” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းငါး)

” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းငါး)

အဲဒီအချိန်မှာကတည်းက နိုင်ငံခြားကို သင်္ဘောလိုက်သူတွေရှိနေပါပြီ။
ဒါကလည်းလူနည်းစုပါ။ သိပ်အဆက်အသွယ်ကောင်းတဲ့သူများ ဟိုမှာဆွေမျိုးနီးစပ်ရှိသူများလောက်သာ နိုင်ငံခြားကိုအလုပ်ထွက်လုပ်ကြပါတယ်။
ဟိုနိုင်ငံမှာဘယ်လိုအလုပ်မျုးိဘဲလုပ်ကိုင်စားသောက်ခဲ့ရတယ်ဆိုတာမသိပေမယ့် ဒီရောက်ရင် သုံးနိုင်ဖြုန်းနိုင်တယ်ဆိုပြန်တော့လဲ နိုင်ငံခြားသွားပြီးအလုပ်လုပ်တဲ့လူဆိုရင်
အရမ်းအထင်ကြီးကြရတာက အဲဒီအချိန်ကတည်းကပါဘဲ။
ပြန်လာသူများကလည်း တခြားနိုင်ငံရဲ့ကောင်းကြောင်းကို မစားရဝခမန်းပြေပြကြာတာကိုးဗျ။
ကျနော်ကြီးပြင်းခဲ့တဲ့ ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးကတော့ ဒါမျုးိချည်းဘဲလို့ထင်ပါတယ်။

