သူတို့အသား … စားရက်သလား???

weiweiOctober 29, 20101min016

ကျွန်မတရုတ်ပြည်အတွင်းရှိနေစဉ် ဆောင်းရွာသီ၏ မနက်ခင်းတစ်ခုမှာ ကျွန်မနေထိုင်ရာနေရာနှင့် ဘက်စ်ကား နှစ်မှတ်တိုင်စာခန့်လမ်းလျှောက်ရသော နေရာသို့ ကားစီးရန်အတွက် သွားခဲ့ပါသည်။ အဲဒီနေရာကတော့ လမ်းချိုးကလေးတစ်ခုအတွင်းမှာပါ။ အဲဒီလမ်းထိပ်နားမှာတော့ စားသောက်ဆိုင်တစ်ဆိုင်ရှိပါသည်။ တရုတ်လို မဖတ်တတ်လျှင်တော့ ဘာဆိုင်မှန်းသိမယ်မဟုတ်ပါ။ ကျွန်မကတော့ အဲဒီစာလုံးကို ကောင်းကောင်းဖတ်တတ်ပါသဖြင့် ခွေးသားရောင်းသည့်ဆိုင်မှန်း သိနေခဲ့တာတော့ ကြာခဲ့ပါပြီ။ အဲဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ အဲဒီနားမရောက်ခင် ကျွန်မလမ်းလျှောက်တဲ့ ေဘေးကနေ ထော်လာဂျီလိုမျိုးနောက်ဖွင့်တဲ့ ကားအသေးလေးတစ်စီးဖြတ်သွားပါသည်။ မျက်စိကသူ့အလိုလိုကြည့်မိပြီးသားဖြစ်သွားတာတော့ အရေခွံစုတ်ထားတဲ့ ခပ်ပိန်ပိန်သေးသေး အကောင် ၁ဝ ကောင်လောက်ပါ။ ကျွန်မက မျက်စိကခပ်မှုန်မှုန်ဆိုတော့ ရုတ်တရက် ဝက်တွေလို့ ထင်လိုက်ပါတယ်။ အဲဒီကားက စားသောက်ဆိုင်ရှေ့လဲရောက်ရော ဆိုင်ရှေ့ပလက်ဖောင်းက စင်တစ်ခုထိုးထားတယ့်နေရာမှာ အဲဒီအကောင်တွေက ခေါင်းကနေချိတ်နဲ့ဆွဲပြီး ချိတ်နေတာကိုမြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ စပြီး သံသယဖြစ်လာပါပြီ။ ကျွန်မကလဲ အဲဒီဆိုင်ရှေ့ကို မဖြစ်မနေဖြတ်ရမှာပါ။ မကြည့်ဘဲ မျက်စိလွှဲသွားမယ်လို့လဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် တကယ်ဖြတ်မိတယ့်အခါမှာတော့ စပ်စုချင်တဲ့ စိတ်ဓါတ်ခံကြောင့် အနီးကပ် ကြည့်လိုက်မိပါတော့တယ်။ ခွေးခေါင်းတွေမှန်းသေသေချာချာမြင်လိုက်ရချိန်မှာတော့ ရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်း ပြောမပြတတ်အောင်ပါပဲ။ ကားစီးသွားတဲ့ တစ်နာရီကျော်အချိန်မှာလဲ အဲဒီခွေးမျက်နှာတွေပဲ မြင်ယောင်နေပါတယ်။

