ပန်းဦး

ashinindakaFebruary 8, 20111min015

အနော်ရထာမင်းလဲ ရှင်အရဟံကို မြင်တော့
ဒါမျိုးကိုယ်တော် အရင်တစ်ခါမှ မမြင်ဘူးတော့
အတော်ထူးဆန်းနေတာပေါ့။

ရှင်အရဟံကလည်း
သွားတဲ့နေရာ၊ လာတဲ့နေရာ၊ ပြောတဲ့နေရာ ဆိုတဲ့နေရာတွေမှာ
အတော်လေးကို ဣန္ဒြေရရ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်ရှိပုံပေါက်ပါတယ်။

အနော်ရထာမင်းက သူကိုးကွယ်နေတဲ့ အရည်းကြီးရဟန်းတွေနဲ့
ရှင်အရဟံကို ချိန်ထိုးကြည့်ပုံပေါက်တယ်။

အရည်းကြီးရဟန်းတွေကို အဲ့ခေတ်က ရှင်မထီးလို့ခေါ်ပါတယ်။

စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတဲ့ ရှင်မထီးရဲ့ပုံပန်းသဏ္ဌာန်က
“ရှေးအတီတွေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊
မုဆိတ်မွေး ဗလပြစ်၊ မဲညစ်သည့် စီဝရံနှင့်၊
တာတေလံ အကျင့်ဆိုးသော၊
ရှင့်သိုးတကာ့ခေါင်ထီး၊ ရှင်မထီး” တဲ့။

ရှင်မထီးဆိုသူ အရည်းကြီးတွေက
ဆံပင်ကို လက်လေးသစ်လောက်ရှည်အောင်ထားလေ့ရှိတယ်တဲ့။
မုဆိတ်မွေးက ဗလပြစ်နဲ့။
စီဝရံဆိုတာက ပါဠိစကား၊ မြန်မာလို သင်္ကန်း။
ဒါ့ကြောင့်သူတို့ဝတ်ဆင်တဲ့သင်္ကန်းက မဲညစ်ညစ်အရောင်ရှိတဲ့သင်္ကန်း။

အခုခေတ်တောင် တချို့ဆရာတော်တွေ ဒီလိုသင်္ကန်းဝတ်တာတွေ့ဘူးတယ်။

ဆံရှည်ထားတာ၊ မုတ်ဆိတ်မွေးဗလပြစ်ရှိတာ၊
ညစ်ထေးထေးသင်္ကန်းဝတ်တာဟာ ပြဿနာတော့ မဟုတ်ပါဘူး။
ပြဿနာက တာတေလံ အကျင့်ဆိုးသော ဆိုတာပဲ။
အကျင့်ဆိုးတာက တာတေကိုလံနေတာပဲ။
အကျင့်ဆိုးတာက ပတ်ဝန်းကျင် သူတို့ကို ကိုးကွယ်နေတဲ့သူတွေကိုပါ
ထိခိုက်နေတော့ ပြဿနာပေါ့။

ရှင်မထီး အရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးတာနဲ့ပတ်သက်ပြီး
လေ့လာသိရှိရတာက

အနော်ရထာမင်းလက်ထက် ပုဂံပြည် ရှင်မထီးအရည်းကြီးတွေကို
ပန်းဦးဆက်သရတဲ့အလေ့ရှိတယ်တဲ့။
ပန်းဦးဆက်သရတယ် ဆိုတာက
အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့မယ်ဆိုရင်
မင်္ဂလာလက်ထပ်ပွဲ ကျင်းပကြရတယ်။
ဒီလို မင်္ဂလာပွဲလက်ထပ်ကျင်းပပြီးတဲ့အချိန်
သတိုးသားက သတိုးသမီးကို ရှင်မထီး အရည်းကြီးရဟန်းတော်ကြီးတွေကို
ဆက်ကပ် လှူဒါန်းရတယ်တဲ့။
သတိုးသားနဲ့ သတိုးသမီးအတူမအိပ်ခင် သတိုးသားက သတိုးသမီးကို
အရည်းကြီးရဟန်းတော်တွေကို ဦးဦးဖျားဖျားလှူဒါန်းတာကို
ပန်းဦးဆက်သတယ်လို့ ခေါ်တယ်။

