ဇာဂနာနှင့် နေဘုန်းလတ် ပူးတွဲဆုရရှိ ……..

doekalayDecember 14, 20101min04

ဇာဂနာနှင့် နေဘုန်းလတ် ပူးတွဲဆုရရှိ ……..

နိုင်ငံကျော် ဟာသ ပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့သည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF)၏ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံ ဘလော့ဂ်ဂါဆုကို ကြာသပတေးနေ့တွင် ပူးတွဲ ရရှိလိုက်သည်။

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့၍ ယခုဆုကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု RSF ၏ သတင်းစာ မျက်နှာများတွင် ဖော်ပြထားသည်။

ထောင်ထဲမှာပင် လူပြောများဖွယ် ပြက်လုံးများ ပြောကြားခဲ့သေးသည့် ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ်နှင့် ကိုနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂ဝ အသီးသီး ချမှတ်ထားသည်။

ကိုဇာဂနာကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညကပင် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်သို့ ပို့လိုက်သည်။

“ဆုရတာတောင် ဝမ်းသာတယ်ဆိုတာထက် မပျော်နိုင်တော့ပါဘူး။ အခုလို အဝေးကြီးကို ပို့လိုက်တော့ ကျမတို့ တမိသားစုလုံး စိတ်ဆင်းရဲနေရတယ်။ အခု အဲဒီကို ဘယ်လိုလိုက်ရမလဲပဲ စဉ်းစားနေရတယ်လေ။ သူနဲ့ တွေ့ဖြစ်ရင်တော့ သူ့ကို ဒီအကြောင်း ပြောပြမယ်။” ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောပြသွားသည်။

ဆုအဖြစ် ဘလော့ဂ်ဂါဆု ရုပ်တုနှင့် မြန်မာငွေ ကျပ်သိန်း ၄ဝ နီးပါးနှင့် ညီမျှသော ယူရိုငွေ ၂၅၀ဝ ကို အခမ်းအနားဖြင့် အီရန်နိုင်ငံမှ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ရှီရန် အဘာတီမှ ပေးအပ်မည် ဖြစ်သည်။

ကိုယ်တိုင် ဆု တက်ရောက် ယူနိုင်ခြင်း မရှိသော ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ ကိုယ်စား လန်ဒန်မှ မြန်မာ ပန်းချီဆရာ ကိုထိန်လင်းက တက်ရောက်ရယူမည် ဖြစ်သည်။

“အခုလိုဆုပေးတာမှာ အရေးအကြီးဆုံးကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက သူတို့ကြုံတွေ့နေရတာတွေကို အာရုံစိုက်မိဖို့နဲ့ သူတို့ဟာ အပြစ်မရှိဘူးဆိုတာကို ပြသလိုက်တာပါပဲ”ဟု RSF ၏ အာရှ ပစိဖိတ်ဒေသ တာဝန်ရှိ ပုဂ္ဂိုလ် ဗင်းဆင့် ဘရော့စ်ဝဲလ်က မဇ္ဈိမကို ပြောသည်။

အိုင်တီနည်းပညာသိချင်လို့ အင်တာနက်သုံးတာ အင်းစိန်ထောင်ကို ရောက်ခဲ့သည်ဆိုသော ကိုဇာဂနာ၏ ပြက်လုံးမှာ လူအများ ပါးစပ်ဖျား ရေပမ်းစားနေသည်။

ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက “ဒီလိုဆုရတဲ့ အတွက် ဝမ်းသာပါတယ်။ ဗင်းဆင့်နဲ့ တကွ ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက မြန်မာပြည်မှာ လူငယ်တွေကို အထင်မှားပြီးတော့ အပြစ်ပေး အရေးယူခံနေရတာကို ပေါ်လွင်စေတယ်။ အခုဆို ဒါကို ကမ္ဘာက အကုန်လုံး သိသွားတာပေါ့နော်။ နောက်ဒါက တယောက်ထဲကိုပေးတာဆိုပေမယ့် လူငယ်အများစုရဲ့ကိုယ်စား နေဘုန်းလတ်က ရတယ်လို့ပဲ ယူဆတယ်လေ။” ဟု မဇ္ဈိမကို ပြောသည်။

သားဖြစ်သူရောက်ရှိနေသော ကရင်ပြည်နယ် ဘားအံထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည့် အချိန်တွင် သားဖြစ်သူကို ဆုရသည့်အကြောင်း ပြောပြမည်ဟု သူက ဆက်ပြောသည်။

…………………………

..

4 comments

  • ဆူး

    December 14, 2010 at 3:59 pm

    ဒီအချိန်ဆို မြစ်ကြီးနားမှာ တော်တော် အေးမယ် ထင်တယ်။
    ကျန်းမာကြပါစေ။ အချုပ်အနှောင်တွေကလည်း အမြန်ဆုံး လွတ်ကြပါစေ။

    Reply

  • char too lan

    December 15, 2010 at 4:48 am

    မဖြစ်နိုင်ပေမယ့် ထပ်ဆုတောင်းပေလိုက်ပါတယ် ကိုယ် ရော စိတ်ပါကျန်းမာချမ်းသာပါစေလို့ ~~~ :'(

    Reply

  • unclegyi1974

    December 15, 2010 at 3:09 pm

    ဆုတောင်းတိုင်းသာပြည့်စေချင်ပါသည်….

    Reply

  • hello

    December 15, 2010 at 4:08 pm

    ကိုဇာဂနာ နှင့် ကိုနေဘုန်းလတ ်ကိုယ် ရော စိတ်ပါကျန်းမာချမ်းသာပါစေ ..

    Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.