စားတော်ကဲ ကြောင်ကြီး၏လက်ရာ Easy

cooking

စားဖိုမှူးကြောင်ကြီးလက်ရာ

ရွာထဲမှာ ဟင်းချက်သင်တန်းတွေ ခေတ်စားနေလို့ သဂျီးစကားအတိုင်းဆို သမိုင်းမှတ်တမ်း ကျန်သွားအောင် အဂ္ဂမဟာ သုဓမ္မာ မင်းလှရာဇာ သတိုးသေနာပတိ စားတော်ကဲ မဟာကြောင်ရဲ့ လက်စွမ်းလေးပါ။ မဖတ်ခင် ပါးစပ်ဆေး သွားတိုက် ပြီးကြပါ။ နို့မို့ရင် သွားရည်တများများနဲ့ နံစော်ဟောင်နေပါ့မယ်။

ထမင်းပေါင်းနည်း
ရေတခါဆေးပြီးဆန်ကို ချင်ခွက်နှင့် နှစ်လုံးခန့် ထမင်းပေါင်းအိုးထဲသို့ ရေလက်တဆစ်ခန့်ထည့်ပါ။ ပြီးလျင် ထမင်းပေါင်းအိုးခလုပ် ဖွင့်၍ကျက်လျင် စားနိုင်ပါပြီ။ ဝက်အူချောင်း၊ ပြောင်းဖူးစေ့များကို လည်းထမင်းနှင့် တပါတည်း ချက်ပြုတ်စားသောက် နိုင်ပါသည်။

အသားကျော်နည်း
ဆား ဆနွင်းနယ်ပြီး ရှာလကာရည် (သို့) ကွတ်ကင်းဝိုင်စိမ်ပြီးသား အသားများကို တခါတည်း ဆီ၊ ရေ ရော၍ ရေခန်းသွားသည်အထိ မီးအပူပေးပါ။ ဝက်အူချောင်းကိုလည်း ထိုနည်း၎င်း လုပ်နိုင်ပါသည်။

အသား၊ငါးဟင်းချက်နည်း
အသား ငါးခုတ်ပြီးသားဝယ် ရေဆေးပါ၊ ဆားဆနွင်း ဘာညာသာတကာနယ်ပြီးလျင် ငရုတ် ကြက်သွန် ဆီသတ်ထားသော အိုးထဲ့သို့ထည့်ပါ။ ရေရောပါ။ အဖုံးပိတ်၍ မီးအနေတော်နှင့် ရေကျသွားလျင် စားနိုင်ပါပြီ။ ပို၍လွယ်ကူသောနည်းမှာ အသားငါးနှင့် ဆီ၊ကြက်သွန်၊ငရုတ်၊ဆား အားလုံးကို တခါထဲ ရေများများနှင့် ရောချက်ပါ။ ရေခန်းလျင် ရပါပြီ။

အသီးအရွက်ကျော်နည်း
ရေခဲစိမ်ရိုက်ထားသော အသီးအရွက်များကို ရေဖျောပြီး ဆီပူအိုးထဲသို့ထည့်ပါ။ အချို အငန်ထည့်ပါ။ သိပ်မနွမ်းခင်ချပါ။ ကြက်သွန်ဖြူ၊ နီလိုလျင် ထည့်ပါ။

ဟင်းချိုလုပ်နည်း
ရယ်ဒီမိတ် အရည်သောက်ထုပ်များကို ကြွေပန်းကန်ထဲ့သို့ထည့်ပါ။ ရေရောပြီး မိုက်ကရိုဝေ့ဗ်ပေးပါ။ ဆူလျင် သောက်သုံးနိုင်ပါပြီ။ လတ်လတ်ဆတ်ဆတ် အသီးအနှံများဆိုလျင် အခွံနွှာပြီး အိုး၊ ခွက်ထဲသို့ ထည့်ပါ၊ ဆီ အချိုအငန်နှင့် ကြက်သွန်ဖြူရောပါ။ မီးအပူပေး သို့မဟုတ် မို်က်ကရိုဝေ့ဗ်ပေးပါ။ ဆူလျင် ပန်းကန်လုံးထဲသို့ထည့်၊ ငရုတ်ကောင်းမှုန့်ဖြူး သောက်သုံးနိုင်ပါသည်။ ပို၍လွယ်ကူသော နည်းမှာရေ သို့မဟုတ် ဆိုဒါအချိုရည် သောက်ပါ။