ဆိုလိုတာက သတိုးသမီးနဲ့ အရည်းကြီး တစ်ညအိပ်စေတယ်ပေါ့။

အနော်ရထာမင်းရဲ့ ပုဂံပြည်မှာ ဒီလို တာတေလံအကျင့်ဆိုးကြီး အမြစ်တွယ် တည်ရှိနေခဲ့ပါတယ်။
အဲ့ဒီခေတ် အဲဒီအခါက ဒီလိုလုပ်ရင် ကုသိုလ်ရတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတဲ့အတွက်
ဒီလိုလုပ်ငန်းတွေကို အချိန်တန်ရင် ပျော်ပျော်ရွှင်ရွှင်ပဲ ပြုလုပ်လေ့ရှိခဲ့ပါတယ်။
သူတို့ကို သူတို့တော့ ဒါမျိုးကို စိတ်သန့်သန့်နဲ့ ပြုလုပ်လေ့ရှိပြီး
တာတေလံ အကျင့်ဆိုးလို့ ဘယ်ယူဆပါ့မလဲ။

ဆံပင်က လက်လေးသစ်လောက်ရှည်ပြီး မုဆိတ်မွေးဗလပြစ်နဲ့
မဲမဲညစ်ညစ်သင်္ကန်းတွေဝတ်ဆင်ထားတဲ့ တာတေလံအကျင့်ဆိုးကြီးကို
လက်ခံကျင့်သုံးနေတဲ့ ရှင်မထီးအရည်းကြီးတွေ
ခေတ်ကောင်းနေချိန် စည်ပင်ပြန့်ပွါးနေချိန်

ဦးခေါင်းပြောင်ပြောင် သင်္ကန်းကို သပ်သပ်ယပ်ယပ်ဝတ်ဆင်ထားတဲ့
မွန်ပြည်နယ်က ရှင်အရဟံ ပုဂံပြည် အနော်ရထာမင်းရဲ့ နန်းတော်ထဲ
မုဆိုးကောင်းမှုနဲ့ ရောက်လို့သွားပါတယ်။

အနော်ရထာမင်းကြီးက
ဘာလဲ၊ ဘယ်သူလဲလို့မေးတော့
ရှင်အရဟံလို့ခေါ်ကြောင်း၊
ဗုဒ္ဓဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်တစ်ပါးဖြစ်ပါကြောင်း
ပြောတော့
အနော်ရထာမင်းကြီးက
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဟောကြားပေးဘို့ လျှောက်တယ်။
ရှင်အရဟံက
အပ္ပမာဒေါ အမတံ ပဒံ စတဲ့ ဓမ္မပဒပါဠိတော်ထဲမှာပါတဲ့
ဂါထာတစ်ပုဒ်ကို အခြေခံပြီးဟောလိုက်တာ
အနော်ရထာမင်းကြီး ချက်ချင်းပဲ ရှင်အရဟံကို သဘောကျသွားတယ်။

ရှင်အရဟံဟောကြားလိုက်တဲ့ ဗုဒ္ဓဘုရားရှင်တရားတော်ကို
သက်ဝင်ယုံကြည်သွားတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းသူ့ကိုယ်သူ ကြေငြာပြီး
ရှင်မထီး အရည်းကြီးတွေကို လူဝတ်လဲစေတယ်။
ရှင်မထီးအရည်းကြီးတွေရဲ့ တာတေလံအကျင့်ဆိုးတွေကို ပပျောက်အောင်
ရှင်အရဟံနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။
ဒါ့ကြောင့် ဒီနေ့ ဒီလို ပန်းဦးဆက်တဲ့အလေ့အကျင့်တွေမရှိတော့ဘူး။

ဒီနေရာမှာ ပြောချင်တာက
တကယ်လို့သာ ရှင်အရဟံမထေရ်
ပုဂံပြည်သွားပြီး သာသနာမပြုခဲ့ရဘူးဆိုရင်
ဒီနေ့ ဒီအချိန်အခါ ပန်းဦးဆက်တဲ့အလေ့အကျင့် မရှိနိုင်တော့ဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူး။
ဒါပေမဲ့ ရှင်အရဟံ ဗုဒ္ဓဘာသာရဟန်းတော် ကျေးဇူးကြောင့်
ဒီအကျင့်ဆိုးကြီး ကွယ်ပျောက်သွားခဲ့ပါပြီ။

