ထွက်ပြေးပေတော့

ashinindakaJanuary 25, 20111min09

တတိယသံဂါယနာတင်ပြီးနောက် အသောကမင်းကြီး သာသနာပြုစေလွှတ်တဲ့
ကိုးတိုင်းကိုးဌာနထဲမှာ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းလည်း ပါဝင်တယ်။

ဒီသီဟိုဠ်ကျွန်းကို အသောကမင်းကြီးက သူ့ရဲ့သားတော်ရဟန်းဖြစ်တဲ့
ရှင်မဟိန္ဒနဲ့ နောက်ပါရဟန်းငါးပါးကို စေလွှတ်ခဲ့တယ်။
နောက်ပိုင်းမှာ ဘိက္ခုနီသာသနာထွန်းကားဘို့အတွက်
သမီးဖြစ်သူ သံဃမိတ္တာထေရီကိုလည်း စေလွှတ်ခဲ့ပါတယ်။

သံဃမိတ္တာထေရီ အိန္ဒိယက သီဟိုဠ်ကျွန်းသွားတော့
ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိပင်မှ တောင်ကိုင်းကို ပွားယူကာ
သီဟိုဠ်သို့ ပင့်ဆောင်ခဲ့ပါတယ်။
သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ စိုက်ပျိုးထားပါတယ်။
အဲ့ဒီ မဟာဗောဓိပင် (original) ဟာ
ယခုတိုင် မျိုးဆက်မပြတ်ရှိနေပါသေးတယ်။

ရှင်မဟိန္ဒနဲ့သံဃမိတ္တာထေရီမတို့မောင်နှမနှစ်ယောက်ဦးဆောင်ပြီး
သီဟိုဠ်ကျွန်းမှာ သာသနာပြုလိုက်တာ ဘိက္ခုသာသနာ (ရဟန်းတော်များ)နဲ့
ဘိက္ခုနီသာသနာ (ရဟန်းမများ) အတော်ထွန်းကားလာကြောင်းသိရပါတယ်။

ထိုခေတ်က ဒေဝါနံပိယတိဿမင်းဆိုသူက
မထေရ်များ သီတင်းသုံးနေထိုင်ထိုင်ဘို့
မဟာဝိဟာရကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပါတယ်။
ဒါ့အပြင် စေတီ၊ ပုထိုး၊ ဗောဓိ၊ သိမ်၊ အရာမ်များကိုလည်း တည်ဆောက်ပါတယ်။

နောက်မင်းများလက်ထက်မှာလည်း ဗုဒ္ဓသာသနာကို ဆက်လက်အားပေးခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာကို အထူးအားပေးတဲ့ မင်းများလည်း စဉ်ဆက်မပြတ် ပေါ်ထွက်ခဲ့တယ်။
ဒုဋ္ဌဂါမဏိမင်းဆိုတဲ့မင်းက လောဟပါသာဒခေါ် ကျောင်းတိုက်ကြီးကိုတည်ထောင်ပါတယ်။ မဟာစေတီကြီးကိုလည်း တည်ဆောက်လှူဒါန်းပါတယ်။

မဟာစေတီဆိုတာ
သီဟိုဠ်ကျွန်းမှာ အခုထိ ထင်ရှားတဲ့ စေတီတော်ကြီးတစ်ဆူပါ။

အဲ့ဒီခေတ်တွေတုန်းက
ရဟန္တာအရှင်သူမြတ်ကြီးများလည်း အလွန်ပေါ်ထွန်းခဲ့ဘူးတယ်တဲ့။
သီဟိုဠ်ကျွန်းမှာ ရဟန္တာအရှင်သူမြတ်များပေါများကြောင်းကို
အမျိုးမျိုးတင်စားပြောဆိုလေ့ရှိကြတယ်။
မြို့တိုင်းမြို့တိုင်းရဲ့ လမ်းတိုင်းလမ်းတိုင်းလမ်းတိုင်းမှာ
ရဟန္တာမထေရ်မရောက်ဖူးတဲ့လမ်းဆိုတာ မရှိဘူးတဲ့။

ဆိုလိုတာက ရဟန္တာမထေရ်မြတ်များ အလွန်များတယ်။
အလွန်များတဲ့ရဟန္တာမထေရ်မြတ်များ ဆွမ်းခံချိန် ဆွမ်းခံကြွလေ့ရှိတယ်။
တစ်လမ်းဝင် တစ်လမ်းထွက် ဆွမ်းခံကြွလေ့ရှိတော့
လမ်းတိုင်းလမ်းတိုင်း ရောက်တာပေါ့။
ဒါကိုရည်ညွှန်းပြီး ရဟန္တာမရောက်ဖူးတဲ့လမ်းဆိုတာ မရှိဘူးလို့ပြောတာ။

