတယ်။ တကယ်လို့ တစ်ချို့ Service များက သူ့အလိုအလျောက် ပိတ်မသွားဘူးဆိုရင် ဝင်းဒိုးစ်အနေနဲ့ အဲဒီ Service ကို ပိတ်ဖို့အတွက် သတ်ပစ်ပါတယ်။ ဒါကြောင့် ဝင်းဒိုးစ်ရဲ့ Shutdown လုပ်တဲ့ အချိန်က ကြန့်ကြာသွားတာပါ။

ကဲ…ပထမဆုံး အဆင့်အနေနဲ့ Registry Editor ကို ဖွင့်လိုက်ကြရအောင်။ ဒါကို မသိသေးဘူး ဆိုရင်တော့ Run box ထဲမှာ regedit လို့သာ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။ ဒါဆိုရင် Registry Editor ပွင့်လာပါလိမ့်မယ်။ Registry Editor ပွင့်လာပြီး ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အညွှန်းအတိုင်း သွားလိုက်ပါ။

HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control

အထက်ပါ အညွှန်းအတိုင်း သွားလိုက်ပြီဆိုရင် Registry Editor ရဲ့ ညာဖက် Panel မှာ WaitToKillServiceTimeout ဆိုတဲ့ String ကို လိုက်ရှာလိုက်ပါ။ တွေ့ပြီးဆိုတာနဲ့ အဲဒီ String ပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်ပါ။ ဒါဆိုရင် WaitToKillServiceTimeout box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီ box ထဲမှာ Value name က WaitToKillServiceTimeout လို့ပါဝင်ပြီး Value data က 20000 ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဲဒီ 20000 ကို ဖျက်ပစ်ပြီး 1000 လို့ ရိုက်ပေးလိုက်ပါ။ အထက်ပါ အဆင့်များအတိုင်းမှန်မှန်ကန်ကန် လုပ်ဆောင် ပြီးပြီဆိုရင်တော့ OK သာ ပေးလိုက်ပါတော့…ခင်ဗျာ။

7 comments

  • MTY

    March 31, 2011 at 2:22 am

    Thanks ..သိထားတာက…12000ပါ…

    Reply

  • manawphyulay

    March 31, 2011 at 4:03 am

    ဟုတ်ကဲ့ပါ မြန်မြန်ပိတ်ချင်နေတာ ဘယ်ထဲမှ မဝင်တော့ပဲ စက်ကိုပဲ လက်နဲ့ပိတ်ချလိုက်တာ များပါတယ်။ ဒီထက် မြန်တာ မရှိတော့ဘူးလို့တော့ ထင်မိသွားတယ်….

    Reply

    • rabbit

      April 1, 2011 at 3:13 am

      me too 😀 စိတ်ရှည်ကြပုံများနော်.. တစ်ဖွဲ့တည်းသားတွေလို့မပြောရဘူး

      Reply

  • etone

    March 31, 2011 at 8:33 am

    ဟုတ်တယ် မနောပြောသလိုပဲ အီးတုံးလည်း တခါတလေ အလျှင် စလိုပိတ်ရမယ်ဆို စောင့်မနေတော့ဘူး တန်းပြီး ပလပ်ပေါက်ကို ဆွဲဖြုတ်ပစ်လိုက်တယ်… ။ နောက်နေ့ပြန်ဖွင့်တော့ disk checking တွေ ဘာတွေ ပေါ်နေတတ်တယ် … တစ်ခါတစ်လေ ဝင်းဒိုးက ပြန်မတတ်ချင်ဘူး … နောက်တော့ စိတ်ရှည်ရပါတယ်.. ။

    Reply

  • juttue.gyi

    March 31, 2011 at 10:36 am

    ကျေးဇူးဘဲဗျာ……..

    Reply

  • nature

    March 31, 2011 at 4:33 pm

    ကျေဇူးပဲ၊လုပ်ပြီးသွားပြီ၊ပြောပြတော့လဲလွယ်သားပဲ။

    Reply

  • MaMa

    April 1, 2011 at 9:59 am

    ခပ်မြန်မြန်ဖွင့်နည်းလေးပါ ရှိရင် ပေးပါလား။

    Reply

Leave a Reply to MTY Cancel Reply

Your email address will not be published.