မှန်လား မှားလား အသေအချာစဉ်းစား

manawphyulayNovember 21, 20101min03

(ဒီနေ့တော့ ဆရာတော် ဦးဇောတိကရဲ့ ဘာကိုတန်ဖိုးထားရမလဲ စာအုပ်ထဲက ကာလမ သုတ်ကို ဝေမျှလိုက်ပါတယ်။)
ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘဝ ကိုယ်နေသွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှန်တယ်လို့ သိလိုက်တဲ့ အချိန်ကျမှသာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။

ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ်ဆိုတာကို သွားသတိရတယ်။ ကာလာမသုတ်မှာ မြတ်စွာ ဘုရားက

“မာ အနုဿဝေန” ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံးဖြတ်ပါနဲ့တဲ့။

“မာ ပရမ္ပရာယ” ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

“မာ တက္ကဟေတု” တက္ကနည်းတွေနဲ့ အကျိုးကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့ မယူဆပါနဲ့။

“မာ နယဟေတု” နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့ ရလာတဲ့ အဖြေနဲ့လည်း အမှန်တယ်လို့ မယူဆပါနဲ့တဲ့။

“မာ ဘဗ္ဗရူပတာယ” ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ သူပြောတာ မှန်တယ်လို့လည်း မယူဆပါနဲ့တဲ့။

“မာ ပိဋကသမ္ပဒါဒေန” ပိဋကစာပေနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ မယူဆပါနဲ့တဲ့။

“မာ သာမဏော နောဂရူတိ” ဒီရဟန်းဟာ တို့ရဲ့ ဆရာပဲ၊ ဒါကြောင့် သူပြောတာ မှန်တယ် လို့ပဲ လက်ခံရမှာပဲ လို့ဆိုပြီး မှန်တယ်လို့ လက်မခံပါနဲ့။

ဒီနေရာမှာ သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်တယ်။

ဒါကြောင့် အဲဒီသုတ်ထဲမှာပဲ မြတ်စွာဘုရားက ကိုယ်ကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့ အကျိုးရှိရင် လုပ်ပါတဲ့။ ကိုယ်တွေ့ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာကို အင်မတန် ဦးစားပေးတဲ့ မြတ်စွာဘုရားဖြစ်တယ်။ ဘာလို့တုန်းဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ မသိပဲ ယုံကြည်နေရုံ သက်သက်ဟာ သိပ်ခရီးမရောက်ဘူး၊ မနက်နဲဘူး။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့၊ ကိုယ်တိုင် ဆုံးဖြတ်ဖို့၊ ကိုယ်တိုင် ရွေးချယ်ဖို့ ဆိုတာဟာ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အင်မတန် အရေးကြီးတဲ့ အဆုံးအမဖြစ်နေတယ်။ သိပ်ပြီး မှတ်သားလိုက်နာဖို့ အလွန်ကောင်းတဲ့အချက်တွေဖြစ်ပါတယ်။ လိုက်လည်း လိုက်နာသင့်တယ်လို့ မနောတော့ မြင်မိပါတယ်။

3 comments

  • bigcat

    November 22, 2010 at 2:34 am

    မနောရဲ့ ဝေမျှချက်လေးကို ဖတ်ရလို့ သာဓုခေါ်ပါတယ်။ ဗုဒ္ဓဟောခဲ့တဲ့ အမှန်သစ္စာကို ရှာဖွေတဲ့အခါ ဦးနှောက်နဲ့ မစဉ်းစားဘဲ နှလုံးသားနဲ့ ရင်းပြီးရှာဖို့ လိုပါတယ်။ လက်တွေ့ ကျင့်ကြံအားထုတ် ရပါမယ်။ မြတ်စွာဘုရား လေးအသင်္ချေနဲ့ကမာ္ဘတသိန်း ပါရမီဖြည့်ခဲ့၊ ခြောက်နှစ်တိုင်တိုင် ဒုက္ခစရိယာ ကျင့်ပြီးမှ ရခဲ့တဲ့ အသိကို စဉ်းစားတွေးခေါ်ရုံမျှနဲ့ ရမယ်ဆိုရင် ဘုရားရှင်ကို ပျက်ရယ်ပြုသလို ဖြစ်နေနိုင်တာမို့ မိမိသန်ရာ နီးစပ်ရာ ကမ္မဌာန်း နည်းနိသယများအတိုင်း အားထုတ်သင့်ပါတယ်လို့ ဖြည့်စွက် မှတ်ချက်ပြုပါရစေ။

    Reply

  • ကိုယ့်မိဘကဗုဒ္ဓ ဘာသာ၊ဒါကြောင့်ကိုယ် ကိုးကွယ်တာဗုဒ္ဓဘာသာလို့ ဆိုပေမယ့် ၊ ကိုယ်သိခဲ့ တွေ့ခဲ့ရတဲ့ အတွေ့ အကြေုံအရ ဗုဒ္ဓဘာသာကိုအရမ်းပဲသက်ဝင်ယုံကြည်မိတယ်။ “ဘုရားမှတပါးကိုးကွယ်ရာမရှိပါ”

    Reply

    • manawphyulay

      June 5, 2012 at 3:27 pm

      ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့အတွေး မနော ရင်ထဲမှာ အမြဲဖြစ်ပေါ်နေပါတယ်။

      Reply

Leave a Reply to My name is Yu Yu Thwel.I was born in Yangon since 1983.Now I live in Yangon as a Shwe Pyi Thar Township. Cancel Reply

Your email address will not be published.