နောက်မြန်မာပြည်ရဲ့အကြီးမားဆုံးသောအပြောင်းအလဲအပြီးမှာတော့ တံခါးဖွင့်ဝါဒကို ကျင့်သုံးလိုက်တဲ့အတွက်ပြည်တွင်းလုပ်ငန်းရှင်များကလည်းလုပ်ငန်းတွေတိုးချဲ့
ပြည်ပကနေပြီးလာရောက်လို့လုပ်ငန်းလုပ်သူများကြောင့် အလုပ်လုပ်စရာနေရာတွေလည်းအတော်ပေါလာပါတယ်။
နောက်မြို့သစ်တွေတည် လမ်းတွေဖောက် တံတားတွေဆောက်ဆိုတော့လည်း လူတွေအတွက်အလုပ်လုပ်စရာနေရာတွေပေါလာသလိုလိုထင်ရပါတယ်။
ဒါပေမယ့် အလုပ်လုပ်ဘို့ ပေါ်လာတာနဲ့ တစ်နှစ်တစ်နှစ်တိုးတက်လာတဲ့ အလုပ်လုပ်နိုင်သူလူဦးရေ ယှဉ်ကြည့်လိုက်ရင် အလုပ်လုပ်ချင်သူဦးရေက ပိုလို့ များနေပါတယ်။
နောက်ဟိုးအရင်ခေတ်တွေက တစ်အိမ်မှာ လူတစ်ယောက်နှစ်ယောက်အလုပ်လုပ်တာနဲ့ လေးငါးယောက်ကတော့ မတောင့်တမကြောင့်ကြဘဲစားနိုင်ပါတယ်။
အခုုခေတ်မှာတော့ အစစအရာကြီးမြင့်တဲ့ဈေးနုန်းတွေကြောင့် အိမ်မှာရှိတဲ့ လူတိုင်းစေ့အလုပ်လုပ်မှသာ ထမင်းကိုအဆင်ပြေပြေစားနိုင်တဲ့ဘဝကိုကြုံတွေ့လာရပါတယ်။
ဒီတော့လဲ လူတိုင်းလူတိုင်းကျားမ မရွေးအရွယ်ရောက်သူရော အရွယ်မရောက်သူရောကိုယ့် ဘဝ ကံစီမံတဲ့အတိုင်း ဝင်ငွေရတဲ့အလုပ်ကို အသဲအသန်ရှာကြရပါတော့တယ်။
ဒီအချိန်မှာ ပေါ်ပေါက်လာတဲ့ လူတန်းစားတရပ်ကတော့ မရှိမကောင်း ရှိမကောင်းဖြစ်တဲ့ “အလုပ်ပွဲစား”တွေပါဘဲ။
နေရာတကာ ဟိုစပ်စပ်ဒီစပ်စပ် သက်ဆိုင်ရာတွေကိုပိုင်နိုင်စွာဝင်ထွက်သွားလာနိုင်တဲ့ အလွန်ပါးနပ်တဲ့ လူတွေပါဘဲ။
ဒီလိုလူတန်းစားတွေနဲ့ လောဘသားတွေပေါင်းမိသွားတဲ့အချိန်အလုပ်လိုအပ်သူ အတွက်အလုပ်ရရှိရေးမှာ လူ့အရည်အချင်းထက် ငွေကြေးကပဓာနကျတဲ့အရာဖြစ်လာပါတယ်။
ဘယ်အလုပ်ဘယ်နေရာ လိုချင်တယ်ဆိုရင် ဘယ်လောက် ပေးရမယ်
အလုပ်ဌာနအပြောင်းအရွေ့မှာလဲ ဘယ်ကနေဘယ်ကိုပြောင်းရင် ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေက တရားမဝင်ပေါ်ထွက်လာပါတယ်။
(ဘေးပေါက်ကောင်းလေလေ မိုးကောင်းလေလေ ဝင်ကြေးကလဲ မြင့်လေလေဖြစ်လာပါတယ်။)
ဟိုအရင်က အလုပ်တစ်နေရာရဘို့အတွက် လိုအပ်တဲ့ ပလာစတာ ဆိုတဲ့နေရာမှာ အသပြာက ရှေ့တန်းရောက်လို့လာပါတယ်။
ပုဂ္ဂလိကလုပ်ငန်းလုပ်ငန်းများကြပြန်တော့ လည်းလုပ်ငန်းလှည့်ပါတ်ငွေပမာဏကြီးမားတာရယ်
လုပ်ငန်းကငွေအပေါ်မှာ မရိုးသားတဲ့ ဝန်ထမ်းတွေနဲ့ ကြူံရတော့ ဆုံးရှုံးနစ်နာတာတွေရှိလာတဲ့အခါ နောက်ပိုင်းမှာအလုပ်ခန့်တဲ့အခါမှာ မိမိတို့ ဝန်ထမ်းရဲ့ဆွေမျိုးသားချင်းတို့
အသိမိတ်ဆွေတို့ကိုဘဲ ဦးစားပေးပြီးခန့်ပါတော့ တယ်။
တကယ်လို့များ အဆင်မပြေလို့ သတင်းစာကနေခေါ်ရပြီဆိုရင်လဲ အင်တာဗျူးပြီဆိုကတည်းက လိုလေသေးမရှိအောင်
စစ်ကြဆေးကြ မေးမြန်းကြရပါတော့တယ်။
နောက်အလုပ်လုပ်ချင်သူ ဦးရေက များများလာတဲ့အခါမှာ အလုပ်ခန့်ပေးမယ့်သူကလဲ ကိုယ်စိတ်တိုင်းကျအောင် ခေါင်းခေါက်ရွေးနိုင်ပါတော့တယ်။

ဒီလို လိုအပ်ချက်က အလုပ်လိုချင်သူများအတွက် ဘယ်နေရာမှမဆိုကြုံတွေရတဲ့အခက်အခဲဖြစ်လာပါတယ်။
ဒီတော့ လဲ လူငယ်တွေကြားထဲမှာ အလုပ်တစ်နေရာရဘု့ိအတွက် ပြိုင်ဆိုင်မူ့ကလဲ များသထက်များလာပါတယ်။
အဲဒီအချိန်မှာ နိုင်ငံခြားကိုထွက်အလုပ်လုပ်ဘို့ အဆက်အသွယ်က အရင်လောက်မခက်တာရယ်
ငွေကြေးလဲလှယ်မူ့နှုန်းကွာခြားချက်ရယ်ကြောင့် နိုုင်ငဲံ့ အပြင်ထွက်လို့ ငွေရှာဘို့ ကြိုးစားသောလူငယ်တွေများသထက်များလာပါတယ်။
တွက်ကြည့်မယ်ဆိုရင် ကိုယ်နိုင်ငံမှာကိုယ်ဆိုင်လေးတစ်ဆိုင် တည်နိုင်လောက်တဲ့ ငွေကြေးပမာဏကို အသုံးချလို့ သူများနိုင်ငံကိုသွားပြီး
အလုပ်ကြမ်းမကလို့ ဘာအလုပ်ရရ ထွက်လုပ်ကြပါတော့တယ်.။
(တစ်ချို့အလုပ်တွေဆိုရင် ကို်ယ်အိမ်မှာသူများကို ကိုယ်ခိုင်းနေတဲ့အလုပ်ကို သူများဆီမှာကိုယ်သွားလုပ်နေရတာပါ)

