Yangtze River Cruise, China

weiweiOctober 27, 20105min07

မနေ့က လီမြစ်ကို ပြခဲ့လို့ ဒီနေ့တော့ ရန်စီမြစ်ကို ထပ်ပြီးတင်လိုက်ပါတယ်။ ရန်စီမြစ်က တရုတ်ပြည်ရဲ့ ဒုတိယအရှည်ဆုံးမြစ်ပါတယ်။ မြစ်ကိုအစအဆုံးသင်္ဘောစီးမယ်ဆိုရင်တော့ ၁၂ ရက်ခရီးစဉ်ကိုရွေးရမှာဖြစ်ပြီး ဈေးလဲအလွန်ကြီးတာကြောင့် အလှဆုံးနေရာကိုပဲ သွားကြည့်ခဲ့ပါတယ်။ စုစုပေါင်း သင်္ဘောပေါ်မှာ ၃၆ နာရီ စီးခဲ့ရပါတယ်။ ဟူးပေပြည်နယ်က အကြီးမားဆုံးရေအားလျှပ်စစ်ထုတ်လုပ်ပေးနေတဲ့ ဆည်ရှိတယ့်မြို့ဖြစ်တဲ့ ရီချန် (Yichang) ကနေ သင်္ဘောစစီးခဲ့ပါတယ်။ သင်္ဘောကတော့ 2 stars အဆင့်ရှိတဲ့ သာမန်အပျော်စီးသင်္ဘောနဲ့ပါ။ ည ၈ နာရီမှ စထွက်လို့ ဘာမှမမြင်ရဘဲနဲ့ အိပ်ပြီးလိုက်သွားရပါတယ်။ မိုးလင်းလို့ မျက်စိဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ ရှုခင်းတွေကတော့ ရင်သတ်ရှုမောပါပဲ။ တော်တော်အံ့ဩမိတာကတော့ မဆုံးနိုင်အောင် မြင်နေရတာကိုပါပဲ။ မိုးလင်းကနေ မိုးချုပ်သွားသည်အထိ အဆက်မပြတ်မြင်တွေ့ရတဲ့ တောင်တန်းတွေ တောင်ပေါ်မြို့တွေက တော်တော်လေးကို မျက်စိအမြင်ကို သာယာအေးချမ်းစေပါတယ်။ ပထမဆုံးပုံထဲက ရှုခင်းနေရာကတော့ တရုတ်ပိုက်ဆံ ၁ဝ တန်ရဲ့နောက်ကျောကရှုခင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လကမှ သွားလည်ဖြစ်ခဲ့တာပါ။ ကျွန်မကတော့ ဘယ်အချန်ခရီးထွက်ထွက် မိုးနဲ့ချည်းတိုးတာများပါတယ်။ အဲဒီနေ့ကလဲ မိုးဖွဲဖွဲရွာပါတယ်။  မြစ်ရေကလဲ ထူးဆန်းပါတယ်။ မနက်ပိုင်းစမြင်ကာစက နောက်ကျိနေတဲ့ မြေနီရောင်တွေ .. ပြီးတော့ တဖြည်းဖြည်းနဲ့ ကြည်လင်လာပြီး နောက်ဆုံးကျွန်မတို့ရောက်သွားတယ့် ရှန်နုံချောင်း (shennong stream) မှာတော့ ရေက ခပ်သောက်လို့ရလောက်အောင်ကို ကြည်လင်သန့်ရှင်းနေပါတယ်။ ချောင်းထဲကိုတော့ လက်နဲ့လျှော်ခတ်တယ့် လှေလေးတွေနဲ့လိုက်ပို့ပေးပြီး တိုင်းရင်းသားကောင်မလေးတစ်ယောက်က ရိုးရာဝတ်စုံနဲ့ သူတို့ဒေသအကြောင်းရှင်းပြပြီး ရိုးရာသီချင်းသီဆိုပြပါတယ်။ ချောင်းရယ် လှေရယ် တောတောင်ရေမြေတွေရယ်နဲ့ တိုင်းရင်းသူလေးနရဲ့သီချင်းသံတွေဟာ အရမ်းကို လိုက်ဖက်ညီလှပြီး စိတ်ခံစားချက်ကို အေးမြကြည်လင်လန်းဆန်းစေပါတယ်။ ကျွန်မရဲ့အဖေကတော့ အဲဒီခရီးကို သူ့တစ်သက်မှာ မေ့မှာမဟုတ်ဘူးဆိုပြီး အလွန်အားရကျေနပ်သွားပါတယ်။ ကျွန်မကလဲ မြို့ပြတွေထက် သဘာဝပါတ်ဝန်းကျင်အလှတွေ ရေရှိတဲ့နေရာတွေကို နှစ်သက်တတ်လို့ အဲဒီခရီးစဉ်ကို အမှတ်တရရှိနေခဲ့ပါတယ်။