ရဟန္တာမထေရ်မြတ်များ များပြားတာကို
နောက်တစ်မျိုး တင်စားပြောဆိုကြသေးတယ်။
အဲ့ဒီခေတ်တုန်းက စပါးတွေကို ရိပ်သိမ်းပြီး
ခြောက်သွေ့သွားအောင် နေလှန်းကြရတယ်။
ကောင်းကင်မှာ ဈာန်ပျံတဲ့ရဟန္တာတွေ များလွန်းလို့
လှန်းထားတဲ့စပါးပေါ်အရိပ်ထိုးကာ (အရိပ်ကျရောက်ကာ)
စပါးတော်တော်နဲ့ မခြောက်သွေ့နိုင်ဘူးလို့ဆိုပါတယ်။

ဒါလည်း အဲ့ဒီခေတ်တုန်းက သီဟိုဠ်ကျွန်းမှာ
ရဟန္တာအရှင်မြတ်များပေါများတာကို ရည်ညွန်းပြောဆိုတဲ့စကားပါ။

ဒါနဲ့စပ်လို့ မန္တလေး၊ သာသနာ့တက္ကသိုလ်မှာ ပညာသင်စဉ် အခါတုန်းက
စာချဆရာတော်တစ်ပါးပြောတာကို သတိရမိတယ်။

သာသနာ့တက္ကသိုလ်မှာ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံအပြင်
ပါဠိစာပေ၊ သက္ကဋစာပေ၊ အင်္ဂလိပ်၊ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့မြန်မာစာ၊
ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့သမိုင်းဘာသာရပ်တွေကို သင်ယူရတယ်။
ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့သမိုင်းဘာသာရပ်ကို သင်ယူရတော့
သီဟိုဠ်ကျွန်းအကြောင်းလည်းသင်ယူရတာပေါ့။

တစ်နေ့ စာချဆရာတော်က သီဟိုဠ်ကျွန်းအကြောင်းပြောရင်း
အထက်ကပြောခဲ့သလိုပဲ သီဟိုဠ်ကျွန်းမှာ တချိန်တုန်းက
ရဟန္တာတွေပေါများခဲ့ကြောင်း၊
ဒီလိုရဟန္တာပေါများတာဟာ အထူးအဆန်းမဟုတ်ပါကြောင်း ပြောပြပြီး

သူ့အမြင်ကို အခုလိုဆက်ပြောပါတယ်။
“ သီဟိုဠ်ဘုန်းကြီးတွေ ရဟန္တာဖြစ်တာ နည်းတောင်နည်းသေးတယ်၊
ဘာပြုလို့တုန်းဆိုတော့
သီဟိုဠ်က ဒကာမတွေက အသားကမဲပြီး အတော်အရုပ်ဆိုးကြတာ” တဲ့။
စာချဆရာတော် ဟာသနှောပြောခဲ့တာလေးပါ။

သီဟိုဠ်ကျွန်း၊ ဝဋ္ဋဂါမဏိမင်းလက်ထက်
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့သူတွေ
ထကြွသောင်းကျန်းကြတယ်။ တော်လှန်ကြတယ်။ သူပုန်ထကြတယ်ပေါ့။
မိုးကလည်းခေါင်လို့ သီးနှံရိက္ခာရှားပါးကာ
ငတ်မွတ်ခေါင်းပါးတဲ့ပြဿနာနဲ့လည်း ကြုံခဲ့ရတယ်။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့သူပုန်တွေ ထကြွသောင်းကျန်းတော့
ရဟန်းတော်များလည်း ထွက်ပြေးတိမ်းရှောင်ကြရတော့တာပေါ့။

ဒါကို ဆင်ခြင်စဉ်းစားကြည့်ရင်
ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံမှာ ဗုဒ္ဓဘာသာကို မယုံကြည်တဲ့မင်း၊
ရှင်ဘုရင်၊ အစိုးရတက်လာပြီး အုပ်ချုပ်လို့ကတော့
သံဃာတော်တွေ (အရင်ဆုံး) ထွက်ပြေးကြပေတော့။
သတိရှိကြပါလေ။