ဒီတစ်ချက်နဲ့တင်
ဒို့နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့
ရတနာသုံးပါးထဲက သံဃရတနာကို အလွန်အမင်း ကျေးဇူးတင်ထိုက်ပါတယ်။
သံဃံ သရဏံ ဂစ္ဆာမိ လို့ခေါ်တဲ့ သံဃရတနာကို လှိုက်လှိုက်လှဲလှဲ ကိုးကွယ်သင့်ပါတယ်။

ဟုတ်တယ်လေ။ စဉ်းစားကြည့်ပါအုံး။
ရှင်အရဟံသာ ကံအားလျှော်စွာ ပုဂံမြေကို ခြေချခွင့်မရခဲ့ရင်
ကိုယ့်သတိုးသမီးကို ကိုယ့်ဇနီးသစ်လေးကို
ဆံကေသာ လက်လေးသစ်
မုဆိတ်မွေး ဗလပြစ်
မဲညစ်တဲ့သင်္ကန်းကြီးဝတ်ထားပြီး
တာတေလံ အကျင့်ဆိုးတဲ့ ရှင်မထီးအရည်းကြီးကို
ဒီနေ့ခေတ်တိုင်အောင် ဦးဦးဖျားဖျား လှူဒါန်းနေရအုံးမှာ။

15 comments

  • good

    February 8, 2011 at 10:36 am

    မှန် ပါ့ ဘုရား။ ဘုရား တရား သံဃာ ရတနာ သုံးပါး ကျေးဇူးတော် က အနန္တ ပါ ဘုရား။
    ပုဂံ ခေတ် က မှ ဘုရင် က သပ်သပ် ၊ အရည်းကြီး သပ်သပ် ရှိသေးတယ်။
    ခု ခေတ် ဆို ရင် တိုင်း ပြည် အုပ်စိုး ယုံ မက
    အရည်းကြီးပါ လုပ် နေ ပြီး လစာ နှစ်ဖက် ခွတုပ် နေ မှာ ပါဘုရား။

    Reply

    • ashinindaka

      February 8, 2011 at 1:07 pm

      လင်းစမ်းပါအုံးဟ။

      Reply

  • bigbird

    February 8, 2011 at 2:15 pm

    ရှင်အရဟံနဲ ့အနော်ရထာမင်းတို ့ရဲ ့ကျေးဇူးက တပြည့်တော်တို ့မြန်မာတွေအတွက် အင်မတန်ကြီးမားလှပါတယ်ဘုရား။ တပြည့်တော်တို ့
    မြန်မာပြည်ကြီး တခြားဘာသာတစ်ခုခုကို ကိုးကွယ်ယုံကြည်တဲ ့နိုင်ငံဖြစ်ခဲ့
    ရင်တော့ တပြည့်တော်တို ့လူဖြစ်ကျိုးရှံ ူးရချည်းရဲ ့ ဘုရား။

