ရန်ကုန်မြို့တွင်း ညအချိန် ပြိုင်ကားအမျိုးအစားများ အပါအဝင် ကားပြိုင်မောင်းနေခြင်းများအား စစ်ဆေးအရေးယူမည်

ဦးကောက်March 30, 20111min07

ရန်ကုန်မြို့တွင်း ညအချိန်များ၌ ကားပြိုင်မောင်းနှင်နေခြင်း၊ အရှိန်ပြင်း မောင်းနှင်နေခြင်းတို့ကိုစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်မြို့တွင်း အထူးသဖြင့် ညအချိန် ယာဉ်အသွားအလာရှင်းသော လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်များ တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်နေခြင်း၊ အရှိန်ပြင်းမောင်း နှင်နေခြင်းများရှိနေသည့်အတွက် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားရန် နယ်မြေများအား ညွှန်ကြားထားသည်ဟု သိရှိရသည်။

“ကားပြိုင်မောင်းတာ၊ အရှိန်ပြင်းမောင်းတာတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ယာဉ်ထိန်း နယ်မြေတွေအားလုံးကို ထပ်မံညွှန်ကြားထားပါတယ်။ လိုင်းကားတွေ ပြိုင်မောင်းနေတာ၊ အရှိန်ပြင်းမောင်း နေတာကော၊  ကိုယ်ပိုင်ယာဉ်ငယ် လေးတွေ အပြိုင်မောင်းနေတာကိုပါ အရေးယူသွားမှာပါ”ဟု ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်တော်ယာဉ် တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်နေကြရာတွင် ပြိုင်ကားကဲ့သို့ကားများလည်း ပါဝင်နေပြီး အခြားသော အိမ်စီးကား အမျိုးအစားများလည်း ပြိုင်မောင်းမှုများရှိနေကြောင်း သိရသည်။ တစ်စီး နှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်နေကြရာမှ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နိုင်သောကြောင့် စစ်ဆေး အရေးယူသွားရန်  နယ်မြေများသို့ ညွှန်ကြားထားသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်များ အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း၊ ကျော်တက်ခြင်းများကို  အရေးယူလျက်ရှိပြီး ကျန်ယာဉ်များကိုလည်း အရှိန်နှုန်းတိုင်း ကိရိယာများ အသုံးပြု၍ စစ်ဆေးအရေးယူ လျက်ရှိသည် ဟုသိရသည်။ သို့ရာတွင် အရှိန်နှုန်းတိုင်း ကိရိယာများဖြင့် အရေးယူမှုမှာလည်း နည်းပါးနေသေးသည်ဟု သိရသည်။ နောက်ပိုင်းတွင် တပ်ဆင် အသုံးပြုလာမည့် ကင်မရာများနှင့် ဗဟိုထိန်းချုပ်စနစ်တွင်မူ သတ်မှတ် ဧရိယာအတွင်း ယာဉ်စည်းကမ်းချိုး ဖောက်သည့်ယာဉ်များကို မှတ်တမ်းတင် အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

7 comments

  • လင်းဝေကျော်

    March 30, 2011 at 2:15 am

    ဒီလို စစ်ဆေးအရေးယူတာကနေ ကင်းလွတ်ခွင့်ရသူတွေကော ရှိသလား

    Reply

  • ogre

    March 30, 2011 at 2:27 am

    ယာဉ်အမှတ်နံပါတ်အားလုံးပေါင်း(၉)ဂဏန်းရကားများနဲ့
    မှန်စတေကာအမဲကပ်..ထားသောတန်ဖိုးကြီးကားများကင်းလွတ်ခွင့်ရှိပါတယ်

    Reply

  • pasi

    March 30, 2011 at 8:15 am

    တော်ပြီ ညဖက်ကြီး ပေစိတို့လဲရွာလမ်းမှာ ဂွေမလှိမ့်တော့ဘူး

    Reply

  • etone

    March 30, 2011 at 9:28 am

    တကယ်မှန်မှန်ကန်ကန် အရေးယူသင့်နေပါပြီ ။
    လှိုင်သာယာဘက်ကနေ သီရိမင်္ဂလာဈေးဟောင်းထိ ဆွဲနေတဲ့ အောက်ဆိုက် ကားလေးတွေလည်း တစီးနဲ့ တစီး အပြိုင်မောင်းတာ ညဘက် 7နာရီလောက်ဆို ပလူကို ပျံနေတာပဲ… ။ စီးတဲ့လူမပြောနဲ့ မြင်ရတဲ့လူတောင် ရင်တမမနဲ့ … ။ လိုင်းကားမဟုတ်ပဲ အောက်ဆိုက်ရှာတဲ့ကားတွေ ပလိပ်နဲ့ တိုးတောင် အေးဆေးပဲ .. 200တန်လေးပစ်ပေးပြီး အရှိန်မလျှော့ဘူး …. ။

    Reply

  • ဆူး

    March 30, 2011 at 2:51 pm

    တနေ့က နေပြည်တော်က ပြန်လာတာ အောင်မင်္ဂလာ ကားဂိတ်ကနေ အငှားကား ငှားစီးမိတယ်။ ည ၁ဝနာရီ ခွဲ လောက် ဖြစ်နေတော့ ကား လည်း ရှင်းတာနဲ့ ကားဆရာ အတင်းကာရော မောင်းတာ ဖြေးဖြေး မောင်းဖို့ ဝိုင်းအော်လည်း မရဘူး။ အချိန်က လိုသေးတယ်တဲ့ ၁၂နာရီ အောင်မင်္ဂလာ ဂိတ်ပိတ်မှာ မပိတ်ခင် နောက်တခေါက် ရအောင် ဆိုပြီး အရမ်းမောင်းတာဘဲ။ အရမ်းမောင်းတယ် ပြောတော့ အောင်မင်္ဂလာမှာ လိုင်းဝင်ပြီး ဆွဲနေတဲ့ အငှားကား ၃စီးလောက်က အဲလို မောင်းတာ နာမည်ကြီးပါတဲ့။ စိတ်တိုတိုနဲ့ ယဉ်ယဉ်ကျေးကျေး ဆဲ ခဲ့တယ်။ ရှင် လူဖြစ်တာ နေရာမှားနေတယ်။ နိင်ငံခြားမှာ လူဖြစ်ရင် ပြိုင်ကားမောင်းပြီး ဒေါ်လာတွေ အထပ်လိုက်ရမှာအခုတော့ အငှားကား အစုပ် မောင်းနေရတယ်လို့ ပြောခဲ့တယ်။ ကျနော်ကို ဖဲ့တယ်လားတဲ့.. ပြောသွားတယ်။

    Reply

  • Yangon

    March 31, 2011 at 2:44 am

    ဟုတ်တာလည်းမဟုတ်ဘူး

    Reply

  • Maung Dae`

    March 31, 2011 at 4:07 am

    ဟိုလေ.. အင်းလျားလမ်းထဲက အိမ်ကြီးတစ်အိမ်မှာတွေ့နေရတဲ့ ကား အနီရယ် အဝါရယ် ငွေမင် ရောင်လေးတွေရယ်.. အဲ့ဒါတွေက ကင်းလွတ်ခွင့်ရှိပါတယ် ဟု.. လျှိူ့ဝှက် သတင်းဌာနမှ သတင်းထုတ်ပြန်ထားပါတယ်.. 🙂

    Reply

Leave a Reply

Your email address will not be published.