အဲ့ဒီခေတ်က စာပေရေးသားတဲ့ခေတ်မဟုတ်သေးတော့
ပိဋကတ်စာပေတွေကို နှုတ်ငုံသာဆောင်ထားကြရတာ။
ထွက်ပြေးတိမ်းရှောင်နေရချိန်၊
အစာအာဟာရကလည်း လုံလုံငငမရဖြစ်နေတဲ့အချိန်
ဘုရားရှင်ရဲ့ ပိဋကတ်တော်တွေကို အတော်ခဲခဲရင်းရင်း
နှုတ်မြွက်ရွတ်ဆို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတယ်။ မလွယ်ကူလှပါဘူး။

ဒုက္ခမျိုးစုံကြုံတွေ့နေရချိန် ပိဋကတ်တော်တွေကို
ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ထိုခေတ်က သီဟိုဠ်အရှင်မြတ်များကို
ဦးအကြိမ်ကြိမ်ချမိပါတယ်။ ကျေးဇူးအထူးတင်မိပါတယ်။

တကယ်တော့ ဒီလို ရေးသားမှုအတတ်ပညာမရှိသေးဘဲ (မရှိခဲ့ဘဲ)
နှုတ်ဆင့်ကမ်း သယ်ဆောင်ရတာဟာ အင်မတန် တာဝန်ကြီးလှပါတယ်။
တကယ်လို့ အခုလိုမျိုးဘေးဒုက္ခနဲ့ပြန်ကြုံရရင် ဘယ့်နှယ်လုပ်မလဲ။
ဘုရားရှင်ပိဋကတ်တော်တွေ ကွယ်ပျောက်သွားနိုင်ပါတယ်။

ဒါ့ကြောင့် ပိဋကတ်တော်အားလုံးကို စာပေဖြင့်မှတ်တမ်းတင်ထားမှသာ
စိတ်ချရမယ်လို့ သီဟိုဠ်အရှင်မြတ်များ စဉ်းစားမိကြတယ်။

စဉ်းစားမိသည့်အားလျှော်စွာ သီဟိုဠ်သံဃာ ရဟန္တာအရှင်မြတ်တွေဟာ
ပိဋကတ်တော်များကို ပေလွာရွက်ပေါ်မှာ အက္ခရာစာဖြင့် မှတ်တမ်းပြုပြီး
သံဂါယနာတင်ဘို့ဆုံးဖြတ်လိုက်တယ်။

ဝဋ္ဋဂါမဏိမင်း သူပုန်ရန်ကို ပြန်လည်နှိမ်နင်းနိုင်ပြီး
ဒုတိယအကြိမ်ထီးနန်းပြန်ရလာတဲ့အချိန် (101-77 BC)
အရှင်မဟာဓမ္မရကိ္ခတဦးဆောင်တဲ့ ရဟန္တာအရှင်သူမြတ်ငါးရာက
မလယဇနပုဒ် အာလောကလိုဏ်ဂူမှာ စတုတ္ထသံဂါယနာတင်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ပိဋကတ်ဒေသနာတော်တွေကိုလည်း ပေထက်အက္ခရာ တင်တော်မူခဲ့ကြပါတယ်။

ပိဋကတ်ဒေသနာတော်တွေကို ရေးပြီးမှတ်တမ်းတင်ခြင်းကို
ဒီစတုတ္ထသံဂါယနာတင်ပွဲက စတင်ခဲ့တယ်လို့ဆိုရမှာပေါ့။

9 comments

  • bigcat

    January 25, 2011 at 5:16 am

    စတုတ္ထသံဂါယနာတင်ပွဲ ပိဋကတ်ဒေသနာတော် အထောက်အထားမူရင်းတွေ ကြွင်းကျန်နေပါသေးလားဘုရား
    အသားမမဲ ရုပ်မဆိုးတဲ့ သီရိလင်္ကာမလေးတွေလည်း တွေ့ဖူးပါတယ်။ 🙂

    Reply

    • ashinindaka

      January 25, 2011 at 5:28 am

      စတုတ္ထသံဂါယနာ အထောက်အထားပေစာတွေ ကျန်မကျန် မစုံစမ်းဖြစ်ဘူး။ ဒကာကြောင်ကြီးက တွေ့ဘူးတယ်ပေါ့လေ။ တကယ့်ကို အင်တာနေရှင်နယ် ကြောင်ကြီးပဲ ဟေ့။ 😉

