အဖြူနဲ့ အမဲ

ဆူးNovember 11, 20101min019

လွန်ခဲ့တဲ့ ၃နှစ်လောက်က မှတ်မှတ်ရရ ဆရာတော် တပါးကို သပိတ်လှူတဲ့ အကြောင်းလေးပါ။ ထို ဆရာတော် ကို စပြိး သိခါစ တုန်းက သပိတ်လှူချင် စိတ်ဖြစ်မိတာနဲ့ သပိတ်တလုံး ဝယ်ပြီး လှူမယ်လုပ်တော့ အနီး အနားက ဒကာတွေက ဝိုင်းပြောကြတယ်။
*ဆရာတော်က အကောင်းသုံးတာ နင်လှူတဲ့ အညံ သုံးမှာ မဟုတ်ဘူး လှူတယ် ဆိုတာ လိုအပ်တာ လှူရတယ်။ နင်လှူတာ မလိုအပ်တာ ဆိုရင် အလှူခံရလည်း ဘုန်းကြီးကျောင်းမှာ ဒီတိုင်း အပိုဖြစ်နေမယ်။ တခြား လိုအပ်တာ လှူပါလား။*
စိတ်ထဲမှာတော့ သပိတ်ကိုဘဲ လှူချင်စိတ် ရှိတယ်။ နောက် ဒကာ တယောက်က
*အခု ဆရာတော် သုံးနေတဲ့ သပိတ်က ဆရာတော် စာသင်သား ဘဝတုန်းက သူကို ဒကာမ တယောက်က ဆင်းဆင်းရဲရဲနဲ့ ပိုက်ဆံ စုပြီး စတီးသပိတ် ဝယ်လှူထားတာ ဆရာတော်က အဲဒီ စတီး သပိတ်ဘဲ သုံးတယ် နင် လှူလည်း အပိုဘဲ*
အမှန်တော့ စတီး သပိတ်တလုံး ထိုအချိန် ပေါက်ဈေး ၆၀၀၀ဝ ခြောက်သောင်း လောက် ရှိတာ ကျောင်းသူ တယောက် မုန့်ဖိုးနဲ့ ဘယ်လိုလုပ်ဝယ်နိုင်ပါ့မလဲ.. ၆၀၀ဝ ခြောက်ထောင်တန် သပိတ်တလုံး ဝယ်ပြီး သူများတွေ ကန့်ကွက်တဲ့ ကြားက ဝယ်ပြီး လှူလိုက်မယ်လို့ ခေါင်းမာမာနဲ့ ဝယ်ပြီး လာတယ်။ ၆ထောင်တန် သပိတ် ဆိုတာတော့ သံသပိတ်ပါ။ စတီးကတော့ တသက်လုံး သုံးလို့ရနိုင်ချင် ရနိုင်မယ် သံကတော့ ၁ဝနှစ် အသာလေး သုံးလို့ရပါတယ် အဲဒီလို ပြောတဲ့ ဆိုင်က အရောင်းဝန်ထမ်း စကားသံကို ကြားပြီး ဝယ်လာတာပါ။
ဘုန်းကြီးကျောင်း အသွား လမ်းမှာလည်း ဘေးက မီးထိုးနေတယ်..
*မဟုတ်တာက စပြီး လုပ်တယ်.. သပိတ်မလိုတာကို သပိတ်လှူဖို့ လုပ်နေတယ် တခြား လိုအပ်တာ လှူပါလား။ လှူတယ်ဆိုတာ လိုတာ လှူမှ အဖိုးတန်မှာပေါ့။ လှူပြီး အသုံးမကျတော့ ဘာလုပ်မှာလဲ*
စသဖြင့် အနားမှာ ပြောနေတဲ့ အသံများ ခေါင်းထဲ ဝင်လာပြီး စိတ်ထဲ ကသိကအောင်နဲ့.. အလှူခင်ဖြစ်တဲ့ သဒ္ဒါစိတ်တောင် မဖြစ်နိုင်ဘူး စိတ်အားငယ်နေသလို ခံစားရတယ်။ လှူပြီး အသုံးမကျလို့ မသုံးဘဲ တခြား ဦးဇင်းတွေ စွန့်လိုက်ရင်တောင် ကုသိုလ် အတိုးတောင် ရသေးတာပေါ့လို့ တွေးပြီး နေပေမဲ့ စိတ်ထဲမှာ မဖြောင့်ဘူး။
