ကျနော်နှင့်အဠာရဿ/အထာရသ

ယောက်ျားကောင်းတို့တတ်အပ်သော အဠာရဿတစ်ဆယ့်ရှစ်ရပ် ဆိုတာ ရှိသည်ဟု  ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်အရ သိရသည်။
ထို တစ်ဆယ့်ရှစ်ရပ်ရှိသည်ဟူသောပညာများကို ကျနော်မတတ်ပါ။ ထို့ကြောင့်ကျနော်သည် ယောက်ျားကောင်းတစ်ဦးမဟုတ်တော့ဘဲ ဖြစ်သွားရသည်။
မကောင်းသောယောက်ျားဟုလည်း မထင်မှတ်စေလိုပါ။ကျနော်သည် ကောင်းတစ်ဝက် ဆိုးတစ်ဝက်ပြည့်နှဇက်နေသော ပေတေတေ၊ ပေါချာချာ၊
အူတူအတ၊ လူရည်လည်သောလူ့အန္ဓတစ်ကောင်ပင်ဖြစ်သည်။ကျနော့်ရဲ့ဆိုးမွေကောင်းမွေဟူသမျှကို လက်ခံသိမ်းဆည်းရန်
အမျိုးသမီးတောင့်တောင့်ဖြောင့်ဖြောင့်တစ်ဦး အလိုရှိပါသည်။
အဠာရဿဆိုတာကြီးကို ကျနော်မလေ့လာချင်ပါ။ အဠာရဿနှင့် အသံထွက်ဆင်တူသောပညာရပ်တစ်ခုကျနော့်မှာရှိပါသည်။ ၎င်းမှာ ““အထာရသ””ပညာရပ်ပင်ဖြစ်လေသည်။ရသပါသောအထာများကိုဆုပ်ကိုင်၍ ကျနော် လူ့ဘဝကိုဖြတ်သန်းချင်ပါသည်။လူတိုင်းလူတိုင်းတွင် အထာရှိကြသည်ဟုထင်ပါသည်။ရပ်ကွက်များမှာပင်အထာရှိကြောင်းကို “ရပ်ကွက်အထာ”ဟူသည့်သီချင်းခွေ ထွက်ရှိလာ၍ သိရှိရပါသည်။
သူလိုကိုယ်လိုအထာများကြားမှ ချော်ငေါ့သွားသူကို…. ““ ဟာ…ဒီကောင်ဘာအထာလဲ ”” ဟုပြောဆိုကြသံကြားရပါသည်။ တစ်ခါတုန်းက ဘီယာဆိုင်တစ်ခုတွင်
ဝိုင်းနှစ်ဝိုင်းထ၍ရန်ဖြစ်ကြသည်။ လူအများ ရုတ်ရုတ်သဲသဲဖြစ်သွား၏။ကျနော်နှင့်အတူသောက်နေသော သူငယ်ချင်းက ကျနော့်ကို မျက်ရိပ်မျက်ကဲပြပြီး
““ ဟေ့… ကိုယ့်အထာနဲ့ကိုယ်နေ”” ဟု တီးတိုးပြောသည်။
ကျနော်လည်း အထာဆိုတာ ဘာမှန်းမသိတာကြောင့် လေပဲချွန်နေရမလို၊ပုဆိုးပဲကောက်ခြုံလိုက်ရမလို၊ ခြေမပဲကုန်းကိုင်နေလိုက်ရမလိုဖြစ်သွားလေ၏။
နောက်တော့ အထာများကိုကျနော်စိတ်ဝင်စားလာသည်။ ဘယ်သူတွေဘာအထာရှိသလဲဆိုတာကိုကိုယ့်ထမင်းကိုယ်မဝရေစာစားပြီး လေ့လာစောင့်ကြည့်၏။ တွေ့ရပါသည်။ကိုးရိုးကားယားအထာ၊ ဒလိမ့်ခေါက်ကွေးအထာ၊ ဖိုးလိုးဖပ်လပ်အထာ၊…… စသဖြင့် အထာများစွာကိုတွေ့ကြုံရပါသည်။
အရာအားလုံးတွင်ရသရှိ၏။ လူတိုင်းတွင် အထာရှိ၏။ အထာနှင့်ရသကိုပေါင်းစပ်ကြည့်သောအခါ… ““ အထာရသ ”” ဟူသည့်ရှုချင်စဖွယ်…
ချစ်စရာအကြောင်းအရာများကိုမြင်တွေ့ကြရမည်ဖြစ်သည်။ လူတိုင်းပင်ကိုယ့်အထာကားမည်သို့ရှိကြောင်းဆန်းစစ်တွေးတောသင့်ပေ၏။ သို့တည်းမဟုတ်လည်း ကိုယ့်အထာမည်သို့ရှိကြောင်းကိုသူတစ်ပါးကဆန်းစစ်ပေးကြလိမ့်မည်သာဖြစ်လေသည်။ ကျနော်မောင်ဥက္ကာတစ်ကောင်ကတော့အထာကျချင်ကျမည်၊ မကျချင်မကျ။ ကျနော်နှစ်သက်သမျှကိုအထာဟု မှတ်ယူပစ်လိုက်သည်သာဖြစ်၏။
တီဗီထဲမှ ဟစ်ဟော့ပ် အဆိုတော်တစ်ဦးက
““ ဟေ့… အထာတော့ကျနေပြီ… ဟေ့…အထာတော့ကျနေပြီ….”” ဟုအော်ကာ ဘောင်းဘီဂွကြားကို လက်ဖြင့်ဆုပ်ပြ၏။
ဘယ့်နှာအထာကြီးမှန်းတော့မသိချေ….။
ဘာပဲဖြစ်ဖြစ်…. မောင်ဥက္ကာမှာလည်း အထာတွေရှိပေသည်။
ခင်ဗျားတို့မှာလည်း အထာတွေရှိကြပေလိမ့်မည်…..။
အထာများကိုနားလည်နိုင်ဖို့ ကျနော်တို့ ကြိုးစားကြရပေမည်။