      Reply

    • ashinindaka

      January 26, 2011 at 6:07 am

      ဒကာကြောင်ကြီး လာလည်လို့ ကျေးဇူး။

      Reply

  • ashinindaka

    January 25, 2011 at 5:23 am

    ဒကာကြောင်ကြီးက တွေ့ဘူးတယ်ပေါ့။ International ကြောင်ကြီးပဲ။:)

    Reply

  • char too lan

    January 25, 2011 at 9:50 am

    ဦးကြောင်ကြီးတို့ကတော့ တိုင်းလွန်ပြည်လွန်ပါပဲဘုရား…………….
    International Senior General Five Star ကြောင်ကြီးပါဘုရာ့!! 😛 (အထွဋ်အထိပ်တွေပဲစီပြောထားတာ) 😀

    Reply

  • အာဖျံ ကွီး

    January 25, 2011 at 10:01 am

    အင်းလေ ….
    ကိုကြောင်ကြီး@ကိုကြီးကြောင်က အသားမမဲ ရုပ်မဆိုးတဲ့ သီရိလင်္ကာမလေးတွေနဲ.တွေ.ခဲ့ရလို. ….
    ရဟန္တာတွေပေါများခဲ.တဲ့ခေတ်မှာတောင် …. ရဟန္တာမဖြစ်ပဲ …. အခုထက်ထိသောင်တင်နေတာပေါ့ဗျ …. ဟီးဟီး

    Reply

    • ashinindaka

      January 25, 2011 at 10:10 am

      ဟုတ်မယ်ဟေ့။

      Reply

  • ဆူး

    January 25, 2011 at 3:07 pm

    စတုတ္တ သံဃာရတနာ တင်ပွဲ နဲ့ ပတ်သတ်ပြီး တလောက လူတယောက် ပြောတာ ကြားမိပါတယ်။ သူတို့ ကိုးကွယ်တဲ့ ရဟန်း ဘုန်းကြီး ပေါ့လေ.. အဲဒီ ပုဂ္ဂိုလ်ပေါ့ (လူဝတ်လဲ ပြီး အညိုဝတ်ထားသူ) သူတို့ကတော့ ဘုန်းကြီး ဆိုပြီး သုံးတယ်။ သံဃနာယက မှ လူဝတ်လဲ စေဆိုလို့ လဲထားသူပေါ့။ သမာဓိ အား အလွန်ကောင်းလွန်း၍ ဈန်အဆင့်တွေ ရထားတဲ့ ပုဂ္ဂိုလ်ဖြစ်မယ် ထင်ပါတယ်။ ထားပါတော့.. လိုရင်းဆက်မယ်။ အဲဒီဘုန်းကြီး က ဖောင်ပေါ်မှာ သီတင်းသုံးတယ်။ အရိယာပုတ် ၂မျိုးနဲ့ နေတယ် ထိုင် လျောင်း ၂မျိုးနဲ့ဘဲ နေတာ လုံးဝ လမ်းမလျောက်ဘူးတဲ့ မစင်စွန့်ရန် အတွက်သာ မဖြစ်မနေ အိမ်သာကို လမ်းလျှောက်သွားတယ်။ အဲဒီ ဘုန်းကြီးက သူ အနားမှာ စတုတ္တ သံဃာရတနာတင်ပွဲက ပေထုတ်ကို အမြဲထားတယ်။ ဝိနည်း တရားနဲ့ ပတ်သတ်ပြီး ဘာလာလာ ထိုပေထုတ်နဲ့ ကိုက်မှ လက်ခံတယ်တဲ့။ စိတ်ထဲမှာ ဒွိဟ ဖြစ်ခဲ့ပေမဲ့ အခု စတုတ္တသံဃာရတနာ တင်ပွဲ အကြောင်း သိမှ သူတို့ ပြောတဲ့ ဘုန်းကြီး လက်ထဲက ပေထုတ် အကြောင်း နားလည်တော့တယ်။
    ကျေးဇူးတင်ပါတယ်။

    Reply

    • bigcat

      January 26, 2011 at 12:46 am

      တန်းလန်းကြီးမထားခဲ့နဲ့လေ အန်တီဆူးရဲ့။ ဘယ်သူ၊ ဘယ်မှာ၊ ဘာကြောင့်လူဝတ်လဲခံရ၊ ဘယ်လိုပေထုပ်ကိုစံထား၊ ဘယ်လိုထူးခြား၊ ဘယ်တရားကိုလက်ခံ ဒါတွေကိုပြောပါအုံး အန်တီဆူးရဲ့။

      Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.