တန်ဖိုးမဖြတ်နိုင်တဲ့ ရေချမ်းစင်

manawphyulayMarch 24, 20111min01

ကျွန်မနေတဲ့ လမ်းထဲတွင် မနက် – ည လူသူရှင်းလင်းလျက် အစဉ်အမြဲရှိနေတတ်ပါတယ်။ နေ့ခင်း နေ့လည် လူရှိ မရှိတော့ ကျွန်မလည်း သေချာမသိပါ။ မိုးလင်းမိုးချုပ်သွားနေသဖြင့် လမ်းထဲဘယ်နေရာတွင် ဘာရှိသည်ဆိုတာကိုလည်း ကောင်းကောင်း သတိမထားမိတတ်ပါဘူး။ တစ်နေ့ မနက်စောစောတွင် ကျွန်မ သင်တန်းရှိသဖြင့် စောစော တစ်ယောက်ထဲ လျှောက်လာရင်း တစ်ယောက်ထဲ လျှောက်ရတဲ့ အရသာဟာ အလွန်အေးချမ်းတယ်လို့ စဉ်းစားမိတော့ လမ်းအလယ်ရောက်တော့ ရေချမ်းစင်လေးတစ်လုံးကို ကျွန်မ သတိပြုမိပါတော့တယ်။ ရေချမ်းစင်ဆောက်လုပ်ထားပုံလေးကလည်း သပ်ရပ်ပြီး အချိုးကျလှတာကို တွေ့ရှိရပါတယ်။ ရေချမ်းစင်လေးရဲ့ ကိုယ်ထည်ကို အညိုရောင်ဆေးသုတ်ထားပြီး ရေချမ်းစင်ဘေးပေါင်တွေကို အစိမ်းရောင် သုတ်ထားပါတယ်။ ရေအိုးလေးရဲ့ ဘေးပတ်လည်ကို ကြည့်မိတော့ စပါးပင်လို မြက်ရိုင်းရှည်လေးတွေ စိုက်ထားတာကို တွေ့ရခြင်းအားဖြင့် နေပူကျဲကျဲတွင် ရေငတ်လာသူများကို အလွန်တရာအေးချမ်းမှုပေးပြီး စိတ်ကို အေးမြစေမယ့် အရိပ်အရောင်လေးပဲလို့ ကျွန်မ တွေးမိရင်း လှူဒါန်းထားတဲ့ ကုသိုလ်ရှင်ကိုလည်း သာဓုခေါ်မိပါတယ်။ ဒါနဲ့ နေ့လည်ပြန်လာတော့ အလွန်ပူလောင်အိုက်စပ်တဲ့ ရာသီဥတုဖြစ်သည့်အလျောက် နေမင်းကြီးကလည်း ခေါင်းပေါ်နေရာယူလျက်ပေါ့။ ရေချမ်းစင်နားရောက်တော့ အံ့ဩဖွယ်ရာ တွေ့ရပါတယ်။ ဆွမ်းဆန်စိမ်းအလှူခံတဲ့ သီလရှင်လေးများ လမ်းဘေးရေချမ်းစင်လေးပင် ဖြစ်လင့်ကစား ဖြတ်သွားရင်း သဲကန္တာရမှာ ရေတစ်ပေါက်တွေ့ရသကဲ့သို့ မျက်နှာလေးတွေ ဝင်းမှည့်စွာနဲ့ ရေအိုးစင်လေးနားတွင် တန်းစီပြီး နှစ်နှစ်ခြိုက်ခြိုက် ခပ်ယူသောက်သုံးနေကြတာကို တွေ့ရတော့ ရေချမ်းစင်လေး လှူဒါန်းတဲ့သူကိုယ်စား လှိုက်လှဲဝမ်းသာစွာ ပီတိဖြစ်မိပြီး ကျွန်မတို့လမ်းလေးကိုလည်း အေးမြတဲ့လမ်းလေးအဖြစ် မြင်ယောင်မိရင်း ကျွန်မရင်ထဲမှာ နွေနေပူမှာ အလွန်အေးမြပြီး အလွန်ပင် ကြည်နူးမိပါတော့တယ်ရှင်။

One comment

  • moonpoem

    March 24, 2011 at 9:15 am

    ဖတ်ရရုံနဲ ့တောင် သာသာယာယာနဲ ့အေးချမ်းမှုလေးတွေကို ခံစားမိပါတယ်။
    မမနောက နာမည်နဲ ့လိုက်အောင် ရေးတတ်တယ်နော်။

    Reply

Leave a Reply to moonpoem Cancel Reply

Your email address will not be published.