အကြီးနဲ့ အငယ် old and young

weiweiDecember 20, 20101min06

အကြီးနဲ့အငယ်

အခုကျွန်မရေးမှာက ကျွန်မ အသက် ၂ဝ ကျော်လောက်မှာ ဆရာတစ်ယောက်က ဆုံးမခဲ့ဖူးသော အကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီဆရာလဲ ဆုံးပါးသွားတာကြာပါပြီ။ အရိယာပြစ်မှား ဒါဏ် (၁၀)ပါးဆိုပြီး ပြောပြရင်းကနေ လူကိုမြင်တိုင်း မပြစ်မှားမိစေဖို့ အသိပေးတဲ့ ဆုံးမစကားဖြစ်လို့ ဆရာ့ကျေးဇူးကိုလဲ သတိရရင်း တခြားသူတွေကိုလဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကျွန်မတို့ လူဘာသာစကားနဲ့ပြောမယ်ဆိုရင်တော့ အသက်ပိုကြီးရင် အကြီး အသက်ပိုငယ်ရင် အငယ်ဆိုပြီး အကြီးအငယ်ကို အသက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ အသက်ကြီးသူကို ရိုသေရမယ်လို့ လူကြီးတွေက ဆုံးမကြပါတယ်။

ဒါပေမယ့် ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အကြီးအငယ်ဆိုတာကို အသက်နဲ့တိုင်းတာလို့မရပါဘူး။ ရ နှစ်သားကိုရင်လေးကိုတောင်မှ အဘိုးကြီး အဖွားကြီးတွေက ထိုင်ကန်တော့ရတယ်မဟုတ်လား။ သံဃာဆိုတာ ရတနာသုံးပါးထဲမှပါလို့ သံဃာဖြစ်တာနဲ့တင် ကန်တော့ဖို့ ထိုက်တန်ပြီး ကုသိုလ်လဲရပါတယ်။

အကြီးနဲ့ပတ်သက်ပြီး တရားတစ်ပုဒ်မှာ နာခဲ့ဖူးတာကတော့ မြတ်စွာဘုရား ဘုရားအဖြစ်ရောက်ခါစက ခမည်းတော် သုဒ္ဓေါဓန မင်းကြီးနန်းတော်ကို သွားစဉ်အခါတုန်းကပေါ့။ ဗြမဏမျိုးနွယ်တွေက အကြီးအကဲကို အရိုအသေပေးရတဲ့ ဓလေ့ရှိပါတယ်။ ဗုဒ္ဓအနေနဲ့ ဘယ်လိုများလုပ်မလဲဆိုသိတာ သိချင်လို့ စောင့်ကြည့်အကဲခတ်ကြပါတယ်။ ဗုဒ္ဓက ခမည်းတော်ကို အရိုအသေမပေးတာနဲ့ ကဲ့ရဲ့ပြစ်တင်ကြတာတော့ ဗုဒ္ဓက လောကမှာ သူသာအကြီးဆုံးလို့ပြောပြီး အကြီးဆိုတဲ့ အဓိပါယ်ကို ဥပမာတစ်ခုနဲ့ ရှင်းပြခဲ့ပါတယ်။

ကြက်ဥတွေအများကြီးကို ကြက်မကြီးမှ နေ့စဉ်ဝပ်ပေးပါတယ်။ အဲဒီအခါမှာ ကြက်ဥတစ်လုံးက ကြက်ကလေး စပေါက်တာကို အကြီးကို ခေါ်ပါတယ်တဲ့။ အရင်ဆုံးစပေါက်တဲ့အကောင်က အကြီးပါပဲ။ အဲဒါဘာကိုပြောတာလဲဆိုတော့ သံသရာက လွတ်မြောက်ကြောင်းတရားကို ပထမဆုံးရှာဖွေတွေ့ရှိပြီး လွတ်မြောက်တဲ့သူက အကြီးဖြစ်ပါတယ်။

လူ့လောကထဲမှာတော့ သူခိုးလဲဂျိုမပါသလို သူတော်ကောင်းလဲဂျိုမတပ်ထားပါဘူး။ ဘယ်သူ့ကိုကြည့်ကြည့် အတူတူပဲလို့ထင်ရပါတယ်။ သံသရာလွတ်မြောက်ကြောင်းတရားကို အားထုတ်ပြီးသူလားဆိုတာ မသိနိုင်ပါဘူး။ အားထုတ်ပြီးသူကလဲ သူအားထုတ်ပြီးပြီ ငါအကြီးပါလို့ ဘယ်သူ့ကိုမှ ပြောတော့မှာ မဟုတ်ပါဘူး။ ကြီးတဲ့သူကို စော်ကားရင် ငရဲကြီးတယ်ဆိုတာ အဲဒီလိုကြီးတဲ့သူကိုပြောခြင်းဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ထက် ပိုကြီးနေမယ်ဆိုတာ ဘယ်သူ့ဘယ်သူမှ မသိနိုင်သော အကြောင်းတရားဖြစ်ပါတယ်။

