တစ်ဘဝစာ ခွဲခွာခြင်း မဟုတ် တစ်ခဏတာ ခွဲခွာခြင်း

manawphyulayNovember 6, 20101min07

ဘဝတစ်ကွေ့မှာ ခဏတာ တွှေုခဲ့ကြပေမဲ့
ကံကြမ္မာက တစ်ချိန်မှာ ခွဲခွာခဲ့တာကို
အပြစ်လို့ ဆိုကြမှာလား
မင်းတို့ကို ခွဲခွာခဲ့ပေမဲ့
ရင်နဲ့အမျှ ခံစားရပါတယ်။
သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ
ငါ့ရဲ့ သံယောဇဉ်ကို မင်းတို့သိဖို့ကောင်းပါတယ်
ငါ့ဘဝမှာ စိတ်ညစ်ရင်လည်း မင်းတို့နဲ့အတူ
ပျော်ရွှင်ရင်လည်း မင်းတို့နဲ့အတူ
ငါအမြဲရှိနေချင်တာ
ငါ့ရဲ့ရင်ထဲက အမှန်တရားပါ
ဒီလိုနေ့ကို ငါ့အတွက် ဘယ်တော့မှ မမျှော်လင့်ခဲ့မိပါဘူး
မင်းတို့ကို ငါလေ… ဖြေသိမ့်စကားပြောချင်ပေမဲ့
ငါ့ရဲ့စိတ်ဟာ မင်းတို့ထက် ပိုနုတယ်ဆိုရင်
မင်းတို့ယုံကြည်မှာလား
ငါဟာ မင်းတို့ရှေ့မှာ ကြံ့ကြံ့ခိုင်ရပ်တည်ပြချင်ခဲ့မိတာပါ
ဒါပေမဲ့ ငါလေ ဘယ်လိုမှ ဟန်ဆောင်လို့မရခဲ့ပါဘူး။
ငါ့ဘဝမှာ သံယောဇဉ်ရှိတဲ့သူတွေကို ဘယ်တော့မှ မခွဲခွာချင်ဘူး။
ခုတော့ ကံကြမ္မာကြောင့် ငါတို့ ခွဲခွာခဲ့ကြရပြီနော်…
ငါလေ မင်းတို့ရဲ့ ချစ်ခြင်းထက် ငါ့ကို နာကြည်းစေချင်ခဲ့တာ
မင်းတို့ရဲ့ ရင်မှာ ပေါ့သွားစေချင်လို့ပါ
ငါတစ်ယောက်ထဲ ရှေ့ကို ဘယ်လိုလျှောက်ရမှာလဲ
ငါ့ဘဝမှာ ဝမ်းနည်းဝမ်းသာမှုကို အတူဖြည့်ပေးခဲ့တဲ့ ညီမလေးတွေရေ…
မလေ မင်းတို့ကို ပြောဖို့ စကားလုံးတစ်လုံးတောင် အစရှာမရခဲ့ဘူး။
မင်းတို့ရှေ့မှာ ဟန်ဆောင်အပြုံးနဲ့ ဘယ်လောက်ထိ ရပ်တည်နိုင်မှာလဲ
ငါဟာ မင်းတို့ရဲ့အရိပ်ပဲ ဖြစ်ချင်ခဲ့တာ။
မင်းတို့အတွက် ငါဟာ အုပ်မိုးပေးထားတဲ့ မိုးကောင်းကင်ကြီးပဲ ဖြစ်ချင်ခဲ့တာပါ
မင်းတို့ဟာ ထီးရိုးဆိုရင် ငါက ထီးအမိုးဖြစ်ချင်ခဲ့တာ
မဘဝမှာ ဘာလို့ ဒီလို သံယောဇဉ်ရှိတဲ့သူတွေနဲ့ ခွဲခွာရတာလဲ
ငါလေ မင်းတို့ရှေ့မှာ ဘာမှ မပြောတာဟာ
ငါ့ရင်မှာ ပြည့်နေတဲ့ စကားလုံးပေါင်းများစွာရှိနေခဲ့လို့ပဲ
ပြောပြရင် တစ်ထောင့်တစ်ညပုံပြင်တောင်
အရှုံးပေးရမှာပါ။
အိပ်ပျက်ခဲ့တဲ့ညပေါင်းများစွာလည်း
ဘယ်လောက်ထိ ဆက်ရှိမယ်ဆိုတာ မပြောတတ်ပါဘူး
ခွဲခွာသွားတဲ့သူဟာလည်း ကျန်ခဲ့သူထက် ခံစားချက် မပိုဘူးလို့
မင်းတို့ ထင်သလား…
မင်းတို့ကို ငါ အသံတိတ်စကားတွေ အများကြီးပြောနေခဲ့တာ
မင်းတို့ မသိဘူးလား…
မင်းတို့ကို ငါလေ စိတ်လည်း မချဘူး။
ငါဟာ မင်းတို့ရဲ့အရိပ်ဘဲ ဖြစ်ချင်ခဲ့တာ
ဒီလိုဘဲ လူတွေဟာ တစ်နေရာတည်းမှာ ရပ်တည်နေလို့မရဘူးဆိုတာလည်း
ငါ နားလည်ပါတယ်….
မင်းတို့ မသိအောင် တိတ်တိတ်ကြိတ်ငိုခဲ့ရတဲ့ ရက်ပေါင်းလည်း မနည်းတော့ပါဘူး
ငါ့ရဲ့ နှလုံးသားကကော ဘာသားနဲ့ထုထားတာမို့လို့လဲ
မင်းတို့ မြင်စေချင်ပါတယ်
ခုတော့ ငါ့ရင်ဘတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။
မင်းတို့ မြင်မယ်ဆိုရင် ငါရင်တွေ အက်ကွဲကြေမွနေတာကို မြင်ရမှာပါ
ခုချိန်မှာ ငါ့ရဲ့ဆံပင်တွေကို ဘယ်သူဘီးနဲ့ ဖြီးပေးမှာလဲ
ကော်ဖီသောက်ချိန်ကျရင် အဆင်သင့် ဘယ်သူလာပေးမှာလဲ
ထမင်းစားရင်ကော ငါတစ်ယောက်ထဲ ဘယ်လိုစားဝင်မလဲ
ဒါတွေ မင်းတို့ တွေးမိရဲ့လား
ငါ့ဘဝအတွက် ငါသွားရတယ်ဆိုပေမဲ့
ငါ့ရင်မှာ မချိအောင် ခံစားရပါတယ်။
မင်းတို့ ငါ့ကို အမြဲသတိမရရင်တောင်
တိုက်ဆိုင်မှုရှိရင် သတိရပေးကြပါနော်…
မလေ… အမြဲသတိရဖို့ မတောင်းဆိုပါဘူး။
မင်းတို့စိတ်ညစ်ရင် မကို တမ်းတလိုက်နော်…
မင်းတို့အတွက် အစ်မလေ အမြဲရှိနေပါတယ်…
အစ်မကို သတိရရင် ကိုယ်လုပ်တဲ့အလုပ်ကို
အောင်မြင်အောင် လုပ်ပါလို့ အစ်မ မှာချင်ပါတယ်။
မင်းတို့ဟာ အစ်မရဲ့ ရှေ့မှာ အောင်မြင်ထွန်းပေါက်တဲ့သူတွေအဖြစ်
အမြဲမြင်ချင် ကြားချင်ပါတယ်။ ကြိုးစားကြပါနော်။
မင်းတို့ အောင်မြင်တိုးတက်နေရင် အစ်မကို မမေ့ဘူးဆိုတာ
အစ်မ ယုံပါတယ်။
ဘဝတစ်ကွေ့မှာ
ခဏတာတွေ့ခဲ့ပေမဲ့
တစ်သက်လုံးရာ
မမေ့ပါဘူး
ကံမကုန်သေးရင်
ပြန်ဆုံချင်ပါသေးတယ်
ညီမလေးတို့ရယ်…
(မင်းတို့ရဲ့အနားမှာ အရိပ်လိုဘဲ အမြဲရှိနေပါတယ်။ အစ်မ ရင်ဘတ်နဲ့ ရေးလိုက်တဲ့ စာကို မင်းတို့ ရင်ဘတ်နဲ့ ဖတ်စေချင်တယ်။)