စိတ်ထဲမှာ တွေးမိတယ်.. လှူရင် ကုသိုလ်ရတယ်.. ကုသိုလ်ဖြစ်နေမဲ့ အရာက ကုသိုလ်စိတ်မဖြစ်ဘဲ အကုသိုလ်စိတ်တွေ ဖြစ်သလို ဖြစ်နေတယ်.. အခု ဖြစ်နေတဲ့ စိတ်က ကုသိုလ် ခေါ်မလား အကုသိုလ် ခေါ်လား စိတ်တွေ မရွင်မပြ ဖြစ်နေတော့.. သဒ္ဒါ ရိုက်ချိုးခံရရင် ကုသိုလ်ဖြစ်စေတဲ့ အလုပ်က အကုသိုလ် ဖြစ်စေရင် မကောင်းပါဘူးလို့တွေးပြီး စိတ်လေနေတုန်း စီးလာတဲ့ ကား မီးပွိုင့်မိလို့ ရပ်နေစဉ်.. မျက်စိရှေ့မှာ ကားလမ်း ဖြတ်ကူးတဲ့ မိန်းခလေး တယောက် ဝတ်ထားတဲ့ အင်္ကျီကို သတိထားမိလိုက်တယ်.. တွေးနေတဲ့ အတွေးရဲ့ အဖြေကို ရှာတွေ့စေတဲ့ ပုံစံဘဲလေ..
သူများအတွက်တော့ မသိပေမဲ့ ဆူး အတွက်တော့ ထူးထူး ခြားခြား သပိတ်အလှူမှာ ဖြစ်စေတဲ့ ကုသိုလ်စိတ်ကို တည့်မတ်စေခဲ့တာပါ။ ထိုမိန်းခလေး ဘယ်သူမှန်းလည်း မသိပါ။ မျက်နှာလည်း မမြင်လိုက်ပါ။ သူဝတ်ထားတဲ့ အကျီကိုဘဲ မြင်မိလိုက်တာပါ။ သူဝတ်ထားတာကတော့ အဖြူ စွပ်စွပ်ကလေး အပေါ်မှာ အမဲရောင် ဇာ ဝတ်စကုတ် ဝတ်ထားတာပါ။
အမဲ ဘယ်လောက် အုပ်ထား အုပ်ထား အဖြူက အဖြူ အတိုင်းပါဘဲ.. ထိုနောက် သတိလေး တချက် ဝင်လာတော့.. စိတ်ညစ်နေတာ ဘာစိတ်တွေ ဖြစ်နေပြီလဲ.. ကုသိုလ်စိတ်အပေါ် ပီတိ မဖြစ်နိုင်ဘဲ စိတ်ညစ်ညမ်းစေတဲ့ စိတ်တွေ ဖြစ်နေတာ ဘာလဲ လို့ တွေးနေတဲ့ အဖြေပေါ်လာခဲ့တယ်။ အမဲ ဘယ်လောက် အုပ်ထား အုပ်ထား.. အဖြူကတော့ အဖြူပါဘဲ.. အတွင်းက အဖြူ အမဲ ဖုံးထားပေမဲ့ အမဲ မရှိရင် အဖြူဘဲလို့ တွေးမိတယ်။ ထိုနောက် ပီတိစိတ်ကလေး ပေါ်လာပြီး ဘုန်းကြီးကျောင်း ရောက်သွားတော့ ဆရာတော်ကို သပိတ်လှူလိုက်တယ် သံဃာကို ရည်မှန်းပြီး လှူဒါန်းလိုက်တယ်။ အလှူမဖြစ်ခင်မှာ ဖြစ်မိတဲ့ စိတ်ကို ဆရာတော်ကို လျှောက်တယ်။ ဆရာတော်က တခု နောက်သလိုနဲ့ စကားတခွန်းပြောလိုက်တယ်..
*သပိတ်လှူတာ ဘာလဲ သိလား..*
*မသိပါဘူး ဘုရား*
*သပိတ်လှူတော့ အကုသိုလ် ပိတ်တာပေါ့*