    Reply

    • ashinindaka

      February 8, 2011 at 2:31 pm

      ဟုတ်တယ်ငှက်ကြီးရေ။ ဘာဘဲဖြစ်ဖြစ် ဒါလေးနဲ့ စိတ်ဖြေနေရတယ်။

      Reply

  • ဆူး

    February 8, 2011 at 4:13 pm

    ရှင်အရဟံ ကျေးဇူး ကြီးမား လှပါတယ် အရှင်ဘုရား။
    ဒီတိုင်းပြည်မှာ လူဖြစ်လာတာ မွေးကတည်းက မိရိုးဖလာ ဆိုပေမဲ့ အသိလေးတွေ ပင်ကိုယ် စိတ်ကလေးတွေ လိမ်မာ ယဉ်ကျေးဖို့ဆိုတာ ငယ်စဉ်က အဆုံးအမ ပေါ်မူတည်တဲ့ အတွက် ရှင်အရဟံ ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို သိခွင့် ရင်းနှီးခွင့်ရတာပါ ဘုရား။
    အထင် နဲ့ သုံးသပ်ချက် ကို ပြောမယ် ဆိုရင်တော့ ရှင်အရဟံ ပုဂံပြည်ကို မရောက်ခင် ကတည်းက ရဟနာ္တကိစ္စပြီးသွားတဲ့ ရဟန်း ဖြစ်တဲ့ အတွက် ရှေးဖြစ် နောက်ဖြစ်တွေ ကြိုတင် မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ရဟနာ္တမထေဋ် မြတ်တွေ မှန်ရင် လုံးဝ ကြောက် စိတ်မရှိဘူး လို့ ကြားမိပါတယ်။ ပုဂံ ပြည်ကို မကြွ ခင်မှာ လုပ်ရင် ဖြစ်နိုင်မဲ့ အနေအထား သိမြင်တဲ့ အတွက် တောလမ်းခရီးမှာ ကြွာလာတာ ဖြစ်ပြီး မုဆိုးကိုလည်း စူးစိုက်တဲ့ မေတ္တာ နဲ့ ပို့လွတ်ပြီး ခရီးပေါက်အောင် လုပ်တာလို့ ထင်ပါသည်။ ထို့ အပြင် ရဟန်းတို့ မည်သည် မေတ္တာ ကွန်ယက်နဲ့ မလွတ်ကင်းသူ ဖြစ်တဲ့ အတွက် မေတ္တာဓါတ်နဲ့ ဘုရင် စိတ်ကို တိမ်းညွတ်စေအောင် ပျော့ပျောင်းအောင် သိမ်းသွင်းသည်ဟု ယုံကြည်ပါသည်။

    Reply

  • kai

    February 8, 2011 at 11:04 pm

    အရှင်ဘုရား..
    သမိုင်းစာအုပ်တွေကနေ .. ကောက်ချက်ချယူရင်တော့ အဲဒီလိုယူဆလို့မရနိုင်ဘူးဘုရာ့..။

    – ဗုဒ္ဓဘာသာက .. ပုဂံခေတ်မှမဟုတ်.. ပျူခေတ်အစောပိုင်းကတည်းက .. ဟိန္ဒူ၊ မဟာယာန၊ ဟိနယာန (ထေရဝါဒ) တချိန်ထဲ ရောထွေးရှိနေခဲ့တယ်လို့ သမိုင်းအထောက်အထားတွေက .. ပြနေပါတယ်.။
    ( မြေအိုး၊ ကျောက်စာ အုပ်ရိုးအပိုင်းအစများက နေမှတ်ချက်ချတာပါ. )
    – အသောကမင်းက သာသနာပြုလွှတ်ရာမှာ သုဝဏ္ဏဘူမိ မပါဘူးလို့ .. အာသောက ကျောက်စာတွေမှာ တွေ့ရပါတယ်.။ အခုပြောနေကြတာက .. နောက်မှ ..သီဟိုဌ်က ထည့်လိုက်တာလို့ ..ဒေါက်တာသန်းထွန်းကလည်း ဆိုပါတယ်..။ မွန်ဌာနေဆီ ဗုဒ္ဓသာသနာ.. ပျူထက် နောက်ကျရောက်ပုံရပါတယ်။
    – အနော်ရထာက ..စစ်ဘုရင်ဖြစ်ပြီး .. မြန်မာအင်ပါယာကို ချဲ့ထွင်ဖို့ (ဗြဟ္မာဏအယူဆန့်ကျင်ဖို့)စစ်သားလိုရာမှာ မဟာယာနရဟန်းအချို ့ကို သိက္ခာချ၊ နာမယ်ဖျက်ပြီး စစ်သားအဖြစ်အသုံးပြုသွားပုံရတယ်လို့ သုံးသပ်တဲ့စာတွေဖတ်ဖူးပါတယ်။
    အဲဒီခေတ်က ရဟန်းတွေဟာ .. အိနိ္ဒယက ဖြုတ်ထုတ်သတ်ခံလိုက်ရတဲ့ ဗုဒ္ဓဘာသာ သမိုင်းအတွေ့အကြုံကြောင့် ..ကိုယ်ခံပညာတွေကို သင်ကြားတတ်မြောက်ထားကြပုံတော့ရပါတယ်..။
    အနော်ရထာဟာ ..ဗုဒ္ဓဘာသာထဲ.. နတ်ကိုးကွယ်မှုကို ဟိန္ဒူနတ်တွေဖက်ကနေယူပြိး .. နိုင်ငံရေးအတွက် အသုံးချခဲ့တယ်လို့လည်း သုံးသပ်ကြပါတယ်..။
    ရွာခံ၊ နယ်ခံသူရဲကောင်းတွေသတ်ဖြတ်ရာမှာ နယ်ခံတွေ မကျေမနပ်ဖြစ်ပြီး ဆူပူကြမှာစိုးလို့ နတ်စိမ်းဖြစ်တယ်ဆိုပြီး အယုံသွင်း…. လူတွေကို နိုင်ငံရေးအရ လှည့်စားခဲ့သူလို ့ဆိုကြတာပါ.
    ( အခုခေတ် ဘုန်းတော်ကြီးတွေကို စစ်တပ်ကဆက်ဆံပုံတွေနဲ့ နှိုင်းကြည့်နိုင်တာပေါ့အရှင်ဘုရား..။ )