ဒါပေမယ့်အပြင်ထွက်ဘယ်လောက်ဘဲအလုပ်ထွက်ရှာတဲ့ဦးရေများများ ပြည်တွင်းမှာလဲ အလုပ်လိုအပ်တဲ့လူငယ်ဦးရေကလဲ ရော့မသွားပါဘူး။
ခက်နေတာတစ်ခုကတော့ လူငယ်တွေမှာ အဆင့်မြင့်ပညာဖြစ်တဲ့ တက္ကသိုလ်ပညာကို သင်ကြားပြီးတဲ့အခါမှာ တကယ်တတ်ခဲ့တယ်ဘဲ ဖြစ်ဖြစ် မတတ်ဘူးဘဲဖြစ်ဖြစ် ကိုယ်သင်ယူခဲ့တဲ့ အတတ်ပညာနဲ့လုပ်ကိုင်စားသောက်ရတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က တစ်ခြားစီဖြစ်နေတာပါဘဲ။
သမိုင်းနဲ့ကျောင်းပြီးတယ် ပွဲရုံမှာ ကုန်စည်ဒိုင်ဆင်းတဲ့အလုပ်လုပ်ရတယ်။
ဓါတုဗေဒနဲ့ကျောင်းပြီးတယ် စာရင်းကိုင်လုပ်ရတယ်။
သချင်္ာနဲ့ကျောင်းပြီးတယ် အပြင်ကျုရှင်မှာ အင်္ဂလိပ်စာပြနေရတယ်။
မြန်မာစာနဲ့ကျောင်းပြီးတယ် ရုံးစာရေးလုပ်နေရတယ်ဆိုတဲ့ သင်ယူတဲ့ပညာမဆက်စပ်မိတော့ပါဘူး။
ဒီအခါမှာတော့ လူငယ်တွေစိတ်ထဲမှာ ပညာသင်ရတာကိုအလကားအလုပ်လို့ မှားယွင်းစွာထင်ကုန်တာပါဘဲ။
ဒီတော့လူငယ်တော်တော်များများက စာသင်ဘို့ထက် အလုပ်လုပ်ဘို့သာကြိုးပမ်းကြပါတော့တယ်။
ဒါပေမယ့် အခုခေတ်ကလေးများရဲ့အခက်အခဲကတော့ တကယ်ကိုကြိုးကြိုးစားစားနဲ့လုပ်ချင်ပါတယ်ဆိုတောင်မှာ
ဒီအလုပ်တစ်ခုရဘို့အတွက် ဘယ်လောက်ပေးရမလဲ ဘာလုပ်ရမှာလဲ ဘယ်မှာလဲ ဆိုတဲ့မေးခွန်းလေးကိုရင်ဆိုင်နေရတယ်
ဆိုတာကတော့ အမှန်ဘဲ။
ငွေရှာဘို့အတွက်ဆိုတာ အခုခေတ်မှာ အရင်းအနှီးလိုတယ်ဆိုတာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မှရယ်မဟုတ်ဘဲ သူများအလုပ်လုပ်ချင်တယ်ဆိုရင်တောင် အရင်းအနှီးရှိမှ
အလုပ်လုပ်ဘို့အဆင်ပြေနိုင်ပြန်ပါတယ်။
ဒီတော့ လည်း………………………………………………………………………………………………………….
မောင်သက်ထွေးမေးတဲ့ မေးခွန်းလေးကိုယ့် ဘာသာကိုပြန်ဖြေကြည့်တဲ့အခါမှာ
ကျနော့်တို့အဖေခေတ်က အလုပ်ရဘို့လွယ်တယ်။
ကျနော်တို့ခေတ်မှာ အလုပ်ရဘို့ မလွယ်ဘူး။
ကျနော်သားတွေခေတ်မှာအလုပ်ရဘို့တော်တော်ခက်တယ်။
ကျနော့်မြေးလက်ထက်မှာဆိုရင်…………………….? ? ? ? ? ? ? ?

