ရွာသားတွေ အတွက် ငါးမွှေ

ဆူးDecember 7, 20101min011

နက်ဖြန် အလှူ အတွက် ဟင်းချက်နေရင်း သတိရတာနဲ့ ကောက်တင်လိုက်တာပါ။ ပုံကတော့ သိပ်မလှဘူး ဒယ်အိုးထဲမှာ ချက်တုန်း သတိရတာနဲ့ ကောက်တင်လိုက်တာပါ။
ငါးမြစ်ချင်း ၂ပိသာ ၅ဝသား ကို အလယ်ရိုးတွေ ထုတ်ပြီး အသားလွှာထားပါ။
ငရုတ်သီး ကြက်သွန်အဖြူ အနီ စပါးလင် ဂျင်း ငရုတ်ကောင်း လိုအပ်တယ်။

ကြက်သွန် အဖြူ အလုံးကြီး တလုံး နဲ့ အနီ ၃လုံး ခွာပြီး ဖြစ်သလို လှီးလိုက်ပါ။
စပါးလင် ၄တောင့် ကို အခွံခွာပြီး အတွင်းက အနုပိုင်းကို ယူပြီး ပါးပါးလှီးထားပါ။
ဂျင်း လက်တဆစ်ကို ခွံခွာ ပါးပါးလှီး
ငရုတ်ကောင်းကို မီးဖုတ်ပြီး ကြိတ်လိုက်ပါ။
ငရုတ်သီး ကိုတော့ အိမ်မှာက အနီအပွတွေ ဝယ်ပြီး ရေဆေး အစေ့ထုတ် ပြီး သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်ပြီး ရေခဲခဲပြီး သိမ်းထားတာ ဆိုတော့ မမှန်းတတ်ဘူး။ ထိုငရုတ်သီး ဖျော်ထားတဲ့ အရည် အကြမ်းပန်ကန်လုံး အသေးနဲ့ တလုံး စာကို ဖျော်ရည်ဖျော်စက်ထဲကို ထည့် စောစောက ကြက်သွန် အဖြူအနီ စပါးလင် ဂျင်း ငရုတ်ကောင်း တခါတည်း ရောထည့်ပြီး မွှေလိုက်ပါ။
ငရုတ်သီး နှင့် ရောနေသော အနှစ်ရည်များအား ဆီ ဒယ်အိုးထဲမှာ ဆူလာပြီ ဆိုလျှင် လောင်းထည့်ပြီး အနံ မွေးလာတဲ့ အထိ ချက်ပေးပါ။ မှတ်ချက်.. ငရုတ်သီး အနှစ်ရည်က ရေများနေလျှင် ကြာကြာချက်ရသည်။

အနှစ်များ မွေးလာပြီ ဆိုလျှင် ငါးအသားလွှာထားတာကို ထည့်ပြီး ဆီအနှစ် နှံအောင် မွေပြီး အပူရှိန်နဲ့ ခဏ ထားပြီး ခဏနေမှ ငါး အသားတွေ ကြားထဲမှာ အရိုးများ တချောင်းချင်းဆီ ထွက်လာတဲ့ အထိ မွေပေးပါ။ မွှေရင်းနဲ့ အရိုးများ တခါတည်း ကောက်ပေးလိုက်တာ ပိုကောင်းမည်။ ထို့ကြောင့် မီး အရှိန်ကိုလျော့ပြီး မွှေပါ။ မွှေရင်းနဲ့ ယခုကဲ့သို့ ပုံထဲက အတိုင်း ဖြစ်လာပါလိမ့်မယ်။

ထို့နောက်တွေကတော့ ခပ်ပြီးတော့ အားရပါးရ စားလို့ ရပါပြီ။

11 comments

  • weiwei

    December 7, 2010 at 10:12 am

    စားကောင်းမှာကတော့ အသေအချာပဲ …
    ပုံကြည့်ပြီး သွားရေကျသွားပါသည် …. 🙂 🙂

    Reply

  • weiwei

    December 7, 2010 at 10:30 am

    ဆန်လှော်မှုန့်နဲ့ ပဲမှုန့်အကျက်မှုန့်ဖျော်ပြီး ပွက်ပွက်ဆူအောင်တည်ထား .. ပြီးတော့ အဲဒီငါးမွှေနဲနဲယူပြီး ထည့်လိုက် … မုန့်ဟင်းခါးဖြစ်ရော … တခြား ကြက်ဥ ကြက်သွန် ငှက်ပျောအူတွေကတော့ ကြုံသလို ထည့်လိုက်ရုံပဲ …

    စားဖိုမှူးဆိုတော့ ဝါသနာအရ ဆက်ချက်လိုက်တာ … 🙂

    Reply

  • ဆူး

    December 7, 2010 at 10:33 am

    ဟီးဟီး.. အရင်စားလိုက်အုန်း.. မကုန်လို့ နောက်တနေ့ လွှတ်မပစ်ရအောင် အဲဒီလို ချက်ပလိုက်တယ်။ ဟီးဟီး.. တကိုယ်လုံးတော့ ဟင်းစော်တွေ နံနေတာဘဲ..