    အသောက –> http://en.wikipedia.org/wiki/Ashoka
    သုဝဏ္ဏဘုမိ –> http://en.wikipedia.org/wiki/Suwannaphum
    ဗုဒ္ဓဆံတော်ရောက်ရှိရာနေရာတခု (ရွှေတိဂုံနှင့်ဇတ်လမ်းတူ) –> http://www.orissatourism.org/buddhism-in-orissa.html
    အသောကမင်း သာသနာပြုအဖွဲ ့ –> http://kwelos.tripod.com/celts/ashoka.htm
    အသောကမင်းနောက်ပိုင်း … မြန်မာပြည်ပါသော ဟိန္ဒူမင်း အင်ပါယာ –> http://en.wikipedia.org/wiki/Chola
    အင်းဝခေတ်ရဟန်းတပါးပုံ –> http://en.wikipedia.org/wiki/File:An_account_of_an_embassy_to_the_kingdom_of_Ava_00247-s.gif

    Reply

    • ashinindaka

      February 9, 2011 at 12:39 am

      လင့်လေးတွေချိတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်။ မြန်မာပြည်ကို အနော်ရထာခေတ်ထက် ခပ်စောစောကတည်းက သာသနာရောက်ရှိနေကြောင်းသိရပါတယ်။ ပန်းဦးဆိုတာလဲ သမိုင်းမှာ တိတိကျကျ ဖော်ပြထားတာမရှိတော့ စဉ်းစားစရာပေါ့။ ဒီနေရာမှာ တင်ပြလိုရင်းကတော့ သံဃာ့ရတနာအရေးပါပုံပါ။ အရင်က ဘုရားရတနာ တရားရတနာတို့အရေးပါပုံကို ရေးပြပြီးတော့ အခု သံဃာခန်းရောက်နေလို့ သမိုင်းကို ဟိုတစိ ဒီတစိ ဆွဲထုတ်သုံးသပ်ပြရုံလေးပါ။

      Reply

      • kai

        February 9, 2011 at 12:50 am

        အရှင်ဘုရား..
        ဒီလိုဆိုတော့ .. ရတနာသုံးပါးအပေါ် တပည့်တော်ရဲ့ ယုံကြည်မှု့ တစိုးတစမှ မလျှော့ပါဘုရား..။

        . ခေတ်အစဉ်အဆက်.. ဘုရင်တွေ၊ အာဏာရှင်တွေ .. အသုံးချသွားတာကို ..ပြလိုရင်းသာဖြစ်ပါတယ်ဘုရား..။

        Reply

  • nigimi77

    February 13, 2011 at 11:46 am

    အရှင်ဘုရား။

    ဆူးမက ဒီလို ရေးပါတယ်။ ” ရဟနာ္တကိစ္စပြီးသွားတဲ့ ရဟန်း ဖြစ်တဲ့ အတွက်”

    တပည့်တော် လေးလာမှု အားနည်းသလား မပြောတတ်ပါ။

    ” ရဟန်းကိစ္စ ပြီးသွားတဲ့ ရဟနာ္တ ဖြစ်တဲ့ အတွက်” မဟုတ်ဘူးလား။

    ဘုရင်က တစုံတခုကို မိန် ့တော်မူတိုင်း ” မှန်လှပါ ဘုရား။ ရွှေဘောတော်မြတ်
    အတိုင်းပါ ဘုရားလို ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သံယောင်လိုက်တတ်သော ဝန်ကြီးများ ရှိသလို မျိုးတော့ ဘုန်းကြီး ဘာမိန် ့မိန် ့ ယော်ရောရှိ လုပ်တတ်သော ဒကာ ဒကာမ တွေ တော့ မရှိစေချင်ပါ ဘုရား။