ရီပြီးသာ ဆရာတော် ပြောတာ နားထောင်ပြီး အနုမောဒနာ အမျှဝေ သာဓု ခေါ်ပြီး ပြန်လာခဲ့တယ်။
နောက် ဆွမ်းခံကြွတာ သတိထားကြည့်မိတော့.. ဆူး လှူတဲ့ သပိတ်လေး ဖြစ်နေတယ်။
မဟာဗောဓိမြိုင် ဆရာတော် ပြောဘူးတဲ့ စကား တခု ကို သတိရမိတယ်..
*အလှူလှူတယ် ဆိုတာ.. စွန့်လိုက်တဲ့ မစင် ပြန်လှည့်မကြည့် သလိုဘဲ… ငါလှူတာ ငါ့ အလှူရှင် ဆိုတဲ့ စိတ်မျိုး မထားရဘူး.. ဒါမှ ကုသိုလ်ပိုဖြစ်တယ်။*
လူတွေက အလှူ တခု လုပ်ပြီး တိုင်း ငါလှူတာ သုံးမှ သုံးပါ့မလား.. ဘာလား ညာလားနဲ့ ဘုန်းကြီး ပြန်စောင့် ကြည့်တတ်ကြတယ်။ အဲဒီလို လူမျိုးက စိတ်မထားတတ်ရင် အလှူပစ္စည်း စိတ်ထဲ စွဲပြီး သေရင် ကျောင်းစောင့်ကြီး ဖြစ်တတ်တယ်တဲ့.. ကုသိုလ်ဆိုတာ စိတ်ထားတတ်ရင် ကောင်းကျိုး ရပေမဲ့ မထားတတ်ရင် ဒုက္ခများတတ်ပါတယ်။

စာဖတ်သူ အားလုံး ကိုယ်စိတ်နှဖြာ ချမ်းသာ ကြပါစေ။
စိတ်ထားလေး ကောင်းစွာ ထားတတ်ပြီး ကောင်းကျိုး ချမ်းသာ ပွားများနိုင်ကြပါစေ။

19 comments

  • ဆူး

    November 11, 2010 at 8:42 am

    စာတင်တာ မလိုတဲ့ စာတွေ ပါ ကြားညှပ်ပြီး ဘယ်က ပါလာတာလဲ မသိဘူး

    Reply

  • ဆူး

    November 11, 2010 at 8:45 am

    Internal Server Error
    The server encountered an internal error or misconfiguration and was unable to complete your request.

    Please contact the server administrator to inform of the time the error occurred and of anything you might have done that may have caused the error.

    More information about this error may be available in the server error log.

    Web Server at myanmargazette.net

    Reply

  • weiwei

    November 11, 2010 at 8:59 am

    သာဓု .. သာဓု .. သာဓု ..

    Reply

  • ဆူး

    November 11, 2010 at 9:09 am

    သတင်းစာ အရောင်ပြောင်းတဲ့ အချိန် စာတင်တဲ့ အချိန် တထပ်တည်း ကျလို့.. Error တက်သွားတာပါ။

    Reply

  • moethidasoe

    November 11, 2010 at 9:28 am

    ဆူးရေ .. လှူတတ်ရင် မြတ်ပါတယ် .. ပစ္စည်းလေးပါး ထဲက အပ်စပ်တဲ့ ပစ္စည်း တစ်ပါးပါး ဖြစ်ဖို့သာ အရေးကြီး ပါတယ် .. ဆူး ရေးထားသလိုပဲ .. လှူပြီးရင် .. ပြန်မကြည့်နဲ့ ဆိုတာ သိပ် တာသွားတဲ့ စာသားပါပဲ .. အားလုံး အဲဒီလိုမျိုး စိတ်ထားနိုင်ရင် ကောင်းပါတယ် ..