    Reply

  • naywoonni

    December 7, 2010 at 1:08 pm

    ချက်ထား
    ဆိုင်ဖွင့်ရင်ခေါ်မယ်
    သိလား

    Reply

  • ဆူး

    December 7, 2010 at 1:30 pm

    အဘနီ ဘာဆိုင်လဲ မုန့်ဟင်းခါးဆိုင်လား..

    Reply

  • ကြယ်လေး

    December 7, 2010 at 3:08 pm

    အရက် ဆိုင်

    အမြည်း ရောင်းဖို့တဲ့ 😛

    Reply

  • ဆူး

    December 7, 2010 at 3:59 pm

    ဆရာလေး မြည်းဖို့ ငါးကို အမွေးမနှုတ်ဘဲ မွှေပြီး ချက်ပေးမယ်။ အရက်ပြတ်သွားအောင်.. 🙂

    Reply

  • နေ ဘုန်းလျံ

    December 8, 2010 at 12:42 am

    ကိုအောင်ပုကို ချက်ပေးလိုက်ပါလားညနေစာ အမြည်း အဟီး စတာ ..။ကျွန်တော် က ၅မကြိုက်ဘူးဗျ..။

    Reply

  • bigcat

    December 8, 2010 at 2:59 am

    နောက်တခါ ငါးခေါင်းဟင်းချိုချက်နည်းလုပ်ပါဗျို့။ အလွယ်တကူ ငါးကင်ပုံကင်နည်းလည်း သိချင်တယ်။

    Reply

    • weiwei

      December 8, 2010 at 3:34 pm

      အလွယ်တကူ ငါးကင်ချင်ရင်တော့ ..
      ငါးတစ်ကောင်ကို အကြေးခွံချွတ် .. ဗိုက်ခွဲပြီး မလိုတာတွေထုတ်ပစ်လိုက် .. ပြီးတော့ ရေနဲ့စင်အောင်ဆေး ..
      ဗိုက်ကို ဓါးနဲ့ဟပ်လိုက်ပြီး အတွင်းကို အစာထည့်မယ် ..
      ကြက်သွန်အဖြူအနီဂျင်းနဲ့တရုတ်နံနံပင်ကို နှုတ်နှုတ်စင်းပြီး တရုတ်မဆလာနဲ့နယ်ပြီး ဗိုက်ထဲထည့်ရမယ် … ငါးကို ဆား ဆနွင်း ပဲငံပြာရည်အကြည်ရယ် တရုတ်မဆလာရယ်နဲ့နယ်ရမယ် ..
      အဲဒီအတိုင်း အနဲဆုံး တစ်နာရီလောက် ဒီအတိုင်းထားလိုက်မယ် …
      ပြီးတော့မှ ခဲစက္ကူနဲ့ပတ်ပြီး အကင်စက်ထဲထည့်ပြီး ကင်လိုက်ရင် စားလို့ရပြီ …

      ကျွန်မကတော့ အကင်စက်ဝယ်မထားတော့ မိုက်ခရိုဝေ့ထဲကိုပဲ ထည့်ကင်တယ် .. အကင်မဖြစ်ပဲ ငါးပေါင်းလိုဖြစ်သွားတယ် … ခဲစက္ကူတော့မိုက်ခရိုဝေ့မှာ သုံးလို့မရဘူး … တစ်ဘက်ကို ၁ဝ မိနစ်စီနဲ့ မိနစ် ၂ဝ ပေါင်းလိုက်တာပဲ … စားလို့တော့ဖြစ်သွားတယ် …

      Reply

  • april

    December 8, 2010 at 1:37 pm

    ဆူးက စာရေးတာတင် မဟုတ်ဘဲ ဟင်ချက်လည်း တယ်ကောင်းပါလာ… 🙂

    Reply

Leave a Reply

Your email address will not be published.