အပျော်ရွှင်စေဆုံး စကားတစ်ခွန်း

စေနOctober 21, 20101min08

အပျော်ရွှင်စေဆုံး စကားတစ်ခွန်း

တီဗီအသံလွှင့်ဌာနတစ်ခုက အစီအစဉ်လေးတစ်ခု ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ “အပျော်ရွှင်စေဆုံးစကားတစ်ခွန်း” တောင်းဆိုတဲ့ အစီအစဉ်ဖြစ်တယ်။ ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ ပလူပျံခဲ့တယ်။ စာတွေအများကြီးထဲမှာ နောက်ဆုံး “နင်အိပ်နေ.. ငါထမယ်” ဆိုတဲ့ စကားတစ်ခွန်းက ပထမရသွားခဲ့တယ်။

“နင်အိပ်နေ.. ငါထမယ်” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့် မိန်းမဖြစ်သူက အိမ်မူူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ခဲ့တယ်။

ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။ အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။ ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား ကလေးငယ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်။

ကလေးငယ် အသက်ရှင်ကျန်းမာဖို့ မျှော်လင့်ရင်း ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ၊ ရဲစွမ်းသတိ္တတွေ ဖြည့်ခဲ့ကြတယ်။ အလုပ်ကပြန်လာတိုင်း ယောက်ျားဖြစ်သူဟာ အိမ်ထဲမဝင်ခင် ရှုပ်ပွနေတဲ့ဆံပင်၊ အင်္ကျီတွေကို သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို လန်းဆန်းတက်ကြွတဲ့ အသွင်ဆောင်ပြီးမှ တံခါးခေါက်လေ့ရှိတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့ အိမ်အပြန်ခြေသံကိုကြားတာနဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာထားကိုပြင်၊ ဖရိုဖရဲ ဆံပင်၊ အင်္ကျီတွေကိုပြင်ပြီးမှ တက်ကြွတဲ့အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့်ကြိုဆိုလေ့ရှိတယ်။

တစ်နေ့မှာ တံခါးအပြင်က ယောက်ျားဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို မိန်းမသိသွားခဲ့တယ်။ ဒါပေမယ့်လည်း မျက်ရည်စီးကြောင်းတွေကို အမြန်ဖျက်ပြီး အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့် သူကြိုခဲ့ပါတယ်။ လင်ယောက်ျားကို ပိုသနားကြင်နာမိတဲ့ မိန်းမဟာ ညအခါ ကလေးငိုချိန် သူဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ယောက်ျားကို မနှိုးရက်ဘဲ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်ထပြီး ကလေးကိုချော့မြူခဲ့တယ်။

မိန်းမရဲ့လျှို့ဝှက်ချက်ကို ယောက်ျားသိသွားပြီးတဲ့နောက် မိန်းမကို ပိုဂရုစိုက်ကြင်နာခဲ့တယ်။ ညမှာ ကလေးလေးငိုတာနဲ့ သူချက်ချင်းထတတ်ပြီး မိန်းမကို “နင်အိပ်နေ.. ငါထမယ်” ဆိုပြီး ပြန်အိပ်ခိုင်းစေခဲ့တယ်။ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်က ညတိုင်းလိုလို ဂျီကျငိုယိုတော့ လင်ယောက်ျားရဲ့ အဲဒီစကားတစ်ခွန်းကိုလည်း ညတိုင်းလိုလို မိန်းမကြားခဲ့ရတယ်။

ဇာတ်လမ်းကို အစီအစဉ်တင်ဆက်သူ ပြောအပြီးမှာ ပရိသတ်ကြားကနေ တစ်ခေါင်းလုံး ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ လင်မယားနှစ်ဦး တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ထရပ်တယ်။ မိန်းမဖြစ်သူက ရစ်ဝဲနေတဲ့မျက်ရည်နဲ့ ပရိသတ်ဖက်လှည့်ပြီး “ဇာတ်လမ်းထဲက ယောက်ျားဟာ သူပါ။ ကျွန်မတို့ အိမ်ထောင်သက် ၅၈နှစ်ရှိပါပြီ။ အဲဒီစကားတစ်ခွန်းက ကျွန်မရင်ကို ခုထက်ထိ နွေးထွေးစေပါတယ်” လို့ပြောတယ်။

မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားက သွားမရှိတော့တဲ့ ပါးစပ်ကိုဟပြီး ရယ်တယ်။ ပရိသတ်အများရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ဥလေးတွေ တွဲခိုနေခဲ့တယ်။

“အပျော်ရွှင်စေဆုံး စကားတစ်ခွန်း”က တကယ်တော့ ကျွန်တော်တို့ရင်ဘတ်ထဲကနေ ထွက်လာတဲ့ စစ်မှန်တဲ့ အပြုအမူလေးတစ်ခုဖြစ်တယ်။ အဲဒီအပြုအမူလေးတစ်ခုက ချစ်ခြင်းမေတ္တာကို နှိုးဆွနိုင်ခဲ့တယ်။ လောကကြီးကို ချစ်ခြင်းရနံ့တွေ ဖြန့်လွှင့်ပြီး မွှေးကြိုင်စေခဲ့ပါတယ်။

သင့်ရဲ့အပျော်ရွှင်စေဆုံး စကားတစ်ခွန်းက ဘာလဲ? (ချရေးကြည့်ပါ)
သူ့အတွက် အပျော်ရွှင်စေဆုံး စကားတစ်ခွန်း သင်ပြောခဲ့ပြီးပြီလား?

http://www.greenland-book.com/bbs/viewthread.php?tid=638

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

8 comments

  • ဆူး

    October 21, 2010 at 11:30 am

    ဇတ်လမ်းလေး ကောင်းတယ်။ အပျော်ရွှင်စေဆုံး စကား ဆိုတာ အခုထိ မရှိသေးဘူး

    Reply

  • kyansitthar101

    October 21, 2010 at 1:43 pm

    ကျနော်လဲ အပျော်ရွှင်ဆုံး စကား ဆိုတာ မကြားဖူးသေးဘူး။
    သူများကိုလဲ ပျော်အောင် ပြော မပေး ခဲ့ဖူးလို့ ဖြစ်မှာပေါ့။

    Reply

  • ghost

    October 21, 2010 at 3:45 pm

    ဗိုလ် သန်းရွှေ တို့အုပ်စု မြေမျိုသွားပြီ ကြားရင် ဘယ်နစ်ယောက်လောက် ပျော်မလဲ???`………

    Reply

  • Gong Zhu

    October 21, 2010 at 5:16 pm

    အရမ်း အရမ်းကိုကောင်းပါတယ် … လင်မယားတိုင်း ဒီလို ချစ်တတ်ရင် သိပ်ကောင်းမှာပဲနော် …

    Reply

  • bigcat

    October 21, 2010 at 10:46 pm

    ငယ်ငယ်တုန်းက အပျော်ရွှင်စေဆုံး စကားဆိုတာ အမေကဒီနေ့ သားသိပ်နေမကောင်းလို့ ကျောင်းမသွားချင် မသွားနဲ့ ဆိုတဲ့စကားပါ။ ကြီးလာတော့ ပုံမှန်အကြောင်းတခုခု ဥပမာ ရာသီဥတုဆိုးလို့ အလုပ်ရှင်ကနေ အိမ်စောပြန်ခွင့်ပေးတဲ့ စကားမျိုးဖြစ်သွားပါတယ်။

    Reply

  • Van Sithu

    October 21, 2010 at 11:08 pm

    အရမ်းကောင်းတဲ့ ပို့စ်လေးပါ။လောကကြီးမှာ အရေးအကြီးဆုံးဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ပါပဲ။

    Reply

  • winyungwe

    October 22, 2010 at 3:51 am

    ဒီစာသားလေးကနေ…….

    ချစ်သူအတွက်……………….
    ဘာပဲဖြစ်ဖြစ်………..ဘယ်လိုအရာတွေနဲ့ပဲ
    ကြုံတွေ့ပါစေ……………………..
    ပျော်ရွှင်ဆုံးစကားတခွန်းပြောချင်ပါတယ်….
    အမြဲတမ်းချစ်နေပါမယ်လို့……………………………………..

    Reply

  • etone

    October 22, 2010 at 4:04 am

    တစ်ယောက်နဲ့တယောက် အပြန်လန်နားလည်ရင် ပျော်ရွင်တဲ့ဘဝတွေကို ဖန်တီးနိုင်ပါတယ် ။

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.