ပြိုတယ်လေလားမိုးရဲ့ Falling Sky

falling sky

ပြိုတော့မဲ့မိုး

ချစ်သူက ပြောတယ်
ဘယ်တော့မှ မခွဲ
သေတပန် သက်တဆုံး
တမိုးအောက် တယောက်
ပိတောက်ဆို ပိတောက်တဲ့၊

ချစ်သူက နှစ်သိမ့်တယ်
ကိုကလွဲ ဖွဲနဲ့ဆန်ကွဲ
ရွှေငွေဒေါ်လာ မမက်
တူနှစ်ကိုယ် တဲအိုပျက်
မြေးမြစ်တွေ ထိတိုင်တဲ့၊

ချစ်သူက ကတိပေးတယ်
ဘယ်တော့မှ မရက်စက်
ကြားစကား မယုံနဲ့
သူ့အတွက်ကြောင့်
ကိုဘယ်တော့မှ မငိုရတဲ့၊

ချစ်သူက ရယ်တယ်
အစိုးရိမ်ကြီးလွန်းသူကြီး
မိုးပြိုမှ ပင်လယ်ရေခမ်းမှ
သူ့အချစ် ပျက်ပျယ်မယ်
ကမာ္ဘဆုံး ထိတိုင်တဲ့၊

အဲဒီနေ့ ညက
ကမာ္ဘဂြိုလ်ကို
ဥက္ကာပျံကြီးတစင်း
ဝင်တိုက်ခဲ့တယ်
မိုးပြိုပါရောလား။

Leave a Reply

Your email address will not be published.