First Eleven ဂျာနယ် နှစ်ပတ် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ …

အာဂNovember 24, 20101min05

First Eleven ဂျာနယ် နှစ်ပတ် အပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး First Eleven ဂျာနယ် Facebook မှ အယ်ဒီတာရဲ့ ဖြေရှင်းချက်။ ။

ကျွန်တော်တို့ First Eleven ဂျာနယ် က ဖော်ပြပါ မျက်နှာဖုံးကြောင့် နှစ်ပတ်အပိတ်ခံရတာပါ။



ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန်မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ ဒီမနက်ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဟုတ်ပါတယ်။ အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကို ဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။

ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့် တာဝန်တစ်ခု ပျက်ကွက်ရတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ First Eleven Sports Journal ဟာ ကျွန်တော်တို့ရဲ့ဘဝပါ။ Eleven Media Group ရဲ့အစဟာ First Eleven Sports Journal ပါ။ First Eleven ဆိုတာသာမရှိခဲ့ရင် Weekly Eleven ၊ Premier Eleven ၊Bi Weekly Eleven ဆိုတာတွေလည်း ရှိလာမှာမဟုတ်ပါဘူး။ First Eleven ဂျာနယ် စတင်ထုတ်ဝေစဉ်ကာလတွေက အခုလို ဝန်ထမ်းတွေအများကြီးလည်း မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ CEO ကိုယ်တိုင် တစ်နေ့(၃၊ ၄)နာရီပဲအိပ်ပြီး အပြည့်အဝ အာရုံစိုက် အလုပ်လုပ်ခဲ့တာပါ။ တစ်ပတ်(၇)ရက်လုံး နားရက်မရှိ လုပ်ခဲ့သလို၊ အခု မီဒီယာသက်တမ်း (၁၁)နှစ်အထိ ကျွန်တော်တို့ ရုံးပိတ်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ကုန်ကုန်ပြောရရင် နာဂစ်ဖြစ်တုန်းက မီးမရှိ၊ ရေမရှိ၊ အစားအသောက် ဝယ်စားစရာဆိုင်မရှိ၊ တစ်ရုံးလုံးလည်းပျက်စီး၊ ဘာဆိုဘာမှမရှိတဲ့ အခြေအနေမှာတောင် ပုံမှန်ထွက်ရမယ့်ဂျာနယ်ကို ပုံမှန်အတိုင်းထွက်အောင် ရတဲ့နည်းနဲ့ရသလို လုပ်ခဲ့ကြတာပါ။ အခုနောက်ပိုင်းမှ စာပေစိစစ်ရေးက အစိုးရရုံးပိတ်ရက်တွေရှိလို့ သင်္ကြန်ရက်မှာ ဂျာနယ်ထုတ်ခွင့်မရလို့ နားရတာပဲရှိပါတယ်။ ဒါတောင် သင်္ကြန်တွင်းမှာ ရုံးလုံးဝမပိတ်ပါဘူး။ ပုံမှန်အလုပ်တွေ လုပ်မြဲပါပဲ။