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

16 comments

  • weiwei

    December 18, 2010 at 10:35 am

    တော်ရင် ရပါတယ် (ဆွေမျိုး) 😛

    Reply

  • ဆူး

    December 18, 2010 at 1:13 pm

    မောင်သက်ထွေးရေ စိတ်မပူနဲ့.. နောက်ဆို လုပ်ငန်းသေးသေးလေးတွေလည်း နေရာ ပျောက်လို့.. ကုမ္ပဏီကြီးတွေ အောက်ရောက်တော့မှာ.. အခု ကတည်းက ကြိုတင်ပြီး အလုပ်ဝင်လုပ်ထားရင် နောက်တချိန်ရာထူးကြီး တနေရာနဲ့ သူများ အထက်က ရှိနေနိုင်မှာပေါ့ကွယ်။

    Reply

  • naywoonni

    December 18, 2010 at 1:59 pm

    ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်နိုင်ရင်တော့ ဘယ်သူမှသိပ်မော့ ကြည့်နေစရာမလိုဘူးပေါ့ ဘယ်လိုနေရာမှာဘာလုပ်ငန်းလေးပဲ ဖြစ်ဖြစ်ပါ လုပ်ကြည့်ကြစေ့ချင်တယ်

    Reply

  • ဆူး

    December 18, 2010 at 2:33 pm

    လုပ်ငန်း အသေးစားတွေ အကြောင်း ဆွေးနွေးကြရင် ကောင်းမယ် ထင်တယ်။ ဗဟုသုတ နဲ့ အတွေးတွေထက်ပြီး အကြံရသွားကြအောင်..

    Reply

  • weiwei

    December 18, 2010 at 2:44 pm

    ဆွေးနွေးဖို့ စာမျက်နှာတစ်ခု ဖွင့်လိုက်လေ …
    ဝိုင်းဆွေးနွေးပေးပါ့မယ် ….

    Reply

  • ဆူး

    December 18, 2010 at 2:54 pm

    ပိုစ် အသစ် တင်လို့ မရပါဘူး။ ဖိုရမ်မှာ ဝိုင်းဆွေးနွေးကြရင် ကောင်းမလားဘဲ.. စိတ်ကူး ကိုယ်စီချရေးပေးကြရင် စဉ်းစားနေတဲ့ လူတွေ အတွက် အိုင်ဒီယာ တခု ရလေမလားလို့။

    Reply

  • paukpauk

    December 18, 2010 at 4:05 pm

    ယခုနှစ်ပိုင်းတွေမှာ ဆယ်တန်းအမှတ် အကောင်းဆုံးကျောင်းသားတွေဟာ ရေကြောင်းတက်ကသိုလ် လိုမျိုးတွေ သွားတက်ကြပြီး သင်္ဘောလိုက်သွားကြတာ တိုင်းပြည်အတွက် နစ်နာစေနိုင်ပါတယ်။
    ပြည်တွင်းမှာ လူတော်တွေ ကတိုင်းပြည် ရှေ့ရေးအတွက် ဦးဆောင်ဘို့ ရှိနေသင့်ပါတယ်။
    သမာဓိရှိတဲ့ ဥပဒေပညာရှင်တွေ အများကြီးလိုအပ်နေပါတယ်။

    Reply

  • bigcat

    December 18, 2010 at 4:54 pm

    ဖိုရမ်မှာ လုပ်ကြည့်လိုက်လေ။ အသစ်ဖြစ်သွားတာပေါ့။ ကိုကြောင်ကြီးက human resources နဲ့ကျောင်းပြီးထားတာ။ အနှိပ်ခန်းတို့ ညကလပ်တို့ဖွင့်ရင် လူသားအရင်းအမြစ်ကို ဘယလို အသုံးချရမလဲဆိုတာ စာတွေ့လက်တွေ့ ဆွေးနွေးနိုင်ပါတယ်။

