အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း

ၾကယ္ေလးDecember 5, 20101min05

ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက် ရေးဆိုင်ရာ သင်တန်းတွေမှာ ကာ ကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီး ကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါ ကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။

ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါ တယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံ တနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့် ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရား တွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါ တယ်။ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါ တယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ်ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အ ခါ VIP/ Close Protection နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါ တယ်။

လုပ်ကြံမှု သီအိုရီ

လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့ ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင် တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံ သူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject select ion)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် လေ့လာပါတယ် (surveillance)။ ပစ်မှတ်သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ဝန်းကျင်အနေအထားတွေကို သုံးသပ်ပါ တယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelli gence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။ ဒါတွေ အားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှုကို ပြုလုပ်ပါ တယ် (execution)။

ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခ ံရ နိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန် ယူထားသူများဟာ

(၁) ခေါင်းဆောင်ရဲ့ ဝန်းကျင်အခြေအနေကို သိရပါမယ်

(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်

(၃) အန္တရာယ် အဆင့်ကို သိရပါမယ် (အသက်အန္တရာယ်၊ ထိခိုက်အနာတရဖြစ်စေမှု အန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)

(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြားသတ်မှတ်ရပါမယ်

(၅) လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန် နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။

ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသော ခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close protect tion အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။

Close Protection အဖွဲ့

ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။

(၁) personal escort team

(၂) advance team

(၃) ယာဉ်မောင်းအဖွဲ့

(၄) mobile support team

(၅) Command team

(၁) personal escort team

ဒီအဖွဲ့ငယ်ဟာ အရေးပါ ပုဂိ္ဂိုလ်က နေရာ အေကနေ နေရာ ဘီကို သွားတဲ့အခါ နေရာ အေကို ပြန်ရောက်ချိန် အထိ အရေးပါ ပုဂိ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန် ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ ( tail), ဗယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။

ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ အရေးပါပုဂိ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊ မျက်စိရှင် ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါ ပုဂိ္ဂိုလ်အနီးမှာ အချိန်ပြည့် ရှိနေရမယ့် သူ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော် စောင့် ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဗယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ် ထည့်လိုက်ရင် ခြောက်ယောက်ဖြစ်ပါတယ်။ အရံလူတယောက်ပါ ထပ်ထည့်ပြီး များ သောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။

(၂) advance team

အရေးပါပုဂိ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ်ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့် ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲသွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ဝင်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စ တာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်ရောက်လာချိန်မှာ ဝန်းကျင်လုံခြုံရေး၊ လူအဝင်အထွက်အ ခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

(၃) ယာဉ်မောင်းအဖွဲ့

အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာ ပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါ မယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂိ္ဂုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ ဗယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုး တွေ လုပ်သင့်ပါတယ်။ ဒီလိုလုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍ က အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါပဲ ပါသ ယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလဲ ရှိတတ်တာကြောင့် ယာဉ် မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။

(၄) mobile support team

တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိ ပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။

(၅) Operation Commander and administrative team

ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေးလက်ထောက် များ ပါဝင်ပါတယ်။

Close Protection အဖွဲ့ဝင်

အရေးပါတဲ့ ပုဂိ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင် တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ် လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြား ကို ဝင်ထွက်သွားလာရမယ့် သူများဖြစ်ပါတယ်။ တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ဝတ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံ မှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။ သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည် ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂိ္ဂိုလ်ဟာ လူအများရဲ့ ဝန်းရံမှု ကို ခံနေရတဲ့ အခါ (သို့မဟုတ်) သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့ အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ်ဆိုရင် လူထုကို အေးဆေးစွာနဲ့ပဲ ဖယ်ရှားခိုင်းဖို့ ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။

နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအဝိုင်းမှာတော့ close protection အဖွဲ့ဝင်တ ယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

(၁) P- Personal

close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိ ရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာ တတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးစရာ ကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါ မယ်။

(၂) P- Physical

close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ် ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ဝတ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂိ္ဂုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။

(၃) S- Social

close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာလှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည် အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့် တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသော စကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကား ပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။ အရေးပါ တဲ့ ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေး တက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေး ပါ ဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။

(၄) S- Skills

ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင် သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး လှုပ် ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ် ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။

နိဂုံး

ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ် စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာ ဝန်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်းလိုအပ် ချက်မျာကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ VIP/ Close Protection နဲ့ ပတ်သက်ပြီး အ ခြား သိသင့်သိထိုက်တဲ့ venue protection ၊ foot protection ၊ motorcades prote ction၊ လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် အန္တရာယ်အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသား ဖော်ပြပါမည်။

ခင်မမမျိုး ရေးသား ထားခြင်း ဖြစ်ပါသည်။

www.naytthit.net

5 comments

  • moethidasoe

    December 5, 2010 at 7:05 am

    ကြယ်လေး .. ရေးထားတာ အားလုံးပြည့်စုံလုနီးပါးပဲ ဒါကြောင့် သက်တော်စောင့် ခန့်ဖို့ ဆုံးဖြတ်လိုက်ပြီ .. အိပ်ဖန်စောင့်တော့ မခန့်နိုင်ဘူး ..

    Reply

  • unclegyi1974

    December 5, 2010 at 4:06 pm

    အလွန်ကောင်းပါတယ်သာမန်လူတဦးသာ
    ဖြစ်တဲ့ဦး တို့ကတော့ဖတ်ရတာအတော်ကောင်းပါတယ်
    နောင်ဖြစ်ပေါ်လာမယ့်အလုပ်အကိုင်ကောင်း
    တခုလို့မြင်ပါတယ် လုံခြုံရေးအဖွဲ့တခုဖွဲ့ဖို့အကြံ
    ရပါတယ်
    ကြယ်လေး လဲအလုပ်လိုရင်ကြိုတင်လျှောက်ထား
    နိုင်ပါတယ်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2010 at 7:06 pm

    ဒါကတော့ ကျွန်ုပ်တို ့ရဲ ့လူထု ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ကာကွယ်ရန်
    နည်းလမ်းများဖြစ်ပြီး
    ဟိုဓာတ်ပုံထဲက ပီတု အချစ်အိုးကြီးကို ဘယ်လိုပေါ်ရမယ်ဆိုတာ
    နည်းလမ်းလေးများ မဆပါဦး ကိုပိုးစုန်းကြူးရဲ ့

    Reply

  • char too lan

    December 6, 2010 at 6:56 am

    အရမ်းကောင်းတယ် စိတ်ဝင်စားသွားပီ
    ကိုကြယ်လေးဆီမှာသင်တန်းတက်ပီး
    အန်ဒရယ်ကြီး (အဲမှားလို့) အန်ကယ်ကြီးဆီမှာ အလုပ်လျှောက်ရမယ် 😉

    Reply

  • etone

    December 6, 2010 at 9:51 am

    ကြယ်လေးရေ သိသာသိစေ မမြင်စေနဲ့တဲ့ဟ … တော်ကြာ ထောက်လှမ်းရေးတပ်က တစ်ယောက်လွတ်နေသေးတယ် မှတ်ပြီး…. 😀 😀 😀

    Reply

Leave a Reply

Your email address will not be published.