wunnaApril 2, 20101min03

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကုန်သည်လမ်းနဲ့ လမ်း ၃ဝ နားမှာ အဆောက်အဦး တစ်ခု ပြိုကျခဲ့ပါတယ်။ အဲဒီ့ ပြိုကျမှုကြောင့် မိန်းကလေး တစ်ဦးသေဆုံးပြီး လူတစ်ချို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီ့ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာမှ နေပြီး လူနေရန် မသင့်တော်တော့သည့် အဆောက်အဦးများကို လိုက်လံ စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့စိစစ်မှုများလုပ်ပြီးနောက် လူနေထိုင်ရန် မသင့်တော်သော အဆောက်အဦးဟု စည်ပင်သာယာမှ သတ်မှတ်ပါက ၃ ရက်အတွင်း ဖယ်ရှားပေးရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ၃ ရက်အတွင်း ဖယ်ပေးပါက နောင်တွင် သတ်မှတ်ထားတော မြို့အစွန်ရှိ နေရာများတွင် ပြန်လည်နေရာ ချပေးမည် ဖြစ်သော်လည်း ၃ ရက်အတွင်း မဖယ်ရှားပေးပါက အင်အားသုံးပြီး ဖယ်ရှားမည့်အပြင် အိမ်ယာ ပြန်လည်နေရာချထားခြင်းလည်း ပြုမည်မဟုတ်ဟု သိရှိရပါသည်။

ရန်ကုန်မြို့လည်တွင် အင်္ဂလိပ်ခေတ် ကပင် ဆောက်လုပ်ထားပြီး ထိုကဲ့သို့ လူနေထိုင်ရန် မသင့်တော်ဟု သတ်မှတ်ထားသော အဆောက်အဦးများ ရှိနေသည်မှာ နှစ်ကာလ အတော်ကြာပြီဖြစ်သည်။ သို့သော်လည်း ယခင် က ထိုကဲ့သို့ သတ်မှတ်ထားသော်လည်း စည်ပင် သာယာ ဝန်ထမ်းများကို လာဘ်ပေးပြီး ဆက်လက်နေထိုင်ခဲ့ကြသည်ဟု သိရှိရပါသည်။ သို့သော် ယခုအခါတွင် ထိုကဲ့သို့ ဆက်လက်နေထိုင်ခြင်း မပြုတော့ဟု သိရှိရသည်။

လမ်း ၃၀၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာ လမ်းရှိ တိုက်ခန်းတွဲ တစ်ခုကိုလည်း ယခုအခါ လူနေထိုင်ရန်မသင့်သဖြင့် ၃ ရက်အတွင်း ဖယ်ရှားခိုင်းရာ ၎င်းတိုက်တွင်နေထိုင်သူ တစ်ချို့၏ စကားသံများကိုဖော်ပြလိုက်ပါသည်။

အန္တရာယ်ရှိလို့ ပြောင်းခိုင်းတာကို လက်ခံပါတယ်။ ဒါပေမယ့် ၃ ရက်အတွင်း အပြီးပြောင်းခိုင်းတာတော့ လွန်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့က အနီးအနားမှာ ဆွေမျိုးအိမ်ရှိလို့တော်သေးတယ်။ အဲ့အိမ်ကို ခဏပြောင်းနေမယ်။ ပြီးမှ အိမ်ငှားဖို့ စီစဉ်ရမယ်။ သူတို့ နေရာချပေးမှာက ဘယ်တော့မှန်းမှ မသိတာ။

အန်တီတို့ကို အတင်းပြောင်းခိုင်းလို့သာ ပြောင်းရတယ်။ အတော် ဒုက္ခ ရောက်တယ်။ အိမ်က ချက်ချင်း ငှားလို့မရဘူး။

သမီးတို့ အမေ၊ အဖေ တွေ အတော်စိတ်ညစ်နေတယ်။ အမေဆို ငိုတောင် ငိုတယ်။ အိမ်ငှားစရာ ပိုက်ဆံက အဆင်မပြေဘူး။ အမျိုးတွေကလည်း လက်ခံမထားချင်ဘူး။

3 comments

  • poetic

    April 2, 2010 at 9:07 am

    ကြာခဲ့ပါပြီ ဒီသတင်းတွေကတော့…. ထူးဆန်းမှ လုပ်နော်

    Reply

  • wunna

    April 2, 2010 at 9:09 am

    အစ်ကို အခု သွားကြည့်ရင် ကျွန်တော်ပြောတဲ့ အဆောက်အဦးကလူတွေ ပြောင်းနေတာ တွေ့ရပါလိမ့်မယ်….

    Reply

  • susunosuki

    April 15, 2010 at 3:01 pm

    အေးဗျာ
    တိုက်ပြို တာကိုသတိထားဖို့ လုပ်နေတုန်း
    ဒီနေ့ ဗုံးကွဲလို့ ဆယ်ယောက်ကျော် ဆုံးတယ်။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.