    Reply

  • kopauk mandalay

    December 19, 2010 at 3:09 pm

    ကိုဖက်က အကြားအမြင်ဟောမယ်။
    ကိုပုနဲ့ကိုပေါက်က အလံရှုးလုပ်မယ်။
    ဒါဆိုရင်အိုကေဘဲ။
    ဒါလဲကိုယ်ပိုင်လုပ်ငန်းလေးဘဲ။
    ဟောခန်းရှေ့မှာ အသုတ်စုံဆိုင်ဖွင့်ခိုင်းမယ်။
    ဒါဆိုမိန်းကလေးတွေလဲ အလုပ်ရသွားတာပေါ့။

    Reply

  • unclegyi1974

    December 19, 2010 at 3:19 pm

    လုပ်ငန်းသေးသေးလေးတခုစလိုက်ပြီ ိကိုနီရေ
    ဟောဒီမှာကွမ်းဘီအက်စ်စီကွမ်းယာချိုမွှေးလေး

    Reply

  • ဆူး

    December 19, 2010 at 3:27 pm

    ဆူး ထရိတ်းဒင်း ကုမ္ပဏီမှ ကွမ်းအများအပြား ဝယ်ယူကာ ကွမ်းယာ အရောင်းဆိုင်ခန်းများအား ဆိုင်ကြီးများဖြင့် မကြာမီ ဖွင့်လှစ်ပါမည်။ ကိုယ်စားလှယ် ယူချင်သူများ ဆက်သွယ်ပါ။

    Reply

  • unclegyi1974

    December 19, 2010 at 4:24 pm

    ထူး မှားလို့ဆူး ရေ ကြိုတင်ငွေကောထုတ်ပေးအုန်း
    မှာလား ပေးရင်စာရင်နံပါတ်တစ်လို့မှတ်ထား
    လိုက်ပါ

    Reply

  • ဆူး

    December 19, 2010 at 4:39 pm

    ပထမဆုံး လုပ်ရမှာကတော့ ကြိုတင်ငွေ ပေးပါတယ် ရပြီးတာနဲ့ တပြိုင်နက်.. ကွမ်းယာဆိုင်အရေအတွက်ကို လေ့လာပါ။ ထို့နောက် အကြောင်းရှာ တိုင်တန်းပြီး ပိတ်ခိုင်းပါ။ နောက် အသစ်ဖွင့်တဲ့ ဆိုင်ခန်းမှာ လူတွေ မဖြစ်မနေ ဝယ်စားကြအောင် ဈေးကွက် ဝယ်လိုအား တောင်းတချက်ကို ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ ဒါပါဘဲ။
    ကဲ.. ဆက်လုပ်။

    Reply

  • weiwei

    December 19, 2010 at 4:43 pm

    ကွမ်းယာဆိုင်အရင်းအနှီးများလို့ တို့ဖူးသုတ်ပဲရောင်းတော့မယ် …
    ဘီအီး တို့ဖူးသုတ် ချဉ် ငံ စပ် လေး ရမယ် …. 😛

    Reply

  • ဆူး

    December 19, 2010 at 4:48 pm

    ဆူး ထရိတ်ဒင်းမှ ကုလားပဲများ တင်းသောင်းနဲ့ ချီ ဝယ်ယူပြီး တို့ဖူးများ စက်ရုံနဲ့ ထုတ်နေပါသည်။ အပြင် လက်တလော ဈေးကွက်တွက် ကုလားပဲ အရင်းအမြစ် မရသဖြင့် ဘီးအီး တို့ဖူးသုတ် စက်ရုံထုတ် တို့ဖူးများ ဝယ်ယူ ရောင်းချ နေရကြောင်း သတင်း ရရှိပါသည်။

    Reply

  • weiwei

    December 19, 2010 at 5:37 pm

    ဆူး ထရေးဒင်းနဲ့မပတ်သက်ချင်တော့လို့ တိုရှည်ပဲ လုပ်ရောင်းတော့မယ် …
    တိုရှည် ပူပူကြွပ်ကြွပ်လေးရမယ် …

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.