ဆရာက ကျွန်မကို တိုက်တွန်းခဲ့တာကတော့ လူတစ်ယောက်ကိုမြင်တာနဲ့ မေတ္တာပို့တတ်တဲ့ အလေ့အကျင့်ကို လုပ်ဖို့ပြောပါတယ်။ အဲဒီတုန်းကတော့ ကျွန်မလဲ သူပြောတဲ့အတိုင်း လုပ်ခဲ့ဖူးပါတယ် … အကျိုးကြီးမားတဲ့အကျင့်တစ်ခုဖြစ်ပြီး လူတိုင်းလူတိုင်း လုပ်သင့်လို့ အခုလို ရေးသားပြီး မျှဝေလိုက်ရခြင်း ဖြစ်ပါတယ် …

အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ …

6 comments

  • TO BE UPDATE

    December 20, 2010 at 8:07 pm

    လူတိုင်းကို မေတ္တာထားတာ တကယ်မွန်မြတ်ပါတယ်……….weiwei ရယ်

    Reply

  • student

    December 21, 2010 at 3:58 am

    သံသရာမှ လွတ်မြောက်လမ်း မှာ ရှေ့ရောက်နေတဲ့သူကို အကြီးလို့သတ်မှတ်ရမှာပေါ့နော်

    Reply

  • naywoonni

    December 21, 2010 at 4:04 am

    လူတိုင်း ဒီလိုစိတ်မျိုးထားနိုင်ကြရင်တော့ ကောင်းတာပေါ့လေ ဒါပေမဲ့
    ကိုယ်က ကောင်းတယ် ဒီလိုလုပ်ကြပါလား လို့ပြောစရာမလိုအောင် သူ့တို့ဖာသာ သူတို့ သိလာကြမှကောင်းတာမျိုး အတော်များများက သူ့တို့ပဲ အကုန်သိတယ် တတ်တယ် ထင်ကြပြီး ဘာပြောပြောလက်မခံ ကြတာဆိုးတယ် မှားနေတယ်ဆိုတာ သိရက်နဲ့တောင်မှ သိသိကြီးနဲ့ ဆက်မှားနေကြချင်သေးတာ သွားပြောတော့လည်း ဘာပြန်ပြောတယ်ထင်သလဲ “ငါ့ဆရာလာမလုပ်နဲ့”တဲ့လေ

    Reply

  • weiwei

    December 21, 2010 at 4:13 am

    ဆိုဆုံးမရလွယ်ကူခြင်း အကြောင်း ရေးလိုက်ပါသေးတယ် … အခုတလော ရေးဖြစ်နေတာကလဲ မလိုက်နာသည့်တိုင်အောင် ဖတ်လိုက်တုန်းလေး နဲနဲလေးဆင်ခြင်မိရင်လဲ အမြတ်ပဲဆိုပြီး ရေးဖြစ်နေတာ …

    နောက်ဆိုရင် ဘာမှတောင် ရေးနိုင်တော့မယ်မထင် … အချိန်မရတော့လို့ …

    Reply

  • kopauk mandalay

    December 21, 2010 at 10:09 am

    (သံသရာမှ လွတ်မြောက်လမ်း မှာ ရှေ့ရောက်နေတဲ့သူကို အကြီးလို့သတ်မှတ်ရမှာပေါ့နော်)
    ဒါကတော့ ဘာသာရေးအမြင်နဲ့ပြောတာလေးပါ။
    လူမူ့ဆက်ဆံရေးအမြင်ကတော့ မိမိထက်စောမွေးထားသူကိုအကြီုးလို့သတ်မှတ်ပါတယ်။

    ကျနော်ယုံကြည်တာကတော့ ကြီးသူနဲ့ငယ်သူအကြားမှာ အပြန်အလှန်လေးစားကြရင်တော့ အကောင်းဆုံးပါ။
    မဝေပြောသလို မည်သူကိုမဆို မေတ္တာ ပို့နိုင်ရင်အကောင်းဆုံးပါ။

    သူများသာပြောရတယ် ကျနော်ကိုယ်တိုင်ကတော့ သာမန်အချိန်ဆိုရင် တော့ ဒီလိုနေမယ်လို့ စိတ်ကူးမိပေမယ့်
    ပြဿနာတစ်စုံတစ်ခုကြုံလာရင်တော့ ဒီလိုအသိတရားကောင်းလေးတွေကို မေ့ပြီး တုန့်ပြန်မိတတ်တာကိုတော့ ပြင်လို့ မရသေးတာ ခက်တယ်လို့ဘဲ ကိုယ့်ကို ကိုယ် ပြန်အပြင်တင်မိပါတယ်။
    ကြုးိစားကြည့်လိုက်ပါအုံးမယ်

    Reply

  • ဆူး

    December 21, 2010 at 11:51 am

    သတ္တဝါတွေ ကျန်းမာပါစေ.. ဟိုဒင်းမှ အပ..
    အနိစ္စ ဒုက္ခ အနတ္တ.. ဖြစ်ပျက် ဖြစ်ပျက်.. အမြင်ကတ်သူတွေ ပျက်.. အဲ.. ဟုတ်ပါဘူး.. သူလည်း ရုပ်နဲ့ နာမ်.. ငါလည်း ရုပ်နဲ့ နာမ် ဖြစ်ပြီး ပျက်သွားတာပါဘဲ..

    ငယ်သူက ကြီးသူကို ဆုံမရင် ဆရာလုပ်တယ်။
    ကြီးသူက ငယ်သူကို ဆုံးမရင် လမ်းညွှန်တယ်။

    Reply

Leave a Reply

Your email address will not be published.