    Reply

  • kai

    November 11, 2010 at 9:53 am

    ကျမ်းစာတတ်တဲ့ ဆရာတော်ကြီးတွေဆီမှာ ..မေးလျှောက်ချင်သား..။
    *အလှူလှူတယ် ဆိုတာ.. စွန့်လိုက်တဲ့ မစင် ပြန်လှည့်မကြည့် သလိုဘဲ… ငါလှူတာ ငါ့ အလှူရှင် ဆိုတဲ့ စိတ်မျိုး မထားရဘူး.. ဒါမှ ကုသိုလ်ပိုဖြစ်တယ်။*
    ဒီစကားကိုပါ..။
    ဗုဒ္ဓတရားတော်နဲ့ညီပါ့မလား..။
    ရေစက်ချတာ..။ ကဗည်းထိုးတာ ဒါတွေဟာလည်း ငါအလှူရှင်ဆိုတဲ့ စိတ်ထားပြီး ကုသိုလ်တွေ အမျှဝေ၊ သာဓုခေါ်နိုင်အောင်ပဲ လုပ်တာမဟုတ်လား..။

    ကုသလာ ကုသလံ ဇဟံ ဆိုတာလည်း ရှိသေးတယ်..။
    အခု ဆူးလှူတဲ့ အလှူအပေါ် တွေးမိတာလေးပါ..။
    အခုလုပ်တဲ့အလှူနဲ့ မသက်ဆိုင်ပါဘူးနော..။
    အတွေးချဲ့ကြည့်တာပါ..။

    Reply

  • ဆူး

    November 11, 2010 at 10:07 am

    ဦးလေးခိုင်.. ပြန်လှည့်မကြည့်ခိုင်းတာ သေခါနီး အာရုံပြုမှားပြီး ကျောင်းကြီးမြင်အောင် ကြည့်နေရင် ကျောင်းစောင့်ကြီး ဖြစ်နိုင်လို့ပါ။
    အလှူရဲ့ အကျိုးကျေးဇူးတွေကို ပီတိပွားပြီးနေမယ်ဆို အကျိုးက ဘာနဲ့ မှ ချိန်ထိုးလို့ မရအောင် ကြီးစွာ အကျိုးပေးနိုင်ပါတယ်။
    ဥပမာ အားဖြင့် ကျောင်းလှူတယ် ဆိုရင်.. ကျောင်းလှူတဲ့ အတွက် အမိုးအကာ နဲ့ အေးချမ်းစွာ သံဃာတော်များ သီတင်းသုံးနိုင်ပုံ ကောင်းစွာ စာသင် စာအံ ပြုနိုင်ပုံ.. ကောင်းစွာ တရားအားထုတ်နိုင်ပုံ.. ထိုကဲ့သို့ အကျိုးတွေ ကို မမေ့ မလျော့နေရင် အကျိုးထူးတာပေါ့.. အဲဒီကျောင်းကြီး ငါ့ကျောင်းကြီး.. ကျောင်းထဲမှာ သံဃာတော်တွေ ဘယ်လိုနေနေ.. လွတ်လပ်စွာ နေပိုင်ခွင့်ကိုပိတ်ပင်မိမယ်ဆိုရင်.. ဘယ်လိုဖြစ်မလဲ.. ကုသိုလ်ကနေ အကုသိုလ် ဆက်သွားမယ်.. ကုသိုလ်ပြီးရင်း ကုသိုလ်ဖြစ်အောင် လှူပြီးသား ကိစ္စ စိတ်မဝင်စားနဲ့လို့ ဆိုလိုတာပါ။