(ဥက္ကာကိုကို-သံတွဲ)

7 comments

  • KoNyeinChan

    October 30, 2010 at 1:19 pm

    အဠာရဿ မဟုတ်ပါ။ အဌာရဿ ပါ။ ကျွန်တော်တို ့ မြန်မာလူမျိုးတွေ ကိုယ့်ဘာသာစကား စာလုံးပေါင်း မှန်စေချင်ပါတယ်။ weiwei ရဲ ့ “မြန်မာစာအတွက် ရင်လေးမိသေးတယ်” ထဲမှာ ကျွန်တော့်ရဲ ့ Comment အတိုင်းဖြစ်နေပြီ။ စေတနာနဲ ့သတိပေးခြင်းပါ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 1:50 pm

    ဥက္ကာပျံ ကိုကို ရဲ ့ အထာတွေကို ကိုငြိမ်းချန်း(မ်း n/m) က အထာနဲ ့ဝင်သတိပေးလိုက်တော့
    မိုက်ကယ်ဂျော်နီအောင်ပု က ပေါကြောင်ကြောင် အထားနဲ ့ဝင်ရီသွားလေရဲ ့
    ဗြဲ

    Reply

  • zanko

    October 30, 2010 at 3:45 pm

    ရေးထားတာလေး ဖတ်လို့ကောင်းပါတယ်။ တွေးထားတာလေးလဲ လှပါတယ်။
    လျောက်တွေးကြည့်မယ်ဆိုရင်တော့ မီးခိုးမဆုံး မိုးမဆုံးပေါ့ဗျာ။

    Reply

  • bigcat

    October 30, 2010 at 5:04 pm

    အထာကျရင် အထကြာမယ်။ အထာညက်ရင် အထက်ညာတယ်။

    Reply

  • kopauk mandalay

    October 30, 2010 at 5:11 pm

    အထာသိချင်ရင် လာကြည့်လိုက်ပါ။
    အထာဆိုတာဘာလဲဆိုတာပြောပြမယ်လေလို့

    Reply

  • maungmoenyo

    October 31, 2010 at 1:46 am

    အဌာ(ထာ)ကိုင်တာနဲ့အညှာကိုင်တာတို့ရဲ့ကွာခြားချက်ကိုသိရဲ့မဟုတ်လား။ အညှာကိုကိုင်နိုင်ရင်အကြံပြီးမြောက်နိုင်ပါတယ်။ “ဌ”နဲ့”ဋ္ဌ”လည်းကွာပါတယ်။ “ဌ”က”ဌ”သာဖြစ်ပြီး၊ “ဋ္ဌ”က “ဌ”နဲ့”ဋ”နဲ့ပေါင်းစပ်ထားတာပါ။

    Reply

    • ko ko

      October 31, 2010 at 3:14 am

      Great !
      you are right!

      Reply

Leave a Reply

Your email address will not be published.