7 comments

  • ဆူး

    December 26, 2010 at 3:36 pm

    မြစ်ကျဉ်းတွေ တွေ့တယ်နော်။ လှေလောက်ဘဲ ဖြတ်ကြတာလား။
    ရာသီဥတာက အုံမှိုင်းမှိုင်းလေး မိုးတွင်းပိုင်းလား ဟင်။

    Reply

  • weiwei

    December 26, 2010 at 3:45 pm

    ရာသီဥတုက နွေရာသီ .. ဒါပေမယ့် မိုးရွာလေ့ရှိတယ် …
    မြစ်ကတော့ ဧရာဝတီမြစ်လိုပဲ ကျဉ်းလိုက် ကျယ်လိုက် … ရေနောက်နေတဲ့နေရာဘက်မှာတော့ သင်္ဘောအကြီးတွေလဲ ရှိတယ် … နောက်ဆုံး အရမ်းကြည်တဲ့နေရာဘက်ကတော့ လှေလောက်ပဲ သွားလို့ရတဲ့ အံ့ဩဖွယ်ရှုခင်းတွေတွေ့ရတယ် ..
    အဲဒီမှာ ထူးခြားတာက ရှေးဟောင်း အုတ်ဂူတွေ … ကျောက်နံရံမှာ ကပ်ပြီး မြှုပ်ထားကြတာ … မှန်ဘီလူးနဲ့ကြည့်မှ မြင်ရတယ် …

    သင်္ဘောပေါ်ကနေ ပတ်ဝန်းကျင်ကို ကြည့်ရတဲ့ ရှုခင်းက တော်တော်လေးလှတယ် …

    Reply

  • ဆူး

    December 26, 2010 at 4:17 pm

    ရှေးဟောင်း အုတ်ဂူတွေ ဘယ်လို မြုပ်ထားတာလဲ.. သူတို့ မှာ အယူ တခုခု များ ရှိလို့လား။

    Reply

  • weiwei

    December 26, 2010 at 4:20 pm

    မြှုပ်ထားပေမယ့် အုတ်ဂူတွေကို မြင်နေရတယ် … discovery channel မှာ တစ်ခါတွေ့လိုက်သေးတယ် … ကျောက်တောင်နံရံမှာ ကပ်ပြီး ကြိုးနဲ့သိုင်းထားသလိုမျိုးပဲ …

    Reply

  • ဆူး

    December 26, 2010 at 4:27 pm

    ကျောက်နံရံမှာ ကပ်ချည်တာ အဲဒီ ဘက်ကလား ဆူးက တိဘက် တို့လို နေရာမျိုးတွေ ထင်နေတာ.. အခေါင်းတွေ ကြိုးနဲ့ တန်းလန်းကြီး ချည်တာမျိုး မြင်ဘူးတယ်။ အဲဒါမျိုးလား ဟင်

    Reply

  • weiwei

    December 26, 2010 at 5:24 pm

    ဟုတ်တယ် .. ဆူးပြောသလိုမျိုးပဲ … ရန်စီမြစ်ဘေးက တောင်ကြီးတွေမှာ အဲဒီလို အုတ်ဂူတွေရှိတယ် .. အခုတော့ နဲနဲပဲ ကျန်တော့တယ် .. အင်တာနက်ကနေ လင့်ရှာတာ တရုတ်စာလုံးမေ့နေလို့ ရှာမရတာနဲ့ မပြနိုင်ဘူးဖြစ်သွားတယ် ….
    ကင်မရာက ဇွန်းမကောင်းတော့ ရိုက်ထားတာ မသဲကွဲဘူးဖြစ်နေတာနဲ့ မတင်လိုက်တာ ….

    Reply

  • ဆူး

    December 26, 2010 at 5:39 pm

    နောက်နေ့မှ အေးအေးဆေးဆေး ရှာပြီး ပြ.. စောင့်နေမယ်နော် အမ ပြောတဲ့ ပုံပြင် နားထောင်ချင်လို့။

    Reply

Leave a Reply

Your email address will not be published.