    Reply

  • moethidasoe

    November 11, 2010 at 10:26 am

    ဒီမှာတော့ မဟုတ်ဘူး .. တစ်နေရာရာမှာ တော့ ဖတ်ဘူးတယ် .. အဲဒီ အလှူရှင်က သူ လှူခဲ့တာတွေ အားလုံးကို ဖြတ်ပိုင်းနဲ့တကွ မှတ်စု ပြုထားတယ် .. နောက် စာအုပ်တစ်အုပ်မှာ သူ ဘယ်လောက် လှူဖြစ်ခဲ့သလဲ ဆိုတာကို ပေါင်းထားတယ် .. သူ ဆိုလိုချင်တာက လှူခဲ့တဲ့ အလှူတွေရဲ့ အာနိသင်တွေကို အဖန်ဖန် ရလေအောင်လို့ ပြန်လှန် အောင့်မေ့ကြည့်တယ် လို့ ဆိုတယ် ..
    (တခြားတစ်နေရာမှာ တွေ့ခဲ့တာက သေခါနီးမှာ အလှူတွေကို ပြန်လည် သတိရရင် .. အထက်ဘုံကို ရောက်တယ် လို့ ဆိုပြန်တယ်)
    တချို့နေရာမှာ ဖတ်ဖူးတာက .. ဆူး ရေးခဲ့သလိုပဲ .. အဲဒီအလှူရဲ့ အာနိသင်ကို အာရုံ မပြုပဲ .. အလှူပစ္စည်းကို အာရုံပြုမိလို့ .. ပြိတ္တာ ဖြစ်ရတယ် ..
    ဒါကြောင့် အရေးကြီးတာက လှူခြင်းအပေါ် မလှူမီ .. လှူနေစဉ် .. လှူပြီးနောက်ပိုင်း စိတ်ထဲမှာ ထားသင့် မထားသင့် ဆိုတာ ကိုယ့်စိတ်အပေါ် ကိုယ် ပိုင်နိုင်သလား .. စိတ် ဖြတ်နိုင်သလား အပေါ်မှာ မူတည်ပြီး လားရာပြောင်းသွားတယ် လို့ ထင်မိပါတယ် ..
    အခြား ဖြည့်စွက်နိုင်သူများ ဖြည့်စွက်စေလိုပါတယ် .. တင်ပေးတဲ့ အတွက် စိတ်ကူးတွေ ပွားမိတာ ဆူးကို ကျေးဇူးတင်ပါတယ်

    Reply

  • weiwei

    November 11, 2010 at 10:40 am

    အလှူဒါနကို ဉာဏ်နဲ့စဉ်းစားမယ်ဆိုရင်တော့ နိဗာန်ကို ရည်မှန်းပြီးလှူတယ် … လှူတဲ့ပုဂ္ဂိုလ်ကလဲ ရုပ်နဲ့နာမ် .. အလှူခံပုဂ္ဂိုလ်ကလဲ ရုပ်နဲ့နာမ် … အလှူခံပစ္စည်းကလဲ ရုပ်နဲ့နာမ်ပဲ … စွဲလန်းတဲ့စိတ်မထားပဲ လှူဒါန်းတာကမှ အမြတ်ဆုံးလို့ ထင်မိတယ် … အလှူရှင်အတွက်ကုသိုလ်က လှူဒါန်းစဉ်မှာ ရပြီးသွားပါပြီ … ကျန်တဲ့ အနုမောဒနာဆိုတာက အလှူရှင်က သူများတွေကို အမျှဝေပေးတာ … စိတ်ထားမှုအခြေအနေကိုမူတည်ပြီး ကုသိုလ်ကနေ အကုသိုလ်ဖြစ်အောင်လဲ ပြောင်းလဲနိုင်တာမို့ ဒီကိစ္စကတော့ ဖြေရှင်းရ အင်မတန်ခက်မယ်ထင်ပါတယ် … အလှူရဲ့အကျိုးပေးကတော့ လှူဒါန်းသူရဲ့စိတ်သဘောထားနဲ့သာတိုက်ရိုက်ပတ်သက်တယ် … ညောင်စေ့လောက်လှူလဲ ညောင်ပင်ကြီးလောက်ရနိုင်ပါတယ် ..

    Reply

  • ဆူး

    November 11, 2010 at 10:53 am

    သေချာ သိချင်ရင်တော့ အကြောင်း အရာ တခုကို ညွန်ပြလိုက်ပါ.. တတ်နိုင်သလောက် သေချာ ခွဲခြမ်းစိတ်ဖြာ ပြောပေးမယ်။

    Reply

    • bigcat

      November 12, 2010 at 12:59 am

      ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ဒေါ်ကြိုင်ကြိုင်တို့ရဲ့ လှူဒါန်းမှုအကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာ ပေးစေလိုပါတယ်။

      Reply

      • ဆူး

        November 12, 2010 at 3:50 am

        ဦးကြောင်ကြီး ရွာပြင်ကနေ စဉ်အိုးကြီး ကွဲအောင် လောက်စတုံးနဲ့ လှမ်းပြစ်နေတာလား.. မပြောဘူး ကွ မပြောဘူး.. ဟီးဟီး..

        Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 11, 2010 at 11:54 am

    ဒါနဉ္စ တည့်ဟူသော အလှူကို အပိုင်းတွေခွဲရပါတယ်
    သဒ္ဓါဖြင့် လှူသော အလှူ၌ အကျိုးကိုမျှော်သည်ရှိတတ်ပြီး ဘာမှမမျှော်ဘဲ သဒ္ဓါကိုသာ စိတ်၌ တည်သည်လည်း ရှိတတ် ကုန်ကြ၏
    ( သုဘဒ္ဒါ သည် အလှူပေး၍ ဆုပန်ပုံနှင့် မဟာဒုတ်ဇနီးမောင်နှံသည် မိမိတို ့၏ ဥစ္စာ ဆင်းရဲခြင်းကို ဆင်ခြင်၍ အလှူပေးခြင်း တို ့ပင်)
    အကယ်စင်စစ် အလှူကို လောဘဉာဏ်ဖြင့် မတွက်ချက်မိရန်မှာ လွန်စွာ အရေးကြီးပေသည် ( ဟိုပုဂ္ဂိုလ် သည်ပုဂ္ဂိုလ် ဟိုပစ္စည်း သည်ပစ္စည်း)။
    မည်သို ့ဆိုစေ အလှူဟူသမျှသည် အကျိုးကိုရမည်သာတည့် ( ပြုသူ၏ သဒ္ဓါနှင့် အလှူခံသူ၏ အသွင်ပြင်ပေါ်တွင်တည်သည် )
    ဆိုလိုသည်မှာ အလှူ၏ မူးရင်း သဘော စစ်စစ်မှာ hold out စုပ်ကိုင်ထားသည်ကို စွန် ့လွှတ်ခြင်း (ဝါ) အရာရာသောဥစ္စာ၌ အလိုမရှိခြင်း
    ဤသည်ကပင် တက်မက်ခြင်းကို စွန် ့လွှတ်နိုင်ရန်သော အာသဝေါတရား၏ အထောက်အပန် ့လည်းမည်ပေ၏။
    ဆရာတော်၏ ဥပမာတွင် ဥစ္စာမည်သည် မစင်နှင့်တူပေသည်ဟု ဉာဏ်နယ်မှ မြင်ဟန်ရှိပေသည်
    ထိုအကြောင်းကို ဉာဏ်နယ်ပယ်၌ ဥစ္စာဟူသည် ဘာမျှ မမြဲသော အရာဟု မြင်တတ်ရန်ဖြစ်သည်။ ဘာမှ တန်ဘိုးမရှိလို ့စွန် ့ပြစ်တယ် လည်း သဘောသက်ရောက်တတ်ပါတယ် ဥပမာ သိန်းတစ်ထောင်ရှိတဲ့သူက ငွေတစ်သိန်းလှူတာနဲ ့ ငွေတစ်သိန်းရှိတဲ့လူက ငွေတစ်သောင်း လှူတာဟာလည်း
    မတူညီနိုင်ပါဘူး။ ရှင်းအောင်ပြောရလျှင် ဗိုက်ပြည့်နေလို ့ ပွဲတော်အုပ်ကို စွန် ့လွှတ်တာနဲ ့ ဗိုက်စာနေပါလျှက်နဲ ့ ထမင်းကြမ်းခဲကို ပေးဝေနိုင်ခြင်း ပါ
    မည်သို ့ဆိုစေ ဆင်းရဲခြင်းသည် လိုခြင်တက်မက်ခြင်းကြောင့်ပင်လျှင် အမှန်စင်စစ်ဖြစ်ပေတော့၏။
    (ထိုသည်မှာ အကျဉ်းမျှဖြစ်ပါသည်)

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 11, 2010 at 12:00 pm

    ကံနယ်ဘက်က ကြည့်လျှင် ချမ်းသာစွာ အလှူပြုရခြင်း/စွန် ့လွှတ်နိုင်ခြင်း
    ပင်ပန်းစွာ အလှူပြုရခြင်း/စွန် ့လွှတ်နိုင်ခြင်း

