ပြိုင်ဆိုင်မှုပြင်းထန်မယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်

khinmintatthuDecember 21, 20101min00

ဥရောပရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိလို့ လာခဲ့ပါပြီ။ ထိုပြိုင်ပွဲကြီးတွင် အင်္ဂလန်နိုင်ငံမှ အသင်းလေးသင်းစလုံး တက်ရောက်နိုင်ခဲ့သလို အီတလီနိုင်ငံမှလည်း သုံးသင်း၊ စပိန်နိုင်ငံမှ သုံးသင်း၊ ဂျာမနီနိုင်ငံမှ နှစ်သင်း၊ ပြင်သစ်နိုင်ငံမှ နှစ်သင်း၊ ဒိန်းမတ်မှ တစ်သင်း၊ ယူကရိန်းမှ တစ်သင်း အသီးသီးတက်ရောက်လာနိုင်ခဲ့ကြပါတယ်။

၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့ကြတဲ့ အသင်းတွေထဲမှာ မနှစ်ကဆုံတွေ့ခဲ့ကြတဲ့ အသင်းကြီးတွေ ထပ်မံဆုံတွေ့ လာကြလို့ ပရိသတ်အကြိုက်တွေ့စေမယ့် ပွဲကောင်းတွေကို ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။ ရှုံးထွက်အဆင့်တွေကို လာမယ့် ဖေဖော်ရီ ၁၅၊ ၁၆ ရက်နေ့ မှာ ၈သင်း၊ ဖေဖော်ဝါရီ ၂၂၊ ၂၃ မှာ ကျန်တဲ့ လေးသင်းက ပထမအကျော့အဖြစ်ကစားကြမည်ဖြစ်ပြီး၊ ဒုတိယအကျော့ကို မတ်လ ၈ရက်နဲ့ ၉ ရက်နေ့မှာ ၈သင်း၊ မတ်လ ၁၅၊ ၁၆ ရက်နေ့မှာ နောက်ဆုံး ၈ သင်းက ဒုတိယအကျော့အဖြစ် ကစားကြမှာဖြစ်ပါတယ်။ ၂၀၀၉-၁ဝ ဗိုလ်လုပွဲမှာ ဆုံတွေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်အသင်းတို့လည်း ပြန်လည်ဆုံတွေ့လို့ လာပြန်ပြီ။ အဲဒီတုန်းက အင်တာမီလန်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို မီလီတိုရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဖြင့် ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီနှစ်ကတော့ ဒီနှစ်သင်းဆုံတွေ့တာက ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်မှာ အစောဆုံး ပြန်လည်ဆုံတွေ့ချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းက အရင်နှစ်က ရှုံးကြွေးကို ပြန်လည် ဆပ်ခွင့်ရအောင် ကြိုးစားမှာဖြစ်တယ်။ အင်တာမီလန်အသင်းကတော့ မော်ရင်ညိုကိုင်တွယ်ချိန်မှာ အတောင့်တင်းဆုံးဖြစ်နေပေမယ့် နည်းပြဘင်နီတက်ဇ်လက်ထက်မှာတော့ ခြေစွမ်းမတည်ငြိမ်မှုတွေနဲ့ စီးရီးအေအမှတ်ပေးဇယားမှာ ရုန်းကန်နေရပေမယ့် ကမ္ဘာ့ကလပ် ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံမှုအဖြစ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့ အာဆင်နယ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ထပ်မံဆုံတွေ့ကြတာ ဖြစ်ပါတယ်။ ထိုတွေ့ဆုံမှုဟာ အာဆင်နယ်အသင်းအတွက် အကြီးမားဆုံး အဟန့်အတားကြီးဖြစ်လို့နေပါတယ်။ ဘာစီလိုနာအသင်းကလည်း ခြေစွမ်းအတည်ငြိမ်ဆုံးအချိန်ကို ရရှိနေလေတော့ အာဆင်နယ်အသင်းအတွက် အခက်အခဲဆုံး ယှဉ်ပြိုင်မှုဖြစ်လို့နေပါပြီ။ အာဆင်ဝင်းဂါးကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းအတွက် ကံဆိုးမှုလေလားလို့ ဆိုရမလိုဖြစ်နေလေပြီ။ တွေ့ဆုံခဲ့စဉ်တုန်းက အာဆင်နယ်အိမ်ကွင်းမှာ ၂-၂ ဂိုးဖြင့် သရေကစားနိုင်ခဲ့ပြီး ဘာစီလိုနာကွင်းဖြစ်တဲ့ နူးကမ့်ကွင်းကိုရောက်မှ ၄-၂ ဂိုးဖြင့် ရှုံးနိ့မ်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရတာဖြစ်ပါတယ်။ ယခု ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်မှာတော့ အာဆင်နယ်အသင်း ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလို့နေလေပြီ။ နောက်ထပ် အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်း ကလည်း ရှောင်လွှဲလို့မရနိုင်လောက်အောင် ပြင်သစ်ကလပ်များနဲ့ ရေစက်များရှိနေမလားထင်ရလောက်အောင်ပင် လီယွန်အသင်းဖြင့်ပင် ထပ်မံ ဆုံတွေ့လို့ နေပြန်ပြီ။ လီယွန်အသင်းသည်လည်း ရီးယဲလ်အသင်းကို ဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းအဖြစ် စာရင်းဝင်နေပေပြီ။ ယခုနှစ်မှ ချန်ပီယံလိဂ်သို့ တက်ရောက်လာခဲ့သော တော့တင်ဟမ်အသင်းသည်လည်း အင်တာမီလန်နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဆင့်ကို ကျော်လွန်လာခဲ့ချိန်မှာတော့ ရှုံးထွက်အဆင့်မှာ အစဉ်အလာရှိတဲ့ စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းနှင့် ဆုံတွေ့လို့နေပေသည်။ ကျန်အင်္ဂလန်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းကတော့ ပြင်သစ်ကလပ်ဖြစ်တဲ့ မာဆေးနှင့် ရင်ဆိုင်ကစားရမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ ဒိန်းမတ်ကလပ်အသင်းဖြစ်တဲ့ ကိုပေဟေဂင်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။ အီတလီအသင်းဖြစ်တဲ့ ရိုးမားအသင်းကတော့ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ စပိန်ကလပ် ဗလင်စီယာအသင်းကတော့ ဂျာမနီကလပ် ရှော်ကဲလ် အသင်းနှင့် ရင်ဆိုင်ဆုံတွေ့လို့နေပေသည်။ ထိုသို့ အုပ်စုအဆင့်ကိုကျော်ဖြတ်လာခဲ့ပြီး (၁၆) သင်းအဆင့် ရှုံးထွက်အဆင့်ကို ရောက်ရှိလာခဲ့ကြတဲ့ အသင်းများပီပီ ပြိုင်ဆိုင်မှုပြင်းထန်ပြီး တစ်သင်းနဲ့တစ်သင်း အနိုင်မခံ အရှုံးမပေးစိတ်ဖြင့် ယှဉ်ပြိုင်ကစားသွားကြမယ့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်များသည် ပရိသတ်အကြိုက်ဖြစ်စေမည့်