အခုကိစ္စမှာ First Eleven မျက်မှာဖုံးမှာပါတဲ့ စာသားတွေနဲ့ ပတ်သက်ပြီး တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းက သူဘာကြောင့် ဒီလိုရေးတယ်ဆိုတာ ရိုးရိုးသားသား ဝန်ခံပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ Eleven Media အနေနဲ့ ဒါမျိုးတော့ လုပ်လေ့မရှိပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုဟာ Eleven Media ရဲ့မူဝါဒစည်းကမ်းနဲ့ လွဲချော်မှု ရှိခဲ့ပေမယ့် သူ ဘယ်လိုလူမျိုးဆိုတာ ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ သတင်းသွားယူစဉ်က သူတင်ပြတာတွေကို ဖတ်ဖူးသူတိုင်းသိပါတယ်။ သူကျွန်တော်တို့ဆီမှာ လုပ်သက်(၈)နှစ်ကျော်ပါပြီ။ အဲဒီရက်ပိုင်းမှာ အပြင်မှာဖြစ်ပျက်နေတဲ့ သတင်းအခြေအနေတွေအရ သူ့မှာ Emotion တွေ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်။ သူပြောတာက” အဲဒီတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို ဆန်းဒါးလန်းက အဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့နိုင်တယ်။ ဒါဟာ အံ့အားသင့်စရာ ရလဒ်ဆိုတာ ပရိသတ်တိုင်းသိတယ်။ အဲဒီလိုပဲ မန်ယူကလည်း ဗီလာကို (၂)ဂိုးရှုံးနေရာကနေ လိုက်ကစားပြီး သရေကျခဲ့တယ်။ အာဆင်နယ်ကျတော့ ခက်ခက်ခဲခဲ ကစားရမယ်လို့ထင်တဲ့ အဲဗာတန်ကို အလွယ်တကူပဲ အဝေးကွင်းမှာ အနိုင်ယူခဲ့တယ်။ ဒါကြောင့် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ဒီအသင်းတွေရဲ့ရလဒ်ကို cover မှာတင်ဖို့ ခေါင်းစဉ်စာသားတွေ ချရေးခဲ့တယ်။ အသင်းတွေရဲ့အမည်စာသားတွေက ထူးခြားနေလို့ စာသားတွေကို အရောင်လေးတွေ ခွဲကြည့်လိုက်မိတယ်။ အဲဒီမှာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်နေတာကိုတွေ့ရတယ်။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိသလို၊ ဘာလှုံ့ဆော်မှုမှလည်း မပါပါဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုတာ ဂျာနယ်အသီးသီးမှာ ဖော်ပြထားသလို၊ စိစစ်ရေးက ခွင့်ပြုတာကိုလည်းသိရတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အားလုံးညီညီညွတ်ညွတ် ရှိကြဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။ ၂၀၁ဝ ကမ္ဘာ့ဖလားပွဲကို တောင်အာဖရိကမှာ သတင်းသွားယူတုန်းက သူတို့နိုင်ငံရဲ့တိုးတက်မှုတွေက အားကျစရာပါ။ အရင်တုန်းက အသားအရောင် ခွဲခြားမှုတွေရှိခဲ့တဲ့ တောင်အာဖရိ ကနိုင်ငံဟာ လူဖြူ၊ လူမည်း သွေးစည်းညီညွတ်မှုနဲ့ နိုင်ငံတိုးတက်အောင် အတူတကွလုပ်ဆောင်နေတာ ကျွန်တော်တို့ နမူနာယူစရာဖြစ်နေပါတယ်။ သူတို့လို အသားအရောင် လူမျိုးမတူတဲ့သူတွေတောင် သွေးစည်းညီညွတ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ မြန်မာနိုင်ငံသားတွေအားလုံး ဘာလို့မညီညွတ်နိုင်ရမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံး ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ရဲ့မျော်လင့်ချက်တွေ ပြည့်ဝစေလိုတဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ ကျွန်တော့်မှာ မကောင်းတဲ့ အကြံအစည် ရည်ရွယ်ချက်မရှိသလို၊ ဘာနိုင်ငံရေးလှုံ့ ဆော်မှုမှလည်းမပါပါဘူး”လို့ ပြောပါတယ်။ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လိုက်လည်းလိုက်နာခဲ့ပါတယ်။ စည်းကမ်းဘောင်အတွင်းကပဲ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမယ့် အခုလို အပြောင်းအလဲကာလတစ်ခုမှာ First Eleven ပိတ်ခံရတာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ ဂျာနယ်အတွက်ပဲ မဟုတ်ပါဘူး။ စိစစ်ရေးက အခုလိုဂျာနယ်(၉)စောင်ပိတ်တာဟာ မြန်မာမီဒီယာ လောကတစ်ခုလုံး နောက်ပြန်သွားသလို ဖြစ်ရတဲ့အတွက်ကြောင့်ပါ။

ဒီစိတ်မကောင်း ဝမ်းနည်းမှုနဲ့အတူ လွန်ခဲ့တဲ့ (၇)နှစ် အကြာ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့ကိုလည်း မျက်စိထဲပြန်မြင်လာမိပါတယ်။ အဲဒီတုန်းကလည်း အခုလိုပါပဲ။ ကျွန်တော်တို့ Eleven ရဲ့ ဖြတ်သန်းလာတဲ့ကာလ တစ်လျှောက် တစ်ပတ်(၇)ရက်အလုပ်လုပ်ပြီး လုံးဝရုံးမပိတ်ခဲ့ဖူးတဲ့ ရုံးခန်းတံခါး(၂)ရက်တိတိ အပိတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ(၁၇)ရက်ကနေ (၁၉)ရက်နေ့ အထိ ရုံးခန်းတံခါး ချိပ်ပိတ်ခံခဲ့ရတာပါ။ (ဒီဖြစ်ရပ်မတိုင်ခင် တစ်ပတ်အလိုမှာ ဂျာနယ်တစ်ပတ် အပိတ်ခံခဲ့ရပါတယ်)။ ဥပဒေရဲ့ အထက်မှာ ရောက်ရှိခဲ့တဲ့အဖွဲ့အစည်းဖြစ်လို့ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ တပ်မတော်ထောက်လှမ်းရေးက အဲဒီတုန်းက ကျွန်တော်တို့ရုံးကို နာရီပေါင်းများစွာ ဝင်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ ဘာမှလည်းရှာမတွေ့သွားပါဘူး။ ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှလည်းရှိမှမရှိတာ။ ဒါပေမယ့် ကျွန်တော်တို့ CEOအပါအဝင် အယ်ဒီတာ(၅)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ ဘာအပြစ်မှမရှိတဲ့အတွက် (၂)ရက်အကြာမှာ CEO ပြန်လွတ်လာသလို၊ ကျန်တဲ့သူတွေလည်း ပြန်လွတ်လာပေမယ့် အယ်ဒီတာ တစ်ယောက်ကတော့ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်။ (နောက် တစ်နှစ်ခွဲကြာမှ ပြန်လွတ်ခဲ့ပါတယ်)။ သူလည်းဘာအပြစ်မှမရှိပါဘူး။