    Reply

  • naywoonni

    November 11, 2010 at 12:50 pm

    အလှူပြုတယ်ဆိုတာမိမိပိုင်ဆိုင်မှုကိုခွဲဝေပေးလိုက်ချင်းတစ်မျိုးပါပဲ
    အခြားသူလက်ထဲရောက်သွားတဲ့ပစ္စည်းကိုဒါငါ့ဟာငါ့ဟာနဲ့လုပ်နေလို့
    လူကြားမကောင်းဘူးနဲ့တူတယ်နော်…..။
    ပိုနေလို့ပေးလိုက်တဲ့ပစ္စည်းတစ်ခုဟာရလိုက်သူမှာအသုံးဝင်သွားရင်…ကောင်းပါတယ်
    အသုံးဝင်တယ်ဆိုတာမှာသူမလိုအပ်လို့အခြားလိုအပ်သူကိုဆက်လက်ဝေမျှလိုက်တာလည်းပါမှာပေါ့
    ဖြုတ်ဦးနှောက်လောက်နဲ့ဝင်ပြောကြည့်မိတာလွန်တာရှိရင်ဝန္ဒာမိပါနော်……..

    Reply

  • unclegyi1974

    November 11, 2010 at 3:20 pm

    ဆူး ရဲ့သပိတ်အလှူကို လိုတာလှူပါလို့ပြောတဲ့လူတွေ
    ကစေတနာပါပါရဲ့ အပြောမတတ်တော့ဆဲဆိုသလို
    ဖြစ်တာပါ
    သူတို့ပြောတာလဲမမှားပါဘူး ဒါပေမဲ့အလှူရှင်ရဲ့စိတ်
    မှာပြတ်ပြီးသားစိတ် စေတနာကိုအားပေးရမှာ
    ကိုအာရုံများအောင်ပြောတာကစေတနာမှားသွား
    တာပါ
    အမှန်ကဘာလှူလှူစိတ်စေတနာမပြတ်ရင်အလကား
    ပါဘဲ

    Reply

  • kopauk mandalay

    November 12, 2010 at 2:27 am

    ကျနော်ကတော့ လှူဒါန်းတယ်ဆိုတာကို
    (1) မိမိလေးစားကြည်ညိုထိုက်သူကို ပူဇော်ခြင်းဖြင့် ဆက်ကပ် တာရယ်
    (2) အခက်အခဲဖြစ်နေသူကို ကိုယ်ချင်းစာတရားနဲ့ယှဉ်လို့ ပေးကမ်းတာ
    ဒီနှစ်ချက်ဘဲ ကျနော့် ခေါင်းထဲမှာရှိမယ်။
    ကျန်တဲ့ အပိုတွေကိုတော့ ဘာဖြစ်မယ် ညာဖြစ်မယ် ဦးနှောက်အခြောက်ခံပြီး မစဉ်းစားဘူးဗျာ။

    Reply

  • ဆူး

    November 12, 2010 at 3:53 am

    အလှူနဲ့ ပတ်သတ်ပြီး နောက်ကြောင်း မစဉ်းစားတဲ့ လူတွေက ပိုပြီး အကျိုးများတယ်.. အနောက်နိုင်ငံက လူတွေ ချမ်းသာကြတယ်.. သူတို့က ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး.. သူတို့ ချမ်းသာကြတာလည်း ဒါနကြောင့် သို့သော်.. သူတို့ ဘာလှူရင် ဘာအကျိုးရမယ်ဆိုတာ.. သူတို့ မသိဘဲ ဒီတိုင်း စေတနာ သက်သက် လှူလို့ အကျိုးများတာလို့.. ကြားဘူး နားဝ ရှိပါရဲ့

    Reply

  • char too lan

    November 12, 2010 at 5:39 am

    ပိုစ့်ကော ကွန်းမန့်တွေ ့ကော အကုန်အနှစ်သာရချည်းပါပဲ အရမ်းကောင်းတယ် ကျနော်ကတော့ လှူချင်တဲ့စိတ်ဖြစ်ရင်လှူလိုက်တယ် ပီးရင်တော့ဘာမှမမှတ်ထာဘူး ဘာလှူရင်ဘယ်လိုအကျိုးရတယ်ဆိုတာလဲ ဂဃနဏမသိပါဘူး လှူပီးရင်တော့အမျှဝေပေးပါတယ်

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.