ချဉ်ရေလုပ်နည်း
ချဉ်ပေါင် သို့မဟုတ် ကန်စွမ်းရွက်ကို ငါးပိ၊ပုဇွန်ခြောက်များ ရောနှယ်ပါ၊ ဆီသတ်ထားသော အိုးထဲသို့ ထည့်မွှေပါ။ ပြီးလျင် ခရမ်းချဉ်သီး၊ မန်ကျီးသီးအနှစ်မျာကို ရေဆူဆူတွင်ထည့်ပါ။ သေချာသောနည်းမှာ ရယ်ဒီမိတ်များထုပ်များကို လတ်လတ်ဆတ်ဆတ် အသီးအရွက်များနှင့် ရောချက်ပါက စိတ်တိုင်းကျ အရသာ ရပါလိမ့်မည်။

လ္ဘက်ရည် ကော်ဖီဖျော်နည်း
ရယ်ဒီမိတ် တီးမစ် ကော်ဖီမစ်ထုပ်ကို ရေနွေးထည့်ထားသော ခွက်ထဲသို့ ဖေါက်ထည့်ပါ။ သကြား၊ နို့ဆီ၊ နို့စိမ်း ကြိုက်နှစ်သက်သလိုထည့်ပါ။ ထောပတ်အနည်းငယ်ကို မသောက်ခင် လဘက်ရည်ထဲ သို့ထည့်ပါက ပို၍ အနံ့အရသာနှင့် ထူးကဲပြည့်စုံပါ၏။

ရေနွေးကြမ်းလုပ်နည်း
ရေကိုဖန်ခွက်ထဲ့သို့ပြီး မိုက်ကရိုဝေ့ဗ်ဖြင့် ဆူအောင်တည်ပါ။ ပြီးလျင် လဘက်ခြောက်ခတ်ပါ။

စားတော်ကဲကြောင်ကြီး မေတ္တာဝေသည်၊ သတ္တဝါတွေ အစာဝပါစေ။

11 comments

  • နွယ်ပင်

    December 18, 2010 at 4:40 am

    ဦးကြောင်ကြီးပေးတဲ့ ဟင်းချက်နည်းတွေနဲ့ ချက်စားကြည့်လိုက်ဦးမယ် အရသာရှိပြီးတော်တော်ကောင်းမယ်ပုံပါပဲ . ရေနွေးကြမ်းလုပ်နည်းပါ ထည့်ပေးတဲ့ အတွက် ဦးကြောင်ကြီးရဲ့ မေတ္တာက တော်ယုံမဟုတ်ဘူးဆိုတာသိတာပါတယ် ….:D

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 18, 2010 at 4:46 am

    အားပါးပါး တော်တော်ကျေးဇူး ဂုဏ်ကြီးတာဘဲ
    နည်းနည်းနောနောပညာတွေမဟုတ်ပါလား
    super big cat ဖော်မြူလာဆိုပြီး စာအုပ်ထုပ်ဝေခွင့်တောင်းဆိုပါတယ်
    တိုက်ကြီးအစားအစာချက်ပြုပ်တဲ့ ဆိုင်တွေက ဆက်သွယ်လာရင် အကျိုးအမြတ်ကို
    စာအုပ်ထုပ်ဝေသူမှ ရယူမှာဖြစ်ပါတယ်
    (ရေနွေးကြမ်းလုပ်နည်း >>
    ရေကိုဖန်ခွက်ထဲသို့ထည့်ပြီး မိုက်ကရိုဝေ့ဗ်ဖြင့် ဆူအောင်တည်ပါ။ ပြီးလျှင် လဘက်ခြောက်ခတ်ပါ။)
    လျှပ်စစ်မရှိသူတွေ အခက်တွေ ့နိုင်ပါတယ်>>
    လဘက်ခြောက်ကို လိုသလောက် ပါးစပ်ထည်းထည့်ပါ ရေအလိုရှိသလောက်ငုံထားပါ
    ပြီးလျှင် မေးစေ့ကို မီးခြစ်ဖြင့် အလိုရှိသလောက် ဟိထ် ပေးလိုက်လျှင် ရေနွေးဖြစ်ပါ သည်ဟု ပြင်ဆင်ပေးလိုက်ပါသည်။
    ပုံ
    ထုတ်ဝေသူ