ပွဲကောင်းများပင်ဖြစ်နေပေတော့မည်။ အချို့အသင်းများမှာ မနှစ်ကယှဉ်ပြိုင်ထားကြသည့် အသင်းများပီပီ ပြိုင်ဘက်အသင်းများ၏ ကစားပုံ၊ ကစားဟန်ကိုသိရှိနားလည်ပြီးသားဖြစ်သည်။ ထို့ကြောင့် ကိုယ့်အသင်း၏ အမှားများကို ပြန်လည်ပြင်ဆင်ပြီး ပြိုင်ပွဲဝင်သွားကြမှာဖြစ်လို့ မည်သည့်အသင်းကိုမှ လျှော့တွက်လို့ပင်မရတော့ချေ။ ယခုနှစ်မှ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ အသင်းများသည်လည်း အုပ်စုအဆင့်ကိုကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာနိုင်ခဲ့လို့ ထိုအသင်းများကိုပင် လျှော့တွက်လို့မရပေ။ ထို့အတွက်ကြောင့် အသင်းတိုင်းလိုလိုသည် ယခုရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားကစားသွားမှာဖြစ်တယ်။ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုံတွေ့ထားကြတဲ့ အသင်းတွေ ပြန်လည် မကျေပွဲနွှဲခွင့်တွေကိုပဲ ရကြမလား၊ ထပ်မံပြီးပဲ ဒုက္ခပေးသွားဦးမလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.