အဲဒီတော့ဗျာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့မှာ အခြားဘာရည်ရွယ်ချက်မှမရှိဘူး။ ကျွန်တော်တို့က တိုင်းပြည်ကိုချစ်တယ်။ တိုင်းပြည် တိုးတက်စေချင်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ အမှန်ကိုအမှန်အတိုင်း ဖြစ်စေချင်တယ်။ အမှားကိုဘယ်တော့မှ အမှန်မလုပ်ဘူး။ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့မူဝါဒက အဲဒါပါပဲ။ အရင်ကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ။ နောင်လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ဘယ်တော့မှ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည် လုပ်ဆောင်မှုတွေကို ထင်ရာမြင်ရာတွေနဲ့ လိုရာဆွဲပြီး ချောက်တွန်းတာတွေလည်း မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကလည်း ဘာအခက်အခဲပဲတွေ့တွေ့ ဘာအနှောက်အယှက်ပဲ တွေ့တွေ့ မပြောင်းလဲပါဘူး။

ဝေဖြိုး :တာဝန်ခံအယ်ဒီတာ ၊ Eleven Media Group

5 comments

  • mG

    November 24, 2010 at 12:20 pm

    ဒါဟာ တကယ် တကယ့်ကို စဉ်းစားရမှာပါပဲ။First Eleven ကတကယ်ရည်ညွှန်းချင်တာလား။သူ့အလိုလို အလိုတော်ကျ ဖြစ်သွားတာလားဆိုတာကိုစဉ်းစားရမယ်………..။ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုလေးတင်ပြထားတာကိုတော့ အပိတ်ခံရတယ်ဆိုတာကို မဖြစ်သင့်ဘူးဗျ။ဒီမိုကရေစီ လမ်းစဉ်ကို ဦးတည်ပြီးတော့လျှောက်လှမ်းနေတယ်ဆို……..
    ဘာတွေလည်းကွာ…..။မင်းတို့တွေပဲပြော…မင်းတို့တွေပဲလုပ်နေတာပဲ (နအဖ)။မင်းတို့တွေ ဘာမှလုပ်ပိုင်ခွင့်မပေးနိုင်ဘူး ဆိုရင်တောင်မှ Media ကိုတော့ လွတ်လပ်ခွင့်ပေးသင့်တယ်လို့မြင်မိပါတယ်။

    Reply

  • intro

    November 24, 2010 at 12:28 pm

    စိတ်မကောင်းပါဘူး Eleven၊ ဒါပေမယ့် အမြဲတမ်း အမာခံ ပရိသတ်တစ်ယောက်အနေနဲ့ ရှိနေမှာပါ…

    Reply

  • paukpauk

    November 24, 2010 at 12:41 pm

    အပြစ်မလုပ်သူကတရားခံဖြစ်။
    အပြစ်ရှိသူက တရားလိုလုပ်နေတဲ့ခေတ်မှာ ..
    ဒီလိုပဲ ရင်ဆိုင်နေရဦးမှာပဲ။
    တောင့်ထား EMG။

    Reply

  • kai

    November 24, 2010 at 7:47 pm

    အခုလိုဖြစ်တဲ့အတွက်ဝမ်းနည်းမိပါတယ်..။ငွေကြေးအရ … သိန်းရာချီနစ်နာမယ်လို့လဲ ..ထင်မိပါတယ်..။
    ယူအက်စ်မှာဆိုရင်တော့ .. ပိတ်တဲ့အဖွဲ ့အစည်းကိုတရားစွဲပြီး..နစ်နာမှုတွေကို ..အလျှော်ပြန်တောင်းမှာပါပဲ..။

    မဖြစ်နိုင်သေးခင်မှာ…လက်တွေ့ကျကျပြောရရင်တော့ ..
    နောင်ထွက်လာမဲ့…အီလဲဗန်းကထုတ်ဝေတဲ့… စာစောင်တွေကို … စာဖတ်သူလူထုက .. သာမန်ထက်ပိုမိုအာပေးဝယ်ကြပါလို့.. တိုက်တွန်းအပ်ပါကြောင်း…။

    Reply

  • I'm new member

    November 25, 2010 at 4:19 am

    ငါမကောင်းလျှင်ငါ့ကိုရေး ငါ့မိဖုရားမကောင်းလျှင်ငါ့မိဖုရားကိုရေး …

    အဲ့လို စိတ်ဓါတ် မျိုးရှိတဲ့ နိုင်ငံအကြီးအကဲမျိုးကို

    ပြည်သူတွေစိတ်ကြိုက်ရွေးချယ် ခွင့် ရှိရင် ဘယ်လောက်ကောင်း

    လိုက်မလဲဗျာ.. အခုတော့ဗျာ ကျွန်တော်တို.ဘဝ က ပေးကာပေး၏ မရ

    ကျွန်တော်တို.ဘယ်လိုပဲပေးခဲ့ ပေးခဲ့ နောက်ဆုံးတော့လည်း ၈၀% နဲ.

    အနိုင်ယူသွားတာပါဘဲဗျာ …

    Reply

Leave a Reply to I'm new member Cancel Reply

Your email address will not be published.