    Reply

  • အာဖျံ ကွီး

    December 18, 2010 at 4:48 am

    အိမ်မှာလုပ်ကြည့်တရ် …
    တခြားနည်းတွေရတရ် …
    ရေနွေးကြမ်းလုပ်နည်း ကို မရဘူး …
    အရမ်းခက်တရ် …
    သေချာပြောပေးအုံး … ဟီးဟီး 😛

    Reply

  • char too lan

    December 18, 2010 at 5:52 am

    တယ်လဲတော်တဲ့စားဖိုမူးကြီးပါလား ရထားတဲ့ဘွဲ ့တွေကလဲမနဲဘူး ပြောပြလုပ်ပြသွား ဟာကွက်လုံးဝမရှိ သွက်လက်သပ်ရပ်နေတာပဲ 😛

    Reply

  • ဆူး

    December 18, 2010 at 6:30 am

    ဦးကြောင်ကြီး စူပါရှယ် လက်ရာများ အားပေးသွားပါတယ်။
    ရေနွေးကြမ်းလုပ်နည်းကတော့ အဘပု လမ်းစဉ်ကို မှတ်သားသွားပါတယ်။ အိမ်ကို ကြည့်မရတဲ့ ဧည့်သည်လာရင် ထိုနည်းနဲ့ ရေနွေးကြမ်းတိုက်လိုက်ပါမယ်။

    Reply

  • full of goods news

    December 18, 2010 at 6:49 am

    ဦးကြောင်ကြီး ဟင်းချက်နည်းစာအုပ်ထွက်ရင်အားပေးပါ့မယ် … (လေနဲ.)
    😛

    Reply

  • weiwei

    December 18, 2010 at 8:58 am

    နည်းလမ်းတွေကတော့ ရှယ်ပါပဲ ..

    ဖတ်ဖူးတာလေးတစ်ခုတော့ ဝင်ပြောချင်ပါတယ် …ရေကို မိုက်ခရိုဝေ့ထဲ ထည့်ပြီး ဆူအောင်မတည်သင့်ပါဘူးတဲ့ … ပေါက်ကွဲတတ်တယ်လို့ သတင်းတစ်ခုမှ ဖတ်ထားဖူးပါတယ် … ဘာပဲဖြစ်ဖြစ် အဲဒီလိုမလုပ်မိကြဖို့ သတိပေးချင်လို့ပါ …. ရေထဲမှာ တခြားတစ်ခုခုပါရင်တော့ရပါတယ် (ကော်ဖီ၊ နွားနို့ …..)

    Reply

  • ဆူး

    December 18, 2010 at 1:07 pm

    ရေပေါက်ကွဲရင် ဘာဖြစ်တတ်လဲဟင်.. @_^

    Reply

  • naywoonni

    December 18, 2010 at 2:16 pm

    ဦးကြောင်ရယ် ……..
    ထမင်းဆိုင်နဲ့ လ္ဘရည်ဆိုင်တွေရှိနေတာကို ဘာကြောင့်များ အပင်ပန်းခံပြီး လိုက်ချက်ကြည့် နေနိုင်မလဲနော်

    Reply

  • female

    December 19, 2010 at 11:24 am

    အံ့ဩလောက်အောင် တော်ပါပေသော စားတော်ကဲပါတကား

    Reply

  • kopauk mandalay

    December 19, 2010 at 11:44 am

    တော်ပြီ ဟင်းချက်နည်းတွေမလိုချင်တော့ဘူး။
    ဟင်းကောင်းကောင်းစားချင်ရင် ဟင်းကောင်းကောင်းချက်တတ်တဲ့ သူရှာယူလိုက်ရင်အဆင်ပြေမှပြေပါဗျာ။.

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.