ရှင်မဟာသီလဝံသ (၁၄၅၃ – ၁၅၁၈) အတ္ထုပ္ပတ္တိ

manawphyulayDecember 1, 20101min01

အင်းဝခေတ် စာဆိုအမော် ရှင်မဟာသီလဝံသ ဖြစ်သည်။ ရှင်မဟာသီလဝံသသည် ပေလေးပင် ရှင်လေးပါးအဝင် ရဟန်းစာဆိုဖြစ်သည်။ ရှင်မဟာသီလဝံသသည် ခရစ်နှစ် ၁၄၅၃ ခုနှစ် (မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ်) ဖွားဖြစ်ပါသည်။ တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာသား ဇာတိဖြစ်၏။ အဖ ဦးကြည်၊ အမိ ဒေါ်ဒွေး ဖြစ်သည်။ ငယ်မည်မှာ မောင်ညိုဖြစ်သည်။
အရွယ်ရောက်သော် တောင်တွင်းကြီးမြို့ နတ်မီးလင်းဆရာထံတွင် ပညာသင်ကြားသည်။  ဆယ့်ငါးနှစ်သားတွင် သာမဏေဘောင်သို့ ရောက်၏။ အသက် နှစ်ဆယ်တွင် ရဟန်းပြုသည်။ အသက် သုံးဆယ့်ရှစ်တွင် `ပါရမီတော်ခန်းပျို့´ကို စတင်ရေးသားသည်။
အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်တွင် အင်းဝသို့ရောက်လာ၏။ မင်း၏ ကိုးကွယ်ခြင်းကို ခံရသည်။ မြန်မာသက္ကရာဇ် ၈၅၈ ခုတွင် `မင်္ဂလာစေတီတော် မော်ကွန်း`ကို ရေးသည်။ `ဆုတောင်းခန်းပျို့`ကို ရေးပြန်ရာ အင်းဝတွင် ထင်ရှားလာ၏။
ရှင်မဟာသီလဝံသသည် ပျို့ခုနစ်ပုဒ်၊ မော်ကွန်း လေးပုဒ်၊ ဆုံးမစာ လင်္ကာ သုံးပုဒ်၊ ဧကပိုဒ်ရတု သုံးပုဒ်၊ အဖြည့်ခံရတု တစ်ပုဒ်၊ ပိုဒ်စုံရတု နှစ်ပုဒ်၊ ကျောက်စာနှစ်ချပ်နှင့် `ပါရာယန` ဝတ္ထု၊ `ရာဇဝင်ကျော်`အပါအဝင် စကားပြေကျမ်း ငါးခုကို ရေးသားခဲ့သည်။ ပျို့အရာ၌ ထင်ရှား၏။ သဒ္ဒါတွင် `ရှင်မဟာကစ္စည်း`၊ ကဗျာတွင် ` ရှင်မဟာသီလဝံသ` ဟူသော ဆိုရိုးစကားပင် တွင်ခဲ့၏။
ရှင်မဟာသီလဝံသသည် သက်တော် ခြောက်ဆယ့်ငါးနှစ်၊ ရဟန်းဝါ လေးဆယ့်ငါးဝါတွင် ပျံလွန်တော်မူခဲ့လေသည်။

ခေတ်အဆက်ဆက်မှ ယခုတိုင် နာမည်ကြီး စာရေးသူများ ကိုယ်ရေးရာဇဝင်ကို ဆက်လက်တင်ပြသွားပါမည်။ ယခုတင်ပြသော အကြောင်းအရာများသည် မြန်မာဝတ္ထုအညွှန်းမှ ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

One comment

  • weiwei

    December 3, 2010 at 5:09 pm

    ငယ်ငယ်တုန်းက ကဗျာတွေကျက်ရတုန်းက သူတို့သာ မရေးခဲ့ရင် အခုလိုကျက်စရာလိုမှာမဟုတ်ဘူးလို့ တွေးမိဖူးတယ် ….

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.