    Reply

    • ashinindaka

      February 13, 2011 at 1:27 pm

      အင်း။ သူငယ်ချင်းဘုန်းကြီးတစ်ပါးပြောတာသတိရတယ်။ ဟိုးတုန်းက ရှင်ဥပဂုတ်အကြောင်းဟောပြီး ရှင်ဥပဂုတ်ရှိတယ်ဟောတော့ ဒကာ ဒကာမတွေက သာဓု သုံးကြိမ်ခေါ်ကြတယ်တဲ့။ အခု ရှင်ဥပဂုတ်မရှိဘူးဟောတော့လဲ သာဓု သုံးကြိမ်ခေါ်ကြပြန်ရောတဲ့။ ဘုန်းကြီးဘာပြောပြော ဘာဟောဟော ဒို့ဒကာ ဒကာမများက သာဓုခေါ်ဘို့ Ready ပဲဟေ့။

      Reply

      • bigcat

        February 13, 2011 at 7:19 pm

        သာဓုပါဘုရား…

        Reply

    • ဆူး

      February 13, 2011 at 1:44 pm

      စိတ်လောပြီး အလျင်စလို ရေးမိတာ သိသလိုသာ ပြင်ဖတ်ဗျို့ ၇ရ ရေ… ဒါဆို အဆင်ပြေမလား

      Reply

  • ဆူး

    February 13, 2011 at 1:50 pm

    ရှင်ဥပဂုတ် ရှိမရှိ ဘယ်လိုဘဲတွေးတွေး အရေးမကြီးဘူး လို့ မြင်မိပါတယ် ဘုရား။
    မြတ်စွာဘုရား သာသနာမှာ ရှင်ဥပဂုတ် ဆိုတဲ့ နာမည်နဲ့ ရဟနာ္တဖြစ်သွားတဲ့ ရဟန်း မရှိဘူးလို့ မပြောနိုင်တဲ့ အတွက် ဘာမှမတွေးဘဲ အေးဆေး နေလိုက်ရင် ပြီးတာဘဲ။ တောင်တွေး မြောက်တွေး တွေးတော့မှ အလကားနေရင်း အကုသိုလ် ဝင်နေမယ်။

    Reply

    • ashinindaka

      February 13, 2011 at 1:53 pm

      ပြောလိုရင်းက သာဓုခေါ်တာကို ပြောတာပါ။ တွေးတာကတော့ တွေးပိုင်ခွင့်ရှိပါတယ်။ သံသယလဲ ရှိပိုင်ခွင့်ရှိပါတယ်။ ဒါ လူသားရဲ့ မွေးရာပါ အခွင့်အရေးပါ။

      Reply

  • ဆူး

    February 13, 2011 at 3:23 pm

    သီတဂူ ဆရာတော် က တရားထဲမှာ ထည့်ဟောတာ ကြားဘူးတယ် လူတွေက သတည်းးးးးးးးး (အသံကြောရှည်ရှည် စကားဖြတ်တယ်) ဆိုရင် သာဓု ခေါ်ပြီးသား ဟုတ်မဟုတ် မသိဘူး။ ဥပမာ အားဖြင့် ဒေဝဒတ်က မြတ်စွာဘုရားအား ကျောက်တုံးဖြင့် တွန်းချ၍ သေရန် ကြံစည် ခဲ့လေသတည်းးးးးး ဆိုရော လူတွေက သာဓု လိုက်ခေါ်တယ်။ သူဆီက အကုသိုလ် ခွဲယူချင်လို့လား ဒါမျိုး သာဓု မခေါ်ရဘူး ဒါကြောင့် အဲဒါမျိုး ဆိုရင် ကိုယ်တော်တွေ လည်း သတိထား မြန်မာ လူမျိုးက သတည်းးးးးးးးး ဆိုပြီး အသံကြောရှည်ရှည် ကြားတာနဲ့ သာဓု ခေါ်တတ်လို့ သာဓု မခေါ်သင့်တာ မခေါ်မိအောင် လေသံ ကို ထိန်းပြီး ဖြတ်ရမယ် အဲဒီလို တရားထဲမှာ ထည့်ဆုံးမ သွားတာ မှတ်သားဘူးပါတယ် ဘုရား။

    Reply

Leave a Reply to ashinindaka Cancel Reply

Your email address will not be published.