အဲဒီလို တဖြည်းဖြည်း နီးမလိုနဲ့ဝေး

အဆက်အသွယ်ပြတ်တောက်သွားတဲ့ ဇန်နဝါရီတစ်လလုံးလုံး

သံယောဇဉ်တွေ ပရမ်းပတာနဲ့ ရန်ကုန်မြို့ကို နှင်းဝေဖုံးတယ်

ဘာတစ်ခုမှ ချမရေးဖြစ်တာဟာလည်း ကဗျာတစ်ပုဒ်ပါပဲကွယ် ဆိုတာ

ရူးကြောင်ကြောင်ကောင်တွေ မူးလာရင်ပြောတတ်တဲ့အရာ

ဒီကမ္ဘာမှာ နင်ရှိနေသေးရဲ့လားလို့ ပူပန်မှုနဲ့ ငါက ရတက်ပွေရ

နင်က

စွဲချက်တွေ တပုံတမနဲ့ အတိတ်ကို ကန်ထုတ်ချင်နေတယ်

ပြည်လမ်းပေါ်က ခရေပန်းတွေ ညအပျက်ကြီးထဲ သိပ်မကြွေတော့ဘူး

လိုင်းဆွဲအားမကောင်းတဲ့ ဖုန်းတစ်လုံးကို အရင်လို ငါသည်းမခံနိုင်တော့ဘူး

Facebook စာမျက်နှာပေါ်က ငါအသံမထွက်တတ်တဲ့ နာမည်တစ်လုံး

ကလစ်တစ်ချက်ထောက်လိုက်တာနဲ့ ပွင့်ကျလာမယ့် Photo Album

ခုတလော အင်တာနက်သုံးရတာ သိပ်လူရိုင်းဆန်တယ်

သတိရတယ်ဆိုတာ

Mail တစ်စောင်ပို့လိုက်ရုံ Message တစ်ခုထားခဲ့ရုံနဲ့

အပြီးသတ်ကျေအေးသွားမယ့် အမှုအခင်းမျိုးမှ မဟုတ်ဘဲ

သန်းခေါင်ကျော်တော့လည်း အလွမ်းစိတ်ကို SignOut လုပ်လိုက်ရ

ဘာပဲဖြစ်ဖြစ်

ချစ်တယ်…လို့ ပြောခဲ့မိတာ ခွင့်လွှတ်ပါ

ဒီနှစ် ဖေဖော်ဝါရီမှာ

ငါ နင့်ဆီ သစ္စာပန်းတွေ ပို့နိုင်ဦးမယ်မထင်ဘူး။         ။

ဥက္ကာကိုကို(သံတွဲ)

One comment

  • naywoonni

    January 19, 2011 at 4:17 am

    ဒီနှစ် ဖေဖော်ဝါရီမှာ သစ္စာပန်းတွေမပို့နိုင်ပေးမဲ့ သင်္ကြန်နားနီးရင်တော့ ပိတောက်ပန်းတွေပို့ပေးမယ်ဆိုရင် ကျေနပ်မှာပါ။ ခူးစရာ ပိတောက်ပင်ကြိုတင်ရှာပေါ့ကွယ်

    Reply

Leave a Reply

Your email address will not be published.