ကျေးဇူးတရားပေးကမ်းပါ

စေနNovember 12, 20101min01

အမေရိကန်က စီးပွားရေးလုပ်ငန်းရှင် Steeleဟာ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ (၁ဝ)နှစ်ကျော်အတွင်းမှာ ကူညီထောက်ပံ့ခံရသူတွေရဲ့ မေတ္တာကို သူရခဲ့သလို အစိုးရပေးအပ်တဲ့ ပရဟိတဒါနရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ ရခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ခရစ္စမအချိန်အခါဟာ Steeleမိခင် အလုပ်ရှုပ်တဲ့အချိန်ဖြစ်တယ်။ မိခင်နာမည်က Vidya လို့ခေါ်တယ်။ ခရစ္စမရောက်တဲ့နေ့မှာ Vidyaဟာ မနက်မိုးလင်းချိန်ကစ ညနေထမင်းစားချိန်ထိ လူတွေပေးပို့လာတဲ့ လက်ဆောင်တွေကို လက်ခံရပါတယ်။ သူလက်ခံရတဲ့ လက်ဆောင်အများစုက ကြက်ဆင်တွေဖြစ်တယ်။

ကုမ္ပဏီနဲ့ ပရဟိတလုပ်ငန်းကြား အလုပ်များခဲ့တဲ့ Steeleဟာ ဒီလိုနေ့ထူးနေ့မြတ်မှာမှ အိမ်မှာအနားယူရပါတယ်။ လက်ဆောင်တွေလက်ခံရင်း အလုပ်များနေတဲ့ မိခင်ကိုကြည့်ပြီး Steeleက နားမလည်ဟန်နဲ့ “မေမေ… မေမေ ဒါဘာလုပ်နေတာလဲ? ဒီကြက်ဆင်တွေက ဆင်းရဲသားတွေကို ဝေငှာပေးဖို့ အလုပ်ကလူတွေကို သားမှာခဲ့တာလေ။ သားတို့အိမ်မှာ ပြည့်စုံနေပြီပဲ မေမေ။ ဘာဖြစ်လို့ ဒီကြက်ဆင်တွေကို လက်ခံရသေးတာလဲ?” လို့မေးတယ်။

မိခင် Vidyaက သားအမေးကို ဂရုမစိုက်ဘဲ လူတွေလာရောက်ပို့သတဲ့ လက်ဆောင်တွေကို လက်ခံနေခဲ့တယ်။ ပါးစပ်ကလည်း “သိပ်ကျေးဇူးတင်တာပဲ။ ဈေးထဲ ကြက်ဆင်သွားဝယ်ပေးတဲ့လူမရှိလို့ ကျွန်မစိတ်ညစ်နေတာ။ အခုလို ကြက်ဆင်ပေးပို့လာတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကျွန်မနဲ့ Steeleအတွက် ညစာလုံလောက်သွားပါပြီ”လို့ ပြောနေခဲ့တယ်။ ညနေထိ လက်ဆောင်လက်ခံပြီးချိန်ရောက်မှ မိခင် Vidyaဟာ သားဖက်လှည့်ပြီး စကားပြောတော့တယ်။

တစ်အိမ်လုံးပြည့်နေတဲ့ ကြက်ဆင်တွေကို ငေးကြည့်နေတဲ့သားကို Vidyaက “သား.. Steele… သားဟာ ပရဟိတလုပ်ငန်းရှင်ဆိုတာ မေမေသိတယ်။ သူတို့အတွက် ပစ္စည်းတွေကို သားပေးကမ်းမှန်း မေမေသိတယ်။ မေမေလည်း ပရဟိတလုပ်ငန်းရှင် တစ်ယောက်ပဲလေ။ သူတို့အတွက် မေမေလည်း လုပ်ပေးနိုင်တာ လုပ်ပေးသင့်တာပေါ့”

မိခင်ရဲ့စကားကို သူနားမလည်ခဲ့ဘူး။

“မေမေ… မေမေ့လို ပရဟိတလုပ်ငန်းရှင် ရှိမယ်မထင်ဘူး။ သားပေးကမ်းလိုက်တဲ့ ပစ္စည်းတွေကို မေမေကပြန်လက်ခံနေတယ်။ သားကို အလုပ်ရှုပ်အောင် မေမေလုပ်နေတာ မဟုတ်လား?”

“မဟုတ်ဘူး သား.. သားပြောတာ မဟုတ်သေးဘူး။ မေမေရဲ့ပရဟိတနဲ့ သားရဲ့ပရဟိတက အတူတူပဲ။ လူတွေကို သားပေးကမ်းလိုက်တာက ပစ္စည်းဥစ္စာတွေ၊ မေမေပေးကမ်းလိုက်တာက ကျေးဇူးတရားတွေ။ ဆင်းရဲသားပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက တခြားသူကို ကူညီချင်တဲ့ ဆန္ဒရှိကြတယ်။ သားက ပစ္စည်းဥစ္စာတွေကို ပေးကမ်းတယ်၊ ကျေးဇူးတွေကို ပြန်ရတယ်။ မေမေက ကျေးဇူးတရားကို ပေးကမ်းတယ်၊ ပစ္စည်းဥစ္စာတွေကို ပြန်ရတယ်။ လူတွေကို မေမေတို့တန်းတူ ကူညီလိုက်တာပဲ မဟုတ်လား သား?”

မိခင်ရဲ့စကားကို Steele နားလည်လိုက်တယ်။ မိခင်ရဲ့စေတနာကို သူသဘောပေါက်လိုက်တယ်။ မိခင်ကမှ တကယ့် ပရဟိတလုပ်ငန်းရှင်၊ သူက ငွေကြေးရှိတဲ့ စီးပွားလုပ်ငန်းရှင်လိုု့ သူထင်တယ်။ ပရဟိတလုပ်ငန်းရှင်ဆိုတာ လူတွေကို ပစ္စည်းဥစ္စာ စွန့်ကြဲပေးကမ်းသလို ကျေးဇူးတရားတွေလည်း ပေးကမ်းဖို့လိုသေးကြောင်း သူနားလည်လိုက်လို့ဖြစ်တယ်။

ရေးသားသူ– Shen Xiang

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

One comment

  • Alexkanary

    November 13, 2010 at 9:24 am

    cool . . yes ..I love it and I love your picture. . cool.

    Reply

Leave a Reply to Alexkanary Cancel Reply

Your email address will not be published.