7 comments

  • kopauk mandalay

    November 6, 2010 at 2:37 pm

    ကျနော်ရင်ဘတ်က စာမဖတ်တတ်တဲ့အပြင်
    မျက်စေ့က အားနည်းနေတော့
    မျက်မှန်တတ်ပြီး ဖတ်လိုက်ရပါတယ်။
    အုပ်စုလိုက်ကြီးကတစ်ယောက်ထဲကို ခွဲသွားတဲ့ အလွမ်းဇာတ်လေးပေါ့နော်။

    Reply

  • unclegyi1974

    November 6, 2010 at 3:39 pm

    မလေး ညီမလေးတွေစာကိုရင်ဘတ်နဲ့ဖတ်ပြီး
    ဘယ်လိုနေသလဲမသိပေမဲ့
    ကျွန်တော့်ရဲ့သားကတော့စာကိုရင်ဘတ်နဲ့ဖတ်
    လိုက်တာစာမေးပွဲကျပါလေရာလား
    ည ည စာအုပ်ကိုရင်ဘတ်အောက်ထားပြီး
    မှောက်ရက်အိပ်ပျော်နေတာလေ

    Reply

    • manawphyulay

      July 26, 2011 at 1:55 pm

      မနောတို့လည်း ကျောင်းတုန်းက အဲလို ဖတ်အိပ်တာပဲ အဟိ

      Reply

  • winkyawaung

    November 6, 2010 at 5:48 pm

    ရင်ဘတ်နဲ့ ကဗျာရေးတာဆိုတော့ လက်တွေ့ အသဲနှလုံးနဲ့ ကပ်သွားတာပေါ့ကွယ်..။

    Reply

  • manawphyulay

    July 13, 2011 at 11:18 am

    ဘာလိုလိုနဲ့ ဝေးခဲ့ကြတာ ၅ နှစ်ကျော်ခဲ့ပြီလေ….

    Reply

  • moethidasoe

    July 13, 2011 at 11:37 am

    မနောရေ .. လှောင်တာတော့ မဟုတ်ဘူးနော် ..
    မနောက လက်မှာ ကလောင်ကိုင်ပြီး ရေးလို့ရတယ် .. ဒါမှမဟုတ် ကီးဘုတ်မှာ လက်နဲ့ ဖိပြီး ရေးလို့ရတယ်
    တို့တတွေကတော့ မျက်စိနဲ့ပဲ ဖတ်လို့ရတယ် .. (မျက်မမြင် စာတတ်တဲ့လူက လက်ဖျားလေးနဲ့ စမ်းပြီး ဖတ်တယ်)

    Reply

    • manawphyulay

      July 13, 2011 at 11:47 am

      ဖတ်သွားတာကိုပဲ ကျေးဇူးတင်မိပါတယ်ရှင်။ ခုလို မျှဝေခံစားပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်နော်…

      Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.