ဗဟုသုတအနေနဲ့ပြောပြရရင်တော့ တရုတ်လူမျိုးနဲ့ ကိုရီးယားလူမျိုးတွေက ဆောင်းရာသီမှာ ခွေးသားကိုစားပါတယ်။ အအေးဒါဏ်ကို ခံနိုင်ရည်ရှိအောင်ဆိုပြီးတော့ပါ။ ဆောင်းတွင်းရောက်တာနဲ့ စားသောက်ဆိုင်ကြီးမှာ ခွေးသားကို အထူးဟင်းလျှာအနေနဲ့ ရောင်းပါတယ်။ စတိုးဆိုင်ကြီးတွေမှာလဲ ခွေးသားအစိမ်းတွေရောင်းပါတယ်။ အခုဆို ဆောင်းတွင်းစတင်ဝင်လာပြီမို့ ခွေးပုံနဲ့ခွေးသားဟင်းကြော်ငြာတွေကို ဆိုင်ကြီးတွေမျက်နှာစာမှာ တွေ့နေရပါပြီ။ ကျွန်မကတော့ မျက်စိနဲ့တပ်အပ်မြင်မိပြီးနောက်ပိုင်းမှာ အဲဒီဆိုင်နားကို မဖြတ်ရဲတော့ပါဘူး။ ခပ်ဝေးဝေးကလှမ်းကြည့်လိုက်မိတိုင်းလဲ အကောင်တွေချိတ်ထားတာကို တွေ့နေရပါတယ်။ ကျွန်မသူငယ်ချင်းက ဖြတ်သွားရင်း ဖုန်းနဲ့ဓါတ်ပုံရိုက်ခဲ့တာကိုပြလို့ တင်ပေးလိုက်တယ်နော် ….

16 comments

  • yawhan

    October 29, 2010 at 11:19 am

    ခွေးသားကို အရမ်းစားကြတဲ့နိုင်ငံတွေ ပြောပြချင်တယ်၊
    ဗီယက်နမ်မှာ ၆၀% လောက် မိန်းမ ယောက်ျား လူကြီးလူငယ်မရွေးစားတယ်၊
    ကိုရီးယား၊တရုပ်၊ထိုင်း တွေ တော်တော်စားကြတယ်၊
    ဈေးကြီးတယ်ခင်ဗျ ၁ကီလိုကီု US$၁ဝ လောက်ရှိတယ်။

    Reply

  • mandalaythar

    October 29, 2010 at 12:05 pm

    အာ တမျိုးကြီးနော် အစက ဓါတ်ပုံမတင်သေးတော့ ဘာမှ သိပ်မဖြစ်သေးဘူး။ အခု မှ ခွေးကြီးကို ပါးစပ်ကနေ ချိပ်ထားတာ… ကြည့်ပြီး ကျက်သီးထတာ။ တမျိုးကြီးဘဲ။

    Reply

  • weiwei

    October 29, 2010 at 12:39 pm

    အပြင်မှာမြင်မိရင် ထမင်းစားပါပျက်သွားမယ် …

    Reply

  • ဆူး

    October 29, 2010 at 5:08 pm

    အပြင်မှာတော့ မြင်ဘူးဘူး.. ပုံထဲတွေမှာ မြင်တာကတော့ ဘယ်လိုမှ နေဘူး..
    ခွေးတွေက သူတို့ အသားစားတဲ့ လူဆို လမ်းထိပ်လောက်ကတည်းက အနံရပြီး ဟောင်တယ်၊သိတယ်လို့ လူကြီးတွေ ပြောတာ ကြားမိတာဘဲ..

    Reply

  • mG

    October 29, 2010 at 6:10 pm

    ခွေးသားကို စားတာကတော့ မြန်မာမှာလည်းရှိပါတယ်လေ။တောင်ပေါ်တိုင်းရင်းသားအချို့တွေ စားကျတယ်လေ။မြေပြန့်က တချို့လူတွေလည်း စားပါတယ်။ဒါပေမဲ့ တရုတ်မှာက ဘာမဆိုအကုန်စားပါတယ်လေ။မွေးတော့မည့်ကလေးကိုတောင်မှ ပိုက်ဆံနဲ့ရောင်းပြီးတော့ စားသုံးသူတွေကလည်း ဆေးတမျိုးအဖြစ် စားသုံးကျပါတယ်။အဲ့ဒါကိုတော့ လူတိုင်းသိနေပါပြီလေ။Post လေးကိုပုံနဲ့ တင်ပြထားတာ အရမ်းကောင်းပါတယ်ဗျာ။

    Reply

  • kai

    October 29, 2010 at 9:07 pm

    ရုုတ်ိတရက်ကြည့်တော့ ခွေးကပဲ တခုခုလှမ်းခုန်ဆွဲသလိုလို..
    အင်း.. ရင်ဘတ်ဟောင်းလောင်းဆိုတာ ..ဒါပဲနဲ့တူတယ်။

    Reply

  • bigcat

    October 29, 2010 at 11:53 pm

    အသိတယောက်ကပြောဖူးတယ်။ မြောက်ကိုရီးယားသင်္ဘောမြန်မာပြည်ဆိပ်ကမ်းမှာ လာကပ်ပြီး ပစ္စည်းတင်၊ချ တပတ်လောက်လုပ်တယ်၊ ကြာတော့ ကပ္ပတိန်ကိုရီးယားနဲ့ ဆိပ်ကမ်းကလူတချို့ ရင်းနှီးလာကြတယ်။ တနေ့ကိုရီယားက ဆိပ်ကမ်းမှာ ညဖက်အတွက် အစောင့်ထားတဲ့ ခွေးအုပ်ကို လက်ညိုးထိုးပြီး ဝယ်တယ်တဲ့။ အဲဒီအချိန်ကစပြီး ခွေးတွေလည်း တနေ့ကို တကောင်နှုန်း ပျောက်သွားလိုက်တာ သင်္ဘောက အထွက်မြန်ပေလို့တဲ့၊ နို့မို့ရင် ဆိပ်ကမ်းညစောင့်ဖို့ ခွေးတကောင်မှ ကျန်မှာမဟုတ်တော့ဘူးလို့ ပြောတယ်။ ကျနော်တိုမြို့ ကုလားတန်းမှတော့ ခွေးအရွယ်တူ ဆိတ်တကောင်လုံးကို အရေခွံဆုတ်ပြီး အဲဒီလိုပဲ သံချိတ်နဲ့ချိတ်ပြထားတာ တွေ့တယ်။

    Reply

  • weiwei

    October 30, 2010 at 3:04 am

    သိသမျှတရုတ်လူမျိုးတွေကို ခွေးသားစားဖူးလားလို့မေးကြည့်တော့ အားလုံးလိုလိုက စားဖူးတယ်လို့ပြန်ဖြေကြတယ် .. ကျွန်မသူငယ်ချင်း ဥရောပဘက်ကသူတွေကတော့ အဲဒီကိစ္စကို တော်တော်ရှုံ့ချကြတယ် …

    Reply

  • ဆူး

    October 30, 2010 at 3:07 am

    ရန်ကုန်မှာတော့ နှစ်တိုင်း ခွေးသားပေါက်တဲ့ အချိန်ဆို ခွေးတွေ အမဲသားပြစ်တယ်.. မနက် စောစော ဆိုရင် တွန်းလှည်းနဲ့ တစီး ခွေးတွေ အပြည့်အသိပ် တက်အိပ်နေကျတယ်.. လှုပ်တောင် မလှုပ်ဘူး..
    ခွေးတွေကတော့ ရန်ကုန်မှာ ပေါတုန်းပါဘဲ.. အသားစားတဲ့ လူရှိတဲ့ တိုင်းပြည်တော့ ခွေးလေ ခွေးလွင့် မရှိဘူး.. အဲဒါတော့ တခုတော့ ကောင်းသလိုဘဲ.. ခွေးလေ ခွေးလွင့် ကိုက်ခံရပြီး ခွေးရူး ရောဂါ ဖြစ်ပွားမှု နှုန်း ကျသွားတာပေါ့.. အဲဒါလေးဘဲ ကွာတာပါ..

    Reply

  • etone

    October 30, 2010 at 3:34 am

    သနားစရာခွေးတွေလည်းမနေရပါလားဟယ်။

    Reply

  • mandalaythar

    October 30, 2010 at 4:08 am

    ဟုတ်လား မဟုတ်လား တော့ မသိဘူး။ ကျောင်းတတ်တုံးက ကျောင်းရှေ့မှာ လည်းနဲ့ရောင်းတဲ့ ဆိတ်သားကင် ဆို တော်တော်ကြိုက်တယ်။ နောက်ကျ သူငယ်ချင်းတယောက်က ပြောတယ်။ အဲဒါ ဆိတ်သားအစစ်မဟုတ်ဘူးတဲ့ ခွေးသားတွေတဲ့။ ဒါနဲ့ ဘယ်ကခွေးရမှာလည်းလို့ မေးတော့။ မန္တလေးမြို့တော်ဝန် အဟောင်း ဦးထွန်းကြည်က မန္တလေးတောင် အရှေ့မှာ ခွေးဂေဟာဆိုပြီး ခြံနဲ့ မြို့ပေါ်မှာ ရှိတဲ့ ခွေးလေ ခွေးလွင့်တွေကို စည်ပင်က ထော်လာဂျီတစ်စီးနဲ့ လိုက်ဖမ်းပြီး မွေးထားတာတဲ့။ နောက် မန္တလေး တိရိစ္ဆာန်ဥယျာဉ်က ကျားတွေ၊ ခြင်္သေ့တွေ စတဲ့ အသားစားသတ္တဝါတွေကို အသားဖိုးမတတ်နိုင်တော့ အဲဒီခွေးဂေဟာက ခွေးတွေကို သတ်ပြီးကျွေးတာတဲ့။ နောက် ဝန်ထမ်းတွေက အဲဒီ ခွေးသားတွေကို ဈေးပေါ်ပေါ်နဲ့ ဆိတ်သားကင်လို့ ရောင်းတဲ့လူတွေဆီ ပြန်သွင်းတာတဲ့။ ကျွန်တော့ သူငယ်ချင်းက အဲလိုပြောတယ်။ နောက်ပိုင်း အဲဒီဆိတ်သားကင်ဆိုတာကို မစားတော့ဘူး…. ဟုတ်မဟုတ်တော့ မသိဘူးဗျာ။ အဲဒီလို အထူးအဆန်းတွေတော့ ပေါ်ပေါ်လာတတ်တာဘဲ။

    Reply

  • leo

    October 30, 2010 at 4:32 am

    ဖြစ်တက်ပါတယ် ….. ချမ်းတာကို အချမ်းပြေအောင် သမင်သားစားရအောင်လည်း သမင်သားမှအဲ့လောက်မပေါတာ အဲ့တော့ ခွေးသားကိုအစားထိုးစားကြတာပဲလေ ….. ဒီနိုင်ငံဓလေ့နဲ့မတူတာကို ဘာလို့များ ရှုံ့ချနေတာလည်းသိဝူး ……

    Reply

  • kai

    August 24, 2013 at 3:49 pm

    ခွေးမှောင်ခိုခေတ်စားနေတာနဲ့.. လွန်ခဲ့တဲ့…၃နှစ်လောက်ကပို့စ်လေး… အမှတ်တရပြန်တက်လာအောင်လုပ်တာပါ…
    ဝေမမတယောက်… ဘာပြောမလဲမသိ…

    ဆိုတော့…
    ခွေးများကိုကြပ်တင်၍အိပ်စ်စပို့လုပ်ရေး.. ဒို့အရေး.. :mrgreen:

    Reply

  • cobra

    August 24, 2013 at 6:07 pm

    အမငီးးး
    အသည်းယားလိုက်ထှာအေ…..
    စားဖူးတဲ့သူတွေကတော့ကောင်းတယ်လို့ပြောတာပဲ

    Reply

  • ခရီးသည်ကြီး

    August 24, 2013 at 10:58 pm

    ​သိရင်​​တော့ မစားဘူး
    မသိပဲ စားခဲ့တာ အကြိမ်​ကြိမ်​
    ​နောက်​ပိုင်​း မသိချင်​​ယောင်​​ဆောင်​ပီး 🙂 :mrgreen:

    Reply

Leave a Reply to ခရီးသည်ကြီး Cancel